ပြန်ကြားရေးဝန်ကြီးဌာနကရေး ဆွဲပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း များနှင့်သတင်းမီဒီယာ အဖွဲ့အ စည်း များက ကန့်ကွက်ပြီး ပြန်လည်ရုပ်သိမ်းရန် တင်ပြခြင်း။
Committee For Freedom of Press
(Myanmar)
သို့/
ဦးခင်အောင်မြင့်
နာယက
ပြည်ထောင်စုလွှတ်တော်
ရက်စွဲ- မတ်လ ၁၄၊ ၂၀၁၃ ခုနှစ်။
အကြောင်းအရာ။ ။ ပြန်ကြားရေးဝန်ကြီးဌာနကရေး ဆွဲပြီး
ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း၊
နိုင်ငံရေးအဖွဲ့အစည်းများနှင့်သတင်းမီဒီယာ အဖွဲ့အစည်း များက ကန့်ကွက်ပြီး
ပြန်လည်ရုပ်သိမ်းရန် တင်ပြခြင်း။
ပြန်ကြားရေးဝန်ကြီးဌာနက
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို အစိုးရပိုင်
သတင်းစာများတွင် ထည့်သွင်းဖော်ပြပြီးနောက် ပြည်သူ့လွှတ်တော်သို့
ဥပဒေကြမ်းအဖြစ် တင်သွင်းလိုက်ပါသည်။
အဆိုပါဥပဒေကြမ်းတွင်
စတ္ထုမဏ္ဍိုင်သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းရယူခွင့်၊
သတင်းဖော်ပြခွင့်နှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်ခွင့်ကို
ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားခြင်းဖြင့်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နောက်ကြောင်းပြန်လှည့်လိုသော
မရိုးသားသည့် ရည်ရွယ်ချက်များပါရှိသည့် ဥပဒေကြမ်းဖြင့် ထိပါးလာပါသည်။
ယင်းဥပဒေကြမ်းသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများကို
ရည်ရွယ်ပါသည်ဟု ဆိုထားသော်လည်း စာနယ်ဇင်းနှင့် သတင်းမီဒီယာ
လုပ်ငန်းများဖြစ်ကြသည့် သတင်းစာ၊ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကိုပါ
ထည့်သွင်းထားသည့်အပြင် ပုံနှိပ်ထုတ်ဝေခြင်းနှင့် လုံးဝ မသက်ဆိုင်သော
သတင်းအေဂျင်စီ၊ ၀က်ဆိုက်တို့ပါ အကျူံးဝင်စေရန် ပြဋ္ဌာန်းထားခြင်းဖြင့်
စတ္ထုမဏ္ဍိုင်စာနယ်ဇင်းသတင်းမီဒီယာများအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာန၏
လက်အောက်တွင် ထားရှိရေးဆိုသော မူဝါဒ၊ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ
တွေ့မြင်ရပါသည်။ ယင်းဥပဒေကြမ်းနှင့်ပတ်သက်သော အသေးစိတ်ခွဲခြမ်း
စိတ်ဖြာမှုများ ကို "ဥပဒေကြမ်းအပေါ် သုံးသပ်ချက်" တွင် ဖော်ပြထားပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင်
ပြန်ကြားရေးဝန်ကြီးဌာနသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့်
သတင်းစာနယ်ဇင်းမီဒီယာလုပ်ငန်းများကို ချုပ်ကိုင်နိုင်သော
အခွင့်အာဏာရှိခြင်း၊ ဥပဒေပြုရေး မဏ္ဍိုင် တခုကဲ့သို့ လိုအပ်သောဥပဒေ၊
စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြား
ချက်နှင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သော
ဥပဒေပြုခွင့်လုပ်ပိုင်ခွင့် များအပ်နှင်းထားခြင်း၊
တရားစီရေးမဏ္ဍိုင်တခုကဲ့သို့ စာနယ်ဇင်းသတင်းမီဒီယာများ၏
လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပိတ်သိမ်းနိုင်ခြင်း၊ ရုပ်သိမ်းနိုင်ခြင်း၊
ဆိုင်းငံ့နိုင်ခြင်းတည်းဟူသော ဆုံးဖြတ်အပြစ်ပေးပိုင်ခွင့်
အာဏာအပ်နှင်းထားခြင်းတို့ ကြောင့် စာနယ်ဇင်းသတင်းမီဒီယာများသည်
စတ္ထုမဏ္ဍိုင်အဖြစ် မရပ်တည်နိုင်တော့ဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော
အစိုးရပြန်ကြားရေးဝန်ကြီးဌာန၏ထိန်းချုပ်မှုအောက်တွင်သာ ရောက်ရှိနေပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းအပေါ်သုံးသပ်ဆွေးနွေးပွဲတစ်ရပ်ကို
မတ်လ ၁၂ ရက်နေ့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းဟိုတယ်တွင်
ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း(MJA) ၊
မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂ (MJU)၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN)၊
သတင်း လွတ်လပ်ခွင့် ကော်မတီ ၊ သတင်းဌာနများ၊ လူမှုရေးနှင့် နိုင်ငံရေး
အဖွဲ့အစည်းများဖြစ်ကြသည့် ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့၊ လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေး
ကော်မတီ(ပြည်တွင်း) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့အပြင် စာပေထုတ်ဝေရေး
လုပ်ငန်းရှင်များပါဝင်တက်ရောက်ခဲ့ကြပါသည်။
ယင်းဆွေးနွေးပွဲမှ
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းသည်
စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်း လွတ်လပ်ခွင့် ကိုပိတ်ပင်ပြီး
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အဟန့်အတားဖြစ်စေသည့်အတွက်
ပြန်လည်ရုပ်သိမ်း ပေးရန် ဆွေးနွေးပွဲတက်ရောက်သူများက
လက်မှတ်ရေးထိုးတောင်းဆိုကြပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင်ဖွဲ့စည်းပေးထားသော
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော
ပုံနှိပ်နှင့်သတင်းမီဒီယာဥပဒေကြမ်း မထွက်ပေါ်မီ ပြန်ကြားရေးဝန်ကြီးဌာနက
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းထုတ်ပြန် လိုက်ခြင်းဖြင့်
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်စတ္ထုမဏ္ဍိုင်တို့အကြား တည်ဆောက်ထားသော ယုံကြည်မှုကို
ဖျက်ဆီးလိုက်ခြင်းဟု ဆွေးနွေးပွဲတက်ရောက်သူများက လက်ခံကြပါသည်။
ထို့ကြောင့် သတင်းမီဒီယာများ၊
အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်နိုင်ငံရေးအဖွဲ့အစည်းများက တညီတညွတ်တည်း
ကန့်ကွက်နေသော ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း
လုပ်ငန်းဥပဒေကြမ်းသည် ပြည်သူ့ဆန္ဒမပါဝင် ဘဲ တစ်ဖက်သတ်ရေးဆွဲထားသော
ဥပဒေဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုင်းငံ့ခြင်း၊
ပယ်ဖျက်ခြင်း လုပ်ဆောင်ပေးနိုင်ရန် မေတ္တာရပ်ခံပါသည်။
No comments:
Post a Comment