Wednesday, March 13, 2013

ကြေးနီစီမံကိန်း မှန်မှန်ကန်ကန်လုပ်ရင် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဒေါ်စုပြော


ကြေးနီစီမံကိန်း မှန်မှန်ကန်ကန်လုပ်ရင် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဒေါ်စုပြော  


DVB News, 13March 2013  —– လက်ပန်းတောင် ကြေးနီစီမံကိန်းကို မှန်မှန်ကန်ကန်လုပ်သွားရင် ဒေသခံတွေအတွက် သာမက တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဆက်ပြီးလုပ်ဖို့ အကြံပြုတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီစီမံကိန်းဟာ ဒေသခံတွေအတွက်တင် မဟုတ်ဘူး။ မှန်မှန်ကန်ကန်လုပ်သွားရင် ကျမတို့ တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒါဆို ဆက်ပြီးလုပ်သွားဖို့ အကြံပြုတာ ဖြစ်ပါတယ်။ ကျမအတွက်လည်း ဘာအကျိုးကျေးဇူးမှ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်းကို ဆက်လုပ်ခြင်းအားဖြင့် အများကြီး အကျိုးကျေးဇူးတွေ ရှိလာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတ္တိရှိရှိနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။
“သတ္တိရှိရှိနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ရမယ်။ အပြောင်းအလဲဆိုတာ ဘယ်လိုမှ မပြောင်းချင်ပါဘူးလို့ ပြောလည်း ပြောင်းနေမှာပဲ။ တနေ့နဲ့တနေ့ ပြောင်းနေမှာပဲ။ မပြောင်းလို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မဖြစ်မနေ ဖြစ်ရမယ့် အပြောင်းအလဲတွေကို ကျမတို့ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်သွားရမယ်။ ရင်ဆိုင်တဲ့အခါမှာလည်း သတ္တိရှိရှိ ဉာဏ်အမြော်အမြင်နဲ့ ရင်ဆိုင်မယ်။”
ပြည်သူတွေအနေနဲ့ ဆန္ဒပြပွဲတွေကိုလည်း ခွင့်ပြုချက်တောင်းခံပြီးမှ ပြုလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဆန္ဒပြချင်ရင် တရားဥပဒေအရ ဆန္ဒပြပိုင်ခွင့် တောင်းပါ။ ဒေသခံ အုပ်ချုပ်ရေးပိုင်းကလည်း အာမခံထားပါတယ်။ တောင်းရင် ပေးပါမယ်။ မတောင်းဘဲနဲ့တော့ ဆန္ဒပြဖို့ မလုပ်ပါနဲ့။ ကျမကိုယ်တိုင်က ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြပွဲတွေ လုပ်ရင်တော့ ဥပဒေအရ အရေးယူပါလို့ အကြံပြုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တက်ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကိုလည်း မေးမြန်းခဲ့ပြီး ဒေသခံအမျိုးသမီးတဦးက ဒီစီမံကိန်းကိန်းကြောင့် အမျိုးသမီတွေဟာ အလုပ်ကိုင်အခက်ခဲကြုံရကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေ ရရှိရေး စတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေး ရရှိရေးအတွက် ဦးပိုင်ကုမ္ပဏီ၊ ဒေသခံ တာဝန်ရှိသူတွေ၊ တခြားတာဝန်ရှိသူတွေကိုလည်း ပြောကြားသွားမယ့်အကြောင်းနဲ့ အဓိက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းဖို့ တုံရွာသပိတ်စခန်းကနေ ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ လမ်းလျှောက်ချီတက်ခဲ့ကြပီး အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
အဓိကေတာင်းဆိုချက်တွေကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းရေး။ မီးလောင်ဗုံးဖြိုခွင်းမှုမှာ တရားခံကိုဖော်ထုတ်ပေးရေး။ လယ်တီဆရာတော်ကြီးရဲ့ သာသနိက အေဆာက်အအုံများကို လုံးဝမပြောင်းရွှေ့ပေးရေး။ နောက်တချက်က သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှာဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်နေရာတွေမှာ ပြုပြင်ထိန်းသိမ်းမှုအမြန်လာလုပ်ပေးရေး တို့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရ၊ ဦးပိုင်လီမိတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။