Thursday, November 22, 2012

ဒီမိုကရေစီစံနှုန်းဖြစ်သော မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အိုဘားမားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည့်အတွက် ဂျာနယ်လစ်များကြိုဆို


ဒီမိုကရေစီစံနှုန်းဖြစ်သော မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အိုဘားမားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည့်အတွက် ဂျာနယ်လစ်များကြိုဆို   PDF Print
Wednesday, 21 November 2012 10:15
AddThis Social Bookmark Button
နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြည်သူများ၏ အတူစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမည့်အစား အပြည့်အ၀ လေး စားပေးရမည်ဖြစ်ပြီး မီဒီယာအပေါ် ဆင်ဆာ လွှမ်းမိုးထားခြင်းကို ဆက်လက်ရုပ်သိမ်းပေးရ မည်ဖြစ်ကြောင်း အဆိုပါအဆင့်များကို ဖြတ်သန်းနိုင်သည်နှင့်အမျှ တိုးတက်လာမည်ဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြောကြားခဲ့သော မိန့်ခွန်း၌ ထည့်သွင်း ပြောကြား သွားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူ သမ္မတအိုဘားမားအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ဒီမိုကရေစီစံနှုန်းဖြစ်သော မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍  ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည့်အတွက် ပြည်တွင်းဂျာနယ်လစ်များက ကြိုဆိုခဲ့ကြပါသည်။
ဝါရင့်သတင်းစာဆရာကြီးတစ်ဦးဖြစ်သည့် ဟံသာဝတီဦးဝင်းတင်က သမ္မတ အိုဘားမား၏ ပြောကြားချက်ကို ၎င်းအနေဖြင့် သဘောတူညီကြောင်း မီဒီယာများအား လက်ရှိအနေအထားထက် ပိုမိုဖြေလျော့ပေးသင့်ပြီဖြစ်ကြောင်း ပြောကြားပါသည်။
'မီဒီယာလို့ပြောရင် နှစ်ပိုင်းရှိတယ်ဗျ။တစ်ပိုင်းက ရေးသားမှုအပိုင်း၊နောက်တစ် ပိုင်းက ရပ်တည်မှုအပိုင်း။ ရေးသားမှုအပြင် ရပ်တည်မှုလည်းရှိရမယ်။ ရပ်တည်မှုအပိုင်းမှာ ခက်ခဲနေမယ်ဆိုရင် သူတို့မှာ ပြဿနာ ရှိနိုင်တယ်။ ပုံစံလို့ ပြောရမှာပေါ့။ ပုဂ္ဂလိက ပုံစံလို့ပဲပြောပြော၊ ဂျာနယ်ပုံစံလို့ပဲ ပြောပြော ဒီပုံစံတွေ ချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေးဖို့လိုပါတယ်'ဟု ၎င်းကပြောပါသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တက်လမ်းဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က 'ဘာပဲဖြစ်ဖြစ် အိုဘားမားရဲ့မိန့်ခွန်းထဲက မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြောတာကို ထောက်ခံပါတယ်။ မီဒီယာလွတ်လပ်မှု ဖြည်းဖြည်းချင်းပိုရလာလိမ့်မယ်လို့လည်း ထင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်အတွက် ပုဂ္ဂလိက သတင်းစာတွေရှိဖို့လည်း လိုပါတယ်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ် ခုမှာ မီဒီယာလွတ်လပ်ခွင့်က အရေးကြီးဆုံးပဲလို့ ကျွန်တော်ထင်ပါတယ်'ဟု သုံးသပ်ပါသည်။
'ပုဂ္ဂလိကသတင်းစာတွေ ထွက်လာမယ်လို့ပြောတယ်။ ဒါဆိုရင် ပုဂ္ဂလိက သတင်းစာရဲ့ ရပ်တည်မှုအပိုင်းက ဘယ်လိုရှိမှာလဲ။ သူတို့က သူတို့အတွက် လမ်းထွင်ပြီး ကျန်တဲ့သူကို တားထားတုန်းပဲလို့မြင်တယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ အိုဘားမားပြောသွားတဲ့အပေါ် သဘောတူပါတယ်'ဟု ဟံသာဝတီဦးဝင်းတင်က ဆိုပါသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်သော ပုဂ္ဂလိကပိုင် သတင်းစာများထွက်ပေါ်လာရန် စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ မျှော်လင့်နေသော်လည်း မီဒီယာဥပဒေ ထွက်ပေါ်မလာသေးပဲ စာနယ်သမားများအား အလွယ်တကူဖမ်းဆီးနိုင်သည့် ၁၉၆၂ ပုံနှိပ်အက် ဥပဒေအပါအ၀င် စာနယ်ဇင်းသမားများအများဆုံး အရေးယူခံရနိုင်သည့် ဥပဒေများ တည်ရှိနေဆဲဖြစ်သည်။
'မီဒီယာကတော့ ကိုယ်တာဝန်ကိုယ်ယူပြီး လုပ်ရတဲ့အချိန်ကိုရောက်နေပြီ။ မီဒီယာကျင့်ဝတ်တွေလည်း ထွက်လာပြီ။ ဒီလို လွတ်လွတ်လပ်လပ် လုပ်ရတဲ့အချိန်ကျတော့ လုပ်တဲ့သူတွေမှာ တာဝန်အရှိဆုံး ဖြစ်သွားပြီ။ အစွန်းလွတ်ရမယ်။ ဘက်လိုက်မှု ကင်းရမယ်။ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရင် တိုင်းပြည်အတွက်လည်း ကောင်းတယ်။ ပြည်သူလူထုကိုလည်း အချိန်နဲ့တစ်ပြေးညီ လွတ်လွတ်လပ်လပ်ပေးနိုင်မယ်။ သမ္မတ အိုဘားမားပြောသွားတာကိုလည်း ထောက်ခံပါတယ်။ ကျင့်ဝတ်တွေ ထွက်လာတယ် ဆိုပေမယ့် ၁၉၆၂ ပုံနှိပ်ဥပဒေလည်းရှိနေတော့ နည်းနည်းပြန်အထူးပြုထားတဲ့ သဘောပါပဲ' မြန်မာတိုင်းမ်ဂျာနယ်အယ်ဒီ တာချုပ် ဦးဇော်မြင့်က သူ၏အမြင်ကို ပြောပါသည်။
'အိုဘားမားက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အားလုံးကို comment ပေးသွားတာတွေရှိတယ်။အသိအမှတ်ပြုသွားတာတွေရှိတယ်။ ဆက်လုပ်ရမယ့်ဟာတွေ ပြောသွားတာရှိတယ်။ အဲဒီထဲမှာ မီဒီယာလည်း အပါအ၀င်ပေါ့။ အခု အချိန်မှာ စာပေစိစစ်ရေးမရှိတော့ဘူးဆိုပေမယ့် ကျွန်တော်တို့ ဘာရင်ဆိုင်နေရသေးလဲဆိုရင် သတင်းလိုက်တဲ့အခါမှာ သတင်းထောက်တွေရဲ့ သတင်းသိပိုင်ခွင့်၊ ပြည်သူလူထုကို ပြန်ကြားပေးပိုင်ခွင့်ကို အဲဒါကိုနားမလည်တဲ့ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိလုပ်တာဖြစ်ဖြစ် အဲဒီထဲကတစ်ခုခုနဲ့ သတင်းထောက်တွေ တရားစွဲခံရတာတွေ ဥပမာအားဖြင့် ပိုင်နက်ကျူးလွန်မှုနဲ့စွဲတာတို့ ၀တ္တရား နှောင့်ယှက်မှုနဲ့ စွဲတာတို့အစရှိသဖြင့် ဒါတွေက ကြားနေရတယ်။ ဒါတွေကလည်း တစ်နည်းအားဖြင့် သတင်းလွတ်လပ်ခွင့် ပြည်သူလူထုရဲ့လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ မီဒီယာတွေရဲ့လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့် စတာတွေကို အဟန့်အတားဖြစ်စေတဲ့ ကိစ္စတွေပေါ့။ ဒါတွေကတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတာပေါ့၊ အိုဘားမားပြောတဲ့ စကားကိုတိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီးရင်ဆိုင်နေရတာပေါ့'ဟု The Voice Weekly Journal  အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါသည်။
Routers သတင်းဌာနမှ ဦးအောင် လှထွန်းက အိုဘားမား၏မီဒီယာနှင့် ပတ်သက်၍ပြောကြားချက်အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ပြည်တွင်းသတင်းစာနှင့် ပတ်သက်၍ မည်သည့် လုပ်ဆောင်ချက်မှ ထွက်ရှိမလာဘဲ ပြည်ပမှ အင်တာနေရှင်နယ် မီဒီယာများကိုသာ ကြိုဆိုနေ ခြင်းသည် မဟာဗျူဟာအမှားတစ်ခုဟု ထင်မြင်မိကြောင်း၊ ပြည်တွင်းရှိမီဒီယာများကို အရင်ပြုစုပျိုးထောင်ရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကသတင်းစာမှာ အရေးအကြီးဆုံးပင်ဖြစ်ကြောင်း၊ ဂျာနယ်လစ်တစ်ဦးချင်းစီ၏ အရည်အသွေးများသည်လည်း ထက် မြက်ရန် လိုအပ်လာကြောင်း၊ လွတ်လပ်သည့် အတွေးအခေါ်နှင့် လွတ်လပ်စွာ ရေးသားနိုင်ရန် တွန်းအားပေးလိုကြောင်း၊ အနှောင်အဖွဲ့များမလုပ်သင့်ဘူးဟု မိမိအနေဖြင့် ထင်မြင်ပါကြောင်းတို့ကို ဆက်လက်ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတတစ်ဦးအနေဖြင့် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော ပုဂ္ဂလိကသတင်းမီဒီယာ အခန်းကဏ္ဍ မကြာခင်ပေါ်ပေါက်လာဖွယ်ရှိသော်လည်း လက်ရှိအခြေအနေတွင်  မြန်မာနိုင်ငံ၏ မီဒီယာလောကအပေါ် ယခုထက်ပိုပြီး ပြောဆိုသင့်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။
'အမေရိကန်သမ္မတအိုဘားမားဟာ ကျွန်တော်တို့နိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ဂဃဏန သိပုံမရဘူးလို့ ထင်မိပါတယ်။ မီဒီယာတွေရဲ့ လူ့အဖွဲ့အစည်းအတွက် အရေးပါမှုနဲ့ နှိုင်းစာရင် သူပြောသွားတာက အပေါ်ယံဆန်လွန်းပါတယ်။ ဒီမီဒီယာတွေဟာ ဒီမိုကရေစီ အစိုးရနဲ့ လွှတ်တော်တွေကို ပြည်သူ့ဘက်ကရပ်ပြီး ရင်ဆိုင်နိုင်တဲ Fourth Pillar တွေဆိုတဲ့ဘက်ကကြည့်ရင် အိုဘားမားပြောသွားတာ အဖျားခတ်ရုံလောက်ပဲရှိတယ်လို့ မြင်ပါတယ်။ အိုဘားမားဟာ ကျွန်တော်တို့နိုင်ငံမှာ private ပိုင်ဆိုင်တဲ့၊ လွတ်လပ်တဲ့ သတင်းစာတစ်စောင်မှမရှိတာကို သိပုံမရပါဘူး။ နောက်သူဟာ မြန်မာနိုင်ငံမှာ private ပိုင်ဆိုင်တဲ့၊ လွတ်လပ်တဲ့ ရုပ်မြင် သံကြားလိုင်းမရှိဘူးဆိုတာ သိပုံမရပါဘူး။ နောက် private ပိုင်ဆိုင်တဲ့၊ လွတ်လပ်တဲ့ ရေဒီယို အစီအစဉ်တွေမရှိဘူးဆိုတာ သိပုံမရပါဘူး။ ဟိုးအရင်တုန်းက လူတချို့ သုံးနှုန်းခဲ့တဲ့၊ အခုထိလည်း သုံးနှုန်းနေဆဲဖြစ်တဲ့ မရှိတာထက်ရှိတာက ပိုကောင်းတယ် ဆိုတဲ့ဖက်ကကြည့်ရင်တော့ အိုဘားမားက မီဒီယာတွေနဲ့ ပတ်သက်လို့ ဘာမှမပြောတာထက် အခုလိုဆင်ဆာလွှမ်းမိုးထားတာတွေကို ဆက်လက်ရုတ်သိမ်းဖို့ ပြောတာကိုတော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ အမေရိကန်သမ္မတ တစ်ယောက်ဆီက မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဒီထက်ပိုကျယ်ကျယ်ပြန့်ပြန့်ပြောလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ သူပြောသွားတာက ဘယ်သူမဆို ပြောလို့ရနိုင်တဲ့ စကားမျိုးပါ။ အမေရိကန် သမ္မတ တစ်ယောက်အနေနဲ့ ဒီထက်ပိုပြောသင့်တယ် ထင်ပါတယ်'ဟု ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကလည်း ဆိုပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် အရပ်သား အစိုးရပေါ်ပေါက်သည်မှာ နှစ်နှစ်နီးပါးရှိ သော်လည်း လူထုထံအဓိက သတင်းရောက်ရှိနိုင်သည့် သတင်း ဖြန့်ချိရာနေရာ (Mainstream Media) သုံးခုလုံးအား အစိုးရ၊ အစိုးရနှင့် နီးစပ်သော ခရိုနီများကသာ ချုပ်ကိုင်ဆဲဖြစ်သည်။ Online Media  ၏ အခြေခံအင်တာနက်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ခရိုနီများနှင့်ဖက်စပ်ပြုလုပ်ထားသော ရတနာပုံတယ်လီပို့တ်က ချုပ်ကိုင်ထားပြီး အီလက်ထရောနစ် မီဒီယာဖြစ်သည့် ရုပ်သံနှင့် ရေဒီယိုကိုလည်း အစိုးရနှင့် အစိုးရဖက်စပ် ခရိုနီများကသာ ချုပ်ကိုင်ထားသည်။ ပုံနှိပ်မီဒီယာ၌လည်း နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာလုံးဝမရှိဘဲ မည်သည့်နိုင်ငံတွင်မှ မရှိသော အပတ်စဉ်ထုတ် ပုဂ္ဂလိကသတင်းဂျာနယ်များကိုသာ ခွင့်ပြုထားသည်။
'အဓိကသတင်းဖြန့်ချီတဲ့ မီဒီယာ (Mainstream) သုံးခုလုံးကို ထိန်းချုပ်ပြီး အစိုးရက ဥပဒေအမျိုးမျိုးရေးဆွဲပြီး ထပ်ချုပ်ကိုင်ဖို့ လုပ်သလိုမျိုးဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်ကြားရေးဝန်ကြီးနေရာလဲရုံလောက် အပြောင်းအလဲမလိုပါဘူး။ အခုပြန်ကြားရေးဝန်ကြီးသစ်က လူမှန်၊ လူကောင်းဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ သမ္မတကို မီဒီယာအကြံပေးနေတဲ့ လူတချို့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနထဲ အာဏာရှင်စနစ်ကို ဖက်တွယ်ချင်နေတဲ့ အရေခြုံ တချို့ရဲ့စကားကို သမ္မတနဲ့အစိုးရ အဖွဲ့နားယောင်ရင်တော့ အစိုးရနဲ့ မီဒီယာ နားလည်မှုလွဲသွားလိမ့်မယ်။ PSM (Pu-plic Service Media) ဆိုတာ ကျွန်တော်တို့ အခွန်ထမ်းနေတဲ့ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးပစ်တဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြနိုင်ပါတယ်။ အစိုးရအဖွဲ့ရော၊ လွှတ်တော်အနေနဲ့ပါ အိုဘားမားပြောသလို ဒီမိုကရေစီစနစ်ကို တကယ်သွားမယ်ဆိုရင် Mainstream Media  တွေကို ဒီလိုချုပ်ကိုင်ထားတာကို ဖယ်ရှားပေးသင့်ပါတယ်' ဟု Eleven Media Group  CEO  ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

Comments 

0 #2 Red youth 2012-11-22 21:04
No man perfect.
+1 #1 Snipher 2012-11-22 10:57
မီဒီယာလွတ်လပ်ခွင်နှင့်အတူ လူ့တစ်ယောက်ရဲ့ အနုပညာ ဖန်တီးမှု မူပိုင်ခွင့်ပုံရိပ်များကို မဂ္ဂဇင်းနှင့်ဂျာနယ်တိုက်များက
လွတ်လပ်စွာ ၀ယ်ယူသုံးစွဲကြစေလိုပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။