သန်းခေါင်စာရင်း ဥပဒေဟောင်းကို ရုပ်သိမ်း၊ ဥပဒေကြမ်း အသစ်ထုတ်ပြန်
ဓာတ်ပုံ ASSOCIATED PRESS
ရန်ကုန် (မဇ္ဈိမ) . ၁၀ရက်နေ့ ဒီဇင်ဘာ ၂၀၁၂ —- ၁၉၇၂ ခုနှစ်၊
ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို ရုပ်သိမ်း၍
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်း ကို ပြည်သူအများ
သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က
ပြည်တော်စုလွှတ်တော် က နိုင်ငံပိုင် မီဒီယာ များမှတဆင့် ဖေါ်ပြလိုက်သည်။
ဥပဒေကြမ်း ပုးမ ၄ အရ “သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ
စီချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်အတွက် ကုလသမဂ္ဂ
စာရင်းအင်းကော်မရှင်က ကမ္ဘာတဝှန်း အတည်ပြုသတ်မှတ်ထားသောမူများ၊
အကြံပြုချက်များအား ထည့်သွင်းဆောင်ရွက်ရမည်” ဟု ပါရှိသည်။
ထိုဥပဒေအရ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ဗဟို သန်းခေါင်စာရင်း
ကော်မရှင် ဖွဲ့စည်းရမည်ဖြစ်ပြီး သမ္မတ က ခန့်အပ်မည့် ဒု-သမ္မတ တဦးက နာယက
လုပ်ကာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးက အတွင်းရေးမှူးအဖြစ်
ဆောင်ရွက်မည် ဖြစ်သည်။ ထိုမှတဆင့် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်
ရပ်/ကျေး ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်သည်။ တာဝန်ခံအရာရှိအဖြစ်မူ
ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးအား ခန့်အပ်မည်ဖြစ်သည်။
အခန်း ၇ ခန်းပါ ဥပဒေကြမ်းတွင် ပုဒ်မ ၂၇ ခု ပါဝင်သည်။
၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီ က လွှတ်တော်တွင် ပြောဆိုထားသည်။
၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။

ခင်မျိုးသွယ်
No comments:
Post a Comment