“ ကောင်းမွန်သော အစိုးရ၊သန့်ရှင်းသော အစိုးရ၏ ဇာခန်းဆီးနောက်ကွယ်မှာ ”
image - rigzone.com
Messenger News Journal, 21 November 2012 — (ဆောင်းပါး) ပင်ခြေယှက်၍ နွယ်ချင်းခက်သော် အမည်ရှိသီချင်းကို ငယ်စဉ်ကတည်းက ကြားဖူးခဲ့ နှစ်သက်ခဲ့သည် ထိုသီချင်းထဲမှ “လူဆိုသည်မှာ တစ်ဦးတစ်ယောက်ထဲခွဲထွက်မနေသာ ” ဟူသော စကားပိုဒ်က ကျွန်တော့်ရင်ကို အထိခတ် ဆုံး အစိတ်အပိုင်း ဖြစ်သည်။
(တစ်ချို့သောအာရုံလွန်ပုဂ္ဂိုလ်များကတော့ ဤသီချင်းကို ပေါ်လစီသီချင်း ၊ ၀ါဒဖြန့်သီချင်း ၊ မှိုင်းတိုက်သော သီချင်းဟု ပုဒ်မတပ်ကြသည် ၊ အသုံးချသူတို့နှင့် ခံစားရသူတို့ အကြား ပဋိပက္ခကြောင့်ဖြစ် ပါလိမ့်မည်)။ အရွယ်ရောက်လာတော့လည်း “လူသည် အစုအစည်းဖြင့်နေသော သတ္တ၀ါဖြစ်သည်” (Man is the social animal) ဆို သည့် အင်္ဂလိပ်ဆိုရိုးစကားက ရင်ထဲတွင် ၀င်ရောက်နေရာယူလာသည် ။ အမိအဖ ၊သားသမီး ၊ ညီအကိုမောင်နှမ ၊ ဆွေမျိုး သားချင်း ၊ မိတ်ဆွေ အပေါင်းအသင်း ဆရာတပည့် စသည်တို့နှင့် ကင်းကွာ၍ မရသော လူသားတစ်ဦးအနေဖြင့် ထိုသီချင်း ကလေးကို အမြဲဆိုမိသည် ၊ ထိုစကားပုံကလေးကို အမြဲစွဲမှတ်နေမိသည် ။
ကမ္ဘာဦးအစကပင် လူသားတို့သည် အစုအဖွဲ့ဖြင့် နေထိုင်ခဲ့ကြသည် ။ ထိုအချိန်မှစတင်လျက် လူ့အဖွဲ့အစည်း သည် အမြဲတစေ ပြောင်းလဲမှုများဖြစ်ပေါ်နေခဲ့သည် ။ ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ်မှသည် သတ္တုစပ်ခေတ်သို့၊ တိုက်တေနီယမ် ၊ယူရေနီယမ် ၊ ပလူတိုနီယမ် ခေတ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ရွေ့လျားပြောင်းလဲခဲ့ပြီ ။ အမိအုပ်စိုးသော ခေတ်၊ အဖအုပ်စိုးသောခေတ် တို့မှသည် စစ်ဘုရင်ခေတ် ၊ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊အာဏာရှင်ခေတ် တို့ကို ဖြတ် သန်း၍ ပြည်သူ့အာဏာ(ဒီမိုကရေစီခေတ်)သို့ ချဉ်းနင်းဝင်ရောက်လာနိုင်ခဲ့ကြပြီဖြစ်သည်။ ကျောက်ဂူနံရံတွင် ရုပ်ပုံများ သင်္ကေတများ ရေးခြစ်ခြင်းမှသည် သစ်ရွက် ကျူရိုး တို့ပေါ်တွင် စာပေရေးသား ခဲ့ကြပြီး ၊ ကာလကြာမြင့်စွာ စက္ကူပေါ်တွင် စာရေးပုံနှိပ်နိုင်သည့်အဆင့်မှသည် ယခုအခါ လေမော်လီကျူးများနှင့် လျှပ်စစ်သံလိုက်စက်ကွင်းများပေါ်တွင် စာရေးသည့် ပုံနှိပ်သည့်ခေတ်သို့ ပြောင်းလဲရောက်ရှိခဲ့ကြပြီဖြစ်ပါသည် ။တစ်နေရာမှ တစ်နေရာသို့ ခြေမြန်တော်ဖြင့်၊ မြင်းသည်တော်ဖြင့် ၊ ခိုဖြင့် သတင်းပေးပို့ရသည့် ခေတ်များမှသည် ကြေးနန်းစာဖြင့် ၊ ဖက်စ်ဖြင့် စာပို့သည့်ခေတ် အီးမေးလ် ခေတ်သို့ ရောက်လာခဲ့ပါပြီ ။
တိရိစ္ဆာန်တို့သည် ပတ်ဝန်းကျင်သဘာဝကိုလိုက်၍ ၎င်းတို့ပင်ကိုယ်သဘာဝအား လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲသည်။ အေးသောဒေသ တွင်နေထိုင်သည့် တိရိစ္ဆာန်သည် ကိုယ်ခန္ဓာတွင် အမွေးထူများ ၊ အမွှေးရှည်များ၊ အဆီ ပြင်များ ပေါ်ပေါက်လာရသည် ။ အပူပိုင်း ဒေသမှ တိရိစ္ဆာန်သည် အမွှေးပါးသည် ၊ အရေပြားပါးသည်၊ အဆီပြင်နည်းသည် ။ လူဟူသည်မှာ သည် ပတ်ဝန်းကျင်ကိုလိုက်၍ မိမိသဘာဝကို မပြောင်း ၊ သဘာဝကို မိမိနှင့် ကိုက်ညီမည့် ပတ်ဝန်းကျင် အဖြစ် ဖန်တီးယူသည် ။ လူ နှင့် တိရိစ္ဆာန်တို့တွင် သိမှတ်တတ်သော အသိတရားကိုယ်စီ ရှိကြသော်လည်း ၊ လူကညဏ်ရည်သာလွန်သည် ။ အသိသည်ဖန်တီးနိုင်စွမ်းမရှိ ၊ ညဏ်ကသာ ဖန်တီးနိုင်စွမ်း ရှိသည်။ လူသည် အသိကို ညဏ်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်၊ အခြားတိရိစ္ဆာန်တို့၌ ထိုသို့သောအစွမ်းသတ္တိမရှိ ။ ဤသို့ဖြင့် ညဏ်ရှိသောလူသည် သတ္တလောကကိုလွှမ်းမိုးလျက် ပတ်ဝန်းကျင်ကိုဖန်တီးနိုင်သော စွမ်းအားရှိသူ ဖြစ်လာ သည်။
ကနဦးတွင် အရည်အချင်းတစ်စုံတစ်ရာရှိသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လူအဖွဲ့အစည်းကို ဦးဆောင် ခဲ့သည် ။ သူ၏ အရည်အချင်းသည် သူဦးစီးသော အဖွဲ့အစည်းကို တစ်စုံတစ်ရာသော အကျိုးကျေးဇူး ဖြစ်ထွန်းစေသည် ။
ရှေးအခါကာလက အဓိကကျသော အရည်အချင်းသည် ခွန်အားဖြစ်သည် ။ ခွန်အားကြီး သောသူက သူပါဝင်သော အစု အဖွဲ့ကို သူ့ခွန်အားဖြင့် အကျိုးပြုသည် ။ အမဲလိုက်ခြင်း ၊သဘာဝအန္တရာယ် များကိုရင်ဆိုင် အန်တုခြင်း ၊ မတူညီသော လူ့ အဖွဲ့အစည်းများအကြား နိုင်ထက်စီးနင်း ပြုမှုများ ၊ တိုက်ခိုက် သတ်ဖြတ်မှုများကို တွန်းလှန်ကာကွယ်ခြင်းတို့ကို ဦးဆောင် ဦးရွက်ပြုသည်။ ထိုသူသည် အဖွဲ့အစည်း၏ ဦးဆောင်သူဖြစ်လာသည်။ ထိုသူ၏ အရည်အချင်းသည် သူအုပ်ချုပ်သော အဖွဲ့အစည်းကို တိုးတက်ဖြစ်ပေါ်မှု များဆောင်ကြဉ်းပေးသည် ။ ထိုလူ့အဖွဲ့အစည်းဝင် တို့သည် ဦးဆောင်သူကို များစွာ ရိုသေလေးစားမှုကို ပေးကြသည် ။ သူတို့၏ ကံကြမ္မာကို ထိုဦးဆောင်သူ၏ လက်တွင်ပုံအပ်ထား ခဲ့ကြသည် ။
တဖြည်းဖြည်းနှင့် လူသားတို့ အစုအဝေးသည် ကျေးရွာ၊ မြို့ပြ ၊ နိုင်ငံ လူနေမှုစနစ် သို့ကူးပြောင်း လာခဲ့သည် ။ တစ်နေ့တစ်ခါ အမဲလိုက်၍ စားသောက်နေထိုင်ရာမှ တိရိစ္ဆာန်များကို အရှင်ဖမ်း၍ မွေးမြူရေး လုပ်တတ်လာကြသည် ၊ တစ်နေ့တစ်ခါ သစ်သီးဝလံများခူးဆွတ်၍ စားသောက် နေထိုင်ရာမှ စိုက်ပျိုးစား သောက်တတ်လာကြသည် ၊ သဘာဝ ကျောက်ဂူများတွင် နေထိုင်ရာမှ တဲအိမ်များဆောက်လုပ် နေထိုင်တတ် လာကြသည် ။ ထိုသို့ လူနေမှုစနစ်ပြောင်းလဲလာ သည်နှင့်အမျှ ဦးဆောင်သူတို့၏ အခန်းကဏ္ဍမှာ လည်း များစွာ ပြောင်းလဲလာသည် ။
ဦးဆောင်သူတစ်ယောက်အတွက် လက်ရုံးစွမ်းအား ရှိရုံမျှနှင့် မလုံလောက်တော့ဘဲ နှလုံးရည်စွမ်းအားပါ ပြည့်စုံရန်လိုအပ်လာသည် ။ ထိုသို့အဆင့်ဆင့် ပြောင်းလဲလာသည့် နောက်ပိုင်းတွင် အသိပညာ၊အတတ်ပညာသည် လူ့အဖွဲ့အစည်းကိုဦးဆောင်နိုင်သော အဓိက အရည် အချင်း ဖြစ်လာခဲ့သည် ။အရည်အချင်းနိမ့်ပါးသူလူအများစုက အရည်အချင်းမြင့်မားသူ တစ်ဦးတစ်ယောက်၊တစ်ဖွဲ့ (အ နည်းစု)ကို မိမိတို့ဘ၀ ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် မှီခိုအားထားခဲ့ကြရရာမှ အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံဟု ပေါ်ပေါက် လာခဲ့သည် ။ထိုသို့ မိမိတို့အသက်အိုးအိမ်စည်းစိမ်တို့အား ကာကွယ်စောင့်ရှောက်ပေးသည့်အတွက် အဖိုးအခအဖြစ် အုပ် ချုပ်သူအား အုပ်ချုပ်ခံတို့က မိမိတို့၏ရိက္ခာထဲမှတစ်ဖို့ကို ပေးဆက်ကြရသည် ။ ဤသို့ဖြင့် လူ့အဖွဲ့အစည်းကို စတင်ခဲ့ကြရာ နောက်နောင်တွင် အစိုးရ နှင့် ပြည်သူဟူသော ဆက်ဆံမှုပေါ်ပေါက် လာစေခဲ့သည် ။
အစိုးရနှင့် ပြည်သူဟု အုပ်ချုပ်ရေးစနစ်မပေါ်ပေါက်မီ ခေါင်းဆောင်နှင့် အဖွဲ့အစည်းဟု စတင်သန္ဓေတည်ခဲ့ ချိန်ကပင်၊ ဦးစီးဦးဆောင်သူ ပုဂ္ဂိုလ်သည် အဖွဲ့အစည်း၏ အကျိုးစီးပွား ၊ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ် စောင့်ရှောက်ရမည် ဆိုသောအချက်သည် ကျမ်းသစ္စာကျိန်ဆိုရန်မလိုဘဲ အလိုအလျောက် သဘောသက်ဝင်ပြီး ဖြစ်ပါသည် ။ အုပ်ချုပ်သူသည် အုပ်ချုပ်ခံတို့ကို ကောင်းစွာစီမံခန့်ခွဲရမည် ၊ သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရုံသာမက သူတို့၏အကျိုးစီးပွားတိုးတက်ရာတိုးတက်ကြောင်းကိုလည်း ဖန်တီးလုပ်ဆောင်ပေးရမည်သာ ဖြစ်ပါသည် ။
ဤအချက် သည် သမိုင်းတွင် အထင်အရှားဖြစ်ပါလျက် နောက်နောင်တွင် အုပ်ချုပ်သူတို့ဘက်မှ စတင်၍ စည်းကျိုးပေါက်ခဲ့သည် ။ အာဏာကို ယစ်မူးလာသည် ၊ အာဏာကို အလွဲသုံးလာသည် ။ပြည်သူတို့က အပ်နှင်းထားသည့်အာဏာကို ပြည်သူတို့ အား စောင့်ရှောက်ရန်အတွက်အသုံးမချတော့ဘဲ ပြည်သူတို့၏ မသိနားမလည်မှုတို့ကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုး အတွက် အသုံးချလာကြသည် ။ ပြည်သူတို့ကို ကျေးကျွန်သဖွယ် သဘောထားလာကြသည် ။ မိမိ၏ လုပ်ပိုင်ခွင့် အာဏာကို အသုံးချလျက် ပြည်သူတို့အကျိုးစီးပွားကို မိမိတို့ အကျိုးစီးပွား အဖြစ်သို့ ပြောင်းလဲရန်လုပ်ဆောင်လာကြသည် ။ ထိုသို့လုပ်ဆောင်ကြရာမှ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ် (ဘုရင်စနစ်) ၊ အာဏာရှင်စနစ်တို့ပေါ်ပေါက်လာရပေသည် ။
လက်ရုံးစွမ်းအားရှိသူတစ်ယောက်သည် နယ်မြေအပိုင်းအခြားတစ်ရပ်ကိုသာ လွှမ်းမိုးနိုင်ပြီး ပညာရှိ သောသူကသာ မိုးအောက်မြေပြင်တစ်ခွင်လုံးကို လွှမ်းခြုံအုပ်မိုးနိုင်သည် ။ နိုင်ငံတစ်ခုကို လူ့အဖွဲ့အစည်း တစ်ခုကို လက်ရုံးရည်စွမ်းအားဖြင့် ထူထောင်၍ ရနိုင်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုကိုမူ တည်ဆောက်၍ မရပါ ။
စစ်တပ်ကြီးများဖြင့် နိုင်ငံနယ်မြေချဲ့ထွင် နိုင်သော်လည်းထိုလက်နက်များဖြင့်လူ့အဖွဲ့အစည်းကောင်းကျိုးချမ်းသာကိုတည်ဆောက်၍မရပါ။အသိပညာအတတ်ပညာများဖြင့်သာ တည်ဆောက်၍ ရနိုင်ပါသည် ။ သို့ဖြစ်၍ လူအဖွဲ့အစည်းကောင်းစွာဖွံ့ဖြိုးတိုးတက်စေလိုပါကအသိပညာ အတတ်ပညာ ပိုမိုသာလွန်သူများက မိမိတို့ထက် အသိပညာအတတ်ပညာ နိမ့်ကျသောလူသားများကို စောင့် ရှောက်ကူညီ ရန် တာဝန်ရှိပေသည် ။ သို့သော် မိမိတို့နိုင်ငံတွင် လက်တွေ့မြင်နေရသည်မှာကား ပညာတတ်သော ဦးဆောင်သူများက မသိနားမလည်သော ပြည်သူတို့အား လှည့်စား၍ ကိုယ်ကျိုးရှာကြသော ဖြစ်ရပ်များပင်ဖြစ်သည် ၊ အလွန်စက်ဆုပ်ဖွယ် ကောင်းလှပေသည် ။
နှစ်ပေါင်း(၂၀)ကျော် ပြည်သူတို့အတွက်ဟု တွင်တွင်ကြွေးကြော်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများ၊ အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ယခုအခါ (မိမိတို့ပိုင်ဆိုင်သည့် ကြွယ်ဝချမ်းသာမှုများကို ထုတ်ဖော် ကြေငြာရန် မဖြစ်နိုင်လောက်အောင်ပင် အိမ်ခြံဝင်းထဲတွင်ပဒေသာပင် အပြုံလိုက်ပေါက်၍ ၊ ရွှေကြော၊ရေနံကြောကို ဖင်ခု ထိုင်မိသည့်အလား) ကြွယ်ဝချမ်းသာသွားကြသည်။ ။
ပြည်သူတို့မှာတော့ နေရင်းထိုင်ရင်း ကြွေးမြီတင်နိုင်ငံသားများဖြစ် သွားရသည် ။
နှစ်ပေါင်း(၂၀)ကျော် စေတနာရှိရှိဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့အား ၀ိုင်းဝန်းကယ်တင်စောင့်ရှောက်လိုက် ကြရာ အာဆီယံနိုင်ငံများအတွင်းမှာပင် “မြန်မာနိုင်ငံ” ဆိုသည့်နောက်တွင် ရေးစရာ အမည်စာရင်းမကျန်တော့လောက် အောင် ဆင်းရဲတွင်းနက်ခဲ့ရသည်။
အဘယ်ကြောင့် ဤသို့ဖြစ်ခဲ့ရပါသနည်း ဟုစစ်ကြောကြည့်လျှင် အဖြေကရှင်းနေပါသည်။ အုပ်ချုပ်သူများသည် အုပ်ချုပ်ခံတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါလျက် ပြည်သူတို့၏ မသိနားမလည်မှုကို အသုံးချကာ မိမိတို့ ကိုယ်ကျိုးစီးပွားကိုသာ ဆောင်ရွက်ခဲ့ကြသောကြောင့်ဖြစ်ပါသည် ။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် စာရင်းစစ်ချုပ်မှ ၀န်ကြီးဌာန ၁၅ ခု၏ စာရင်းမှားခြင်း ၊ ငွေအလွဲသုံး စားပြုခြင်း (misappropriation) အပါအ၀င် အမှုပေါင်း ၄၇ မှုအား အစီရင်ခံတင်သွင်းခဲ့ကြောင်း သတင်းကို ဖတ်ရပါသည်။ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ကျပ်ငွေ ၅၈ ဘီလျံကျော် အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းကျော်ဖြစ်ပြီး ၊ အခြား သော အထွေထွေပစ္စည်းများ ပါဝင်ကြောင်း သိရပါသည် ။ ထိုသို့ ကွာဟမှု အလွဲသုံးစားပြုမှုများ နှင့်ပတ်သက်၍ သုံးစွဲထား သော ငွေကြေးပစ္စည်းများအား နိုင်ငံတော်သို့ ပြန်သွင်းရန် ၊ ယင်းသို့ပြုလုပ်ခဲ့သည့် သက်ဆိုင်ရာဌာနများ နှင့် ၀န်ထမ်းများ အား သတိပေးခြင်း ၊ အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည် ဟုသိရပါသည် ။
ပါဝင်သော ၀န်ကြီး ဌာနများမှာ (၁) လယ်/ဆည်ဝန်ကြီးဌာန (၂)သမ၀ါယမ၀န်ကြီးဌာန(၃) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (၄) ကျန်းမာရေး ၀န်ကြီး ဌာန (၅) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (၆) မွေး/ရေ ၀န်ကြီးဌာန (၇) ပြန်ကြားရေးဝန်ကြီးဌာန (၈) ပတ်ဝန်းကျင် ထိမ်းသိမ်းရေး နှင့် သစ်တောဝန်ကြီးဌာန (၉) ပညာရေးဝန်ကြီးဌာန (၁၀) ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန (၁၁) ဟိုတယ် နှင့် ခရီးဝန်ကြီးဌာန (၁၂) ရထားပို့ဆောင်ရေး ၀န်ကြီးဌာန (၁၃) ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန (၁၄) စက်မှု ၀န်ကြီးဌာန (၁၅) စီးပွားကူးသန်း ၀န်ကြီးဌာန တို့ဖြစ်ကြသည် ဟုသတင်းများတွင် ဖော်ပြထား ပါသည် ။
“သူခိုးကို ရွှေတိုက်စိုးခန့်” မိသည် ဟု မြန်မာဆန်ဆန် မြန်မာ့ဆိုရိုးစကားလေးတစ်ခုကိုသုံး၍ပြောလျှင် ကောင်း လေမည်လား ၊ “ မြေခွေးကို ကြက်ခြံစောင့် ” ခိုင်းမိသည်ဟု အနောက်တိုင်း ဆိုရိုးစကားကိုပင် ညွှန်းဆိုရလျှင် ကောင်းလေ မည်လား မသိတော့ပါ ။
ဆရာချစ် ( ချစ်ဦးညို) ၏ “စောင်းတော်သိင်္ဂါ” အမည်ရှိဝထ္ထုတစ်ပုဒ်ကို ဖတ်ခဲ့ရဘူးပါသည် ။ ဇာတ်လမ်းသဘော မှာ တိုင်းပြည်တစ်ခုတွင် အုပ်ချုပ်သောဘုရင်မင်းမြတ်တစ်ပါးတွင် “စောင်းတော်သိင်္ဂါ” အမည်ရှိ စောင်းတစ်လက် ရှိသည် ၊ ဘုရင်မင်းမြတ်သည် စောင်းပညာတွင် တစ်ဘက်ကမ်းခတ်သည် ။ ထိုတိုင်းပြည်တွင် တုဘက်ကင်းသော ကချေ သည် တစ်ဦးရှိသည် ။ တစ်နေ့သော် ထိုတိုင်းပြည်သို့ အခြားသောတိုင်းပြည်မှ သံအမတ်ကြီးတစ်ဦးရောက်လာ၍ ၎င်းတို့ တိုင်းပြည်တွင် ကိုးကွယ်ပူဇော်ရန်အတွက် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ထုလုပ်ပေးပါရန် ဘုရင်အား ပန်ကြားသည် ။ ဘုရင်က အတော်ဆုံး ပန်းပုပညာရှင်နှစ်ဦးအား မတ်ရပ်ရုပ်ပွားတော်တစ်ဆူကို ထုလုပ်စေသည် ။ ရုပ်ပွားတော်ပြီး၍ ခြေမတော် အစုံ တွင် စိန်တုံးနှစ်တုံး တပ်ဆင်ပူဇော်မည့်အချိန်တွင်မှ ထိုစိန်တုံး နှစ်တုံးပျောက်ဆုံးနေကြောင်းသိရသည် ။ အပြစ်က ပန်းပု ဆရာ နှစ်ဦးအပေါ်ကျရောက်သည် ။
ဘုရင်က အမှုကို တရားခွင်တွင်မစစ်ဆေးဘဲ ၊ စောင်းတော်သိင်္ဂါရှိရာအခန်းတွင် စစ်ဆေးမည်ဟုခေါ်ယူသည် ။ အမှုကို မည်သို့မျှ မစစ်ဆေးပဲ ဆွတ်ဆွတ်ဖြူလွသောဝတ်စုံကို ဆင်မြန်းလျက်“စောင်းတော် သိင်္ဂါ”ကို တီးခတ်ကာ ကချေသည်ကို က စေသည် ။ အနုပညာမြောက်လှသောစောင်းသံအဆုံးတွင် ကချေသည်အား ပုလဲသွယ်ကို ချွတ်၍ဆုပေးသည်တွင် ကချေသည်က လက်မခံဘဲ မိမိတွင် အပြစ်ရှိပါသည်ဟု ၀န်ခံ၍ ရင်လွှာကြားမှ စိန်တုံးနှစ်တုံးကို ထုတ်ယူကာ ဘုရင်မင်းမြတ်အားပေးဆက်သည် ။ ထိုစိန်တုံးနှစ်တုံးကို ကချေသည်အား တန်စိုးလက် ဆောင် (ပိုးကြေးပန်းကြေး)ပေးထားသူကား အခြားမဟုတ် ၊ သံအမတ်ကြီးဖြစ်နေလေသည် ။
ထိုနေရာတွင် ဘုရင်မင်းမြတ်က သံအမတ်ကြီးအား ပြောသော စကားတစ်ခွန်းမှာ နှလုံးသားကို ထိခိုက်လွန်းလှ ၍ အလွတ်ပင်မှတ်မိနေပါသည်။ ထိုစကားမှာ “ သံအမတ်ကြီး ၊ ဒီလိုစိတ်ဓါတ်မျိုးနဲ့ သင်ဟာ သံအမတ်တာဝန်ကို ထမ်းဆောင် နေသတဲ့လား ” ဟူ၍ဖြစ်ပါသည် ။
ယခုလည်း ဆရာချစ်၏ အနုပညာမှော်ဆန်လှသော စကားကိုယူ၍ ပြောလိုက်ချင်သည်မှာ “ ဒီလိုစိတ်ဓါတ်မျိုးနဲ့ လူတွေဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသတဲ့လား ” ဟူ၍ ဖြစ်ပါသည် ။
သမ္မတကြီး ဦးသိန်းစိန်ကတော့ ပြောခဲ့သည် ။ ကောင်းမွန်သောအစိုးရ (Good government ) ဖြစ်ရမည် ။ သန့်ရှင်းသောအစိုးရ ( Clean government) ဖြစ်ရမည်ဟု ဆိုခဲ့သည် ။ စကားလုံးကြမ်းသည်ဟုပင် ဆိုစေတော့ ဤသို့ သော ၀န်ကြီးဌာနများ ၊ အုပ်ချုပ်ရေးတာဝန်ရှိအကြီးအကဲများနှင့်ကတော့ သမ္မတကြီး၏ စကားများမှာ “ မျက်နှာ-သနပ်ခါး ပေါင်-သေးကြောင်း” ဆိုသည့် အရပ်သုံးစကား အတိုင်းသာ ပုံခိုင်းနှိုင်းရလိမ့်မည် ထင်ပါသည် ။
သူခိုးဓါးပြဟူသည် လူ့အဖွဲ့အစည်း၏ အန္တရာယ်ဖြစ်ပါသည် ။ သို့သော် သူခိုးဓါးပြဖြစ်သောကြောင့် ခိုးဝှက်တိုက် ခိုက်လုယက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်မှာ မထောင်းတာလှပါ ။ ပြည်သူတို့၏ အကျိုးစီးပွားကို စောင့်ရှောက် ကာကွယ်ရန်တာဝန်ရှိသူတို့က ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်ခြင်းမှာကား သူခိုးဓါးပြထက်ပင် အောက်တန်းကျလှသော လုပ်ရပ် ဖြစ် ပါသည်။ အလွဲသုံးစားလုပ်သည်ဆိုသည်မှာ ခိုးခြင်းပင်ဖြစ်ပါသည် ။ ထိုသူတို့သည် ပြည်သူတို့ကပေးအပ်သော တာဝန် များကို အခမဲ့ စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြရသည်မဟုတ်ပါ ။ ထိုက်သင့်သော လစာရိက္ခာ ၊ အသုံးအဆောင်ပစ္စည်း စသည်တို့ကို ခံစားနေကြရသူ များ ဖြစ်ပါသည် ။ ထိုသူတို့က အဘယ့်ကြောင့် “စားရသည့်ကလေးပိုငတ်” နေရပါသနည်း ။ တရားသူကြီးဖြစ်လျက် ရာဇ၀တ်မှုကျူးလွန်ခြင်း ၊ ဘာသာရေးဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်လျက် ဆဲရေးတိုင်းထွာခြင်း ၊ အာစရိယ ဂိုဏ်းဝင်ဖြစ်လျက် သောက်စားမူးယစ်အကျင့်သီလပျက်ခြင်း စသည်တို့ကဲ့သို့ပင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရန် အပ်နှင်းခြင်းခံရသူများက ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုသည်ဆိုခြင်းမှာ မည်မျှ ဆိုးယုတ်အောက်တန်း ကျလှပါသနည်း ။ ထိုသူတို့အား မည်သို့မည်ပုံ အရေးယူဆောင်ရွက်သွားကြမည်နည်း ။
၂၀၁၂ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက သတင်းထုတ်ပြန်ချက်တွင် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ် များ၊ အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူ အပြစ်ပေးမှု မပြုခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ထို သတင်းထုတ် ပြန်ချက်တွင် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်လာစေရန်နှင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန်အတွက် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ထိုသို့တရား စီရင်ရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေခြင်းသည် အဂတိလိုက်စားနေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုထိရောက် စွာ အရေးယူ အပြစ်ပေးမှု မပြုခြင်းကြောင့်ဖြစ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က လက်အောက်အရာထမ်း၊ အမှုထမ်းများ ကို အကာအကွယ်ပေးနေကြောင်း၊ အပြစ်ပေးအရေးယူမှုများရှိသည်ဟု ပြောကြားနေသော်လည်း တရားဝင်သတင်းထုတ် ပြန်ခြင်း မရှိသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
ဤဖြစ်ရပ်ကို ထောက်ချင့်သုံးသပ်လျှင် တစ်ပြောတည်းပြောနေကြသော ပွင့်လင်းမြင်သာမှု ဆိုသည်မှာ ပွင့်လင်းချင်လျှင် ပွင့်လင်းမည် ၊ မပွင့်လင်းချင်လျှင် မပွင့်မလင်းလုပ်မည် ဟူသည့်သဘောများကို ဆောင်နေကြောင်း သိသာပါသည် ။
မြန်မာပြည်တွင် ထိုကဲ့သို့ မရှင်းမရှင်းလုပ်တတ်ကြသော ညဉ်ဆိုးများ မည်သည့်အခါတွင်မျှ ပျောက် မည်မသိပါ ။
မြန်မာကျပ်ငွေ ၅၈ဘီလျံကျော်သည် အမေရိကန်ဒေါ်လာဖြင့် သန်း ၇၀ ကျော် ဖြစ်ပါသည်။ ဤမျှ သော နိုင်ငံတော် ဘဏ္ဍာ များကို ၀န်ကြီးဌာနအသီးသီး အစုလိုက်အပြုံလိုက် တစ်ပျော်တစ်ပါးကြီး ပါဝင်ဆင်နွှဲ အလွဲသုံးစားပြု ကြသည့်ကိစ္စတွင် မည်သူတွေ တာဝန်ရှိပါသနည်း ၊ မည်သူ့အား သတိပေး၍ မည်သူ့အား အရေးယူခဲ့ပါသနည်း ၊ မည်သို့ အရေးခဲ့ယူပါသနည်း ။ နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားပြုသည် ဆိုခြင်းမှာ ပြည်သူတစ်ရပ်လုံးအား ကျူးလွန်စော်ကား သည့် ပြစ်မှုဖြစ်ပါလျက် အဘယ်ကြောင့် ဖုံးတစ်ဝက် ဖိတစ်ဝက်လုပ်နေရပါ သနည်း ။
အစိုးရသည် “ပွင့်လင်းမြင်သာမှု ရှိရမည်”ဟု အဆက်မပြတ်ကြွေးကြော်နေကြသော ဒီမိုကရေစီ အစိုးရသစ်သည် အဘယ်ကြောင့် ယခင် အာဏာရှင်အစိုးရ လက်ထက် ကျင့်သုံးခဲ့သော သတင်းမှောင်ချမှုများ မပွင့်လင်းမှုများကို အမွေ ဆက်ခံနေရပါသနည်း ။ လာဘ်စားမှုများ အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူမည် ဟု ပြတ်ပြတ်သားသား ထုတ်ပြန်ကြေငြာထားသော အစိုးရသည် အဘယ်ကြောင့် ဤကိစ္စတွင် နှုတ်ဆိတ်နေရပါသနည်း ။
မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဌာန (၆)ခု အပါအ၀င် ၀န်ကြီးဌာန ၃၆ ခုဖြင့် ဖွဲ့စည်းထားသည် ။ (ဤနေရာတွင် မိမိတို့နိုင်ငံသည် သမ္မတရုံးဝန်ကြီးဌာနကို (၆) ခုမျှပင်ထားလျှက် အလုပ်ကြုံးရုံးလုပ်နေ ရသောနိုင်ငံ အဖြစ် လည်း ဂုဏ်ယူလိုက်မိပါသေးတော့သည်)။ ထို(၆)ဌာနကိုဖယ်လျှင် ၀န်ကြီးဌာန (၃၀)ရှိသည် ။ ယခု တစ်ပျော်တစ်ပါးကြီး အဂတိလိုက်စားကြခြင်းတွင် ၀န်ကြီးဌာန (၁၅)ခုပါဝင်ပတ်သက်နေသည် ဖြစ်ရာ အစိုးရ ယန္တရားကြီ၏ တစ်ဝက်တိတိသည် “မျက်နှာကြီး သူခိုးများ” ဖြစ်နေကြသည်ဟု မှတ်တမ်းတင်ဂုဏ်ပြုကြရပေလိမ့်မည် ။ ဇာတ်မင်းသားကြီး ဦးရဲစိန် ညီဝင်းစိန် တို့ ကပြခဲ့ကြသည့် “သီပေါမင်း ပါတော်မူ” ဇာတ်ထုတ်ထဲက သီပေါမင်းဇာတ်ရုပ်ကို သရုပ်ဆောင်သူ ညီဝင်းစိန် စကားနှင့် ပြောရလျှင် “ ဒီမိုး ဒီလေ ဒီလူတွေနှင့် .. ဒီမင်း ဒီစိုး ဒီသူခိုး .. တိုင်းပြည်တရိုး သဝေထိုးအောင် ” ဆိုးကြတော့မည်လား မသိနိုင်တော့ပါ ။
တောင်ကိုရီးယား နိုင်ငံ သမ္မတ လီမြောင်ဘတ် က အကိုဖြစ်သူ လီဆိုင်ဒေါက် သည် ၂၀၀၇ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်ကြားတွင် တောင်ကိုးရီးယား၌ အခက်အခဲပြဿနာများ ကြုံတွေ့ခဲ့ရသော ဘဏ်များမှ လာဘ်ယူခဲ့သည်ဟု စွဲချက် တင်ခံ ထားရသော အဂတိ လိုက်စားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ပြည်သူများအား ၀န်ချတောင်းပန်ခဲ့သည် ရုပ်မြင်သံကြားမှ တစ်ဆင့် ပြည်သူများသို့ ၀န်ချတောင်းပန်ရာတွင် ဤပြဿနာများကြောင့် ၎င်း၏ မိသားစုတွင် အရှက်ရစ ရာများ ဖြစ်ခဲ့ရသကဲ့သို့ တောင်ကိုရီးယား ပြည်သူများအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါကြောင်း ၎င်းအနေဖြင့် ယခုမှစ၍ ပြည်သူများအတွက် တာဝန်ကျေသည့် အစိုးရ ဖြစ်လာဖို့ ကြိုးစားထမ်းဆောင်သွားတော့မည် ဖြစ်ကြောင်း ထည့် သွင်း ပြောကြားသွားခဲ့သည်ဟု သတင်းများ၌ ဖော်ပြသည်ကို တွေ့လိုက်ရပါသည်။
မြန်မာနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များသည်လည်း ဤဖြစ်ရပ်တွင် မိမိတို့၌ တာဝန်ရှိပါသည်ဟု ထုတ်ဖော်၍ ပြည်သူတို့ အား ဘယ်သောအခါတွင်မျှ ၀န်ချတောင်းပန်ပါသည် ဟု ဆိုလာကြပါမည်နည်း ။ မြန်မာနိုင်ငံမှ ပြည်သူများသည် ဌာန ဆိုင်ရာအကြီးအကဲများ ၊ ၀န်ကြီးများ၏ ၀န်ချတောင်းပန်မှုကို ခံယူရန် မထိုက်တန်ကြသော နိမ့်ကျသိမ်ဖျင်းသူများဖြစ် သောကြောင့်လော ။ သို့တည်းမဟုတ် မြန်မာပြည်တွင် အထက်တန်းတာဝန်များကို ထမ်းဆောင် ရသူဖြစ်ပါက လုပ်ချင်ရာ ကိုလုပ်နိုင်သည် ။ မည်သို့ပင်မှားယွင်းမှုများ လုပ်ဆောင်မိစေကာမူ ပြည်သူကို ၀န်ချတောင်းပန်ရန် တာဝန်မရှိဟု ရုံးတွင်း လုပ်ထုံးလုပ်နည်း အက်ဥပဒေများ နည်းဥပဒေများ ပြဌာန်းထားသောကြောင့်ပင်လော ။
ဤမိုး ဤလေ ဤလူတွေနှင့်တော့ သမ္မတကြီး ပြောသည့် ကောင်းမွန်သောအစိုးရ (Good government ) ဖြစ်ရမည် ။ သန့်ရှင်းသောအစိုးရ ( Clean government) ဖြစ်ဖို့ကတော့ နတ်သမီးပုံပြင်ဖတ်ရသလိုသာ ရှိပါလိမ့်မည် ။
ဥပဒေဆိုသည်မှာ နိုင်ငံသားအားလုံးအတွက် တစ်ပြေးညီသာလျှင်ဖြစ်ရပါမည်။အလွဲသုံးစားမှုဟူသည်မှာတိုင်းပြည်အတွက် ကြီးစွာသော အန္တရာယ်ဖြစ်ပါသည် ။ အုပ်အုပ်ဆိုင်းဆိုင်း ညှိညှိနှိုင်းနှိုင်းဖြင့် ပြီးပြီးပျောက်ပျောက်လုပ်၍ မရပါ ။ ခိုးမှုတစ်ခု တွင် ခိုးရာပါပစ္စည်းကို ပြန်လည်ပေးအပ်သော်လည်း အပြစ်ဒဏ်မှ လွတ်ကင်းခွင့်မရှိပါ ။ အလွဲသုံးစား မှုတွင်လည်း သုံးစား ထားသည့်ငွေကြေးပစ္စည်းကို ပြန်လည်ပေးသွင်းခြင်းအားဖြင့် အပြစ်ဒဏ်မှ လွတ်ကင်းခွင့်မရှိပါ ။ ထိုက်သင့်သော ပြစ်ဒဏ် ကို မလွဲမသွေခံယူရမည်သာ ဖြစ်ပါသည်။ အထူးသဖြင့် ပြည်သူတို့က ပေးအပ်ထားသော လုပ်ပိုင်ခွင့် အာဏာတို့ကို အလွဲသုံးစားပြုလျှက် ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်သော ပြစ်မှုမှာ အလွန်ကြီးလေးလှပါသည် ။ ကျူးလွန်သူများကို ဖော်ထုတ် လျက် ထိထိရောက်ရောက် အပြစ်ပေးအရေးယူရပါလိမ့်မည် ။ ထိုပြစ်မှုကို တွေ့ရှိနေပါလျက် ပွင့်လင်းမြင်သာစွာ ဖော်ထုတ် စစ်ဆေးအရေးယူမှုများမပြုလုပ်ပါလျှင် ထိုပြစ်မှု၏ဂယက်သည် အစိုးရထံသို့ရိုက်ခတ်လာပါလိမ့်မည် ။
“ ပုတ်သင်ဥ ပေါ် မည်စိုး၍ ညောင်မြစ်ကို မတူးရဲ” လေသည်လားဟု ယုံမှားသံသယများ ဖြစ်ပေါ်လာပါလိမ့်မည် ။ အစိုးရ၏ ကောင်းမွန်သော လုပ်ရပ်များအပေါ်တွင် ထိုယုံမှားသံသယများက အစွန်းအထင်းဖြစ်စေပါလိမ့်မည် ။ မြန်မာနိုင်ငံသို့ရင်းနှီးမြုပ်နှံရန် ရောက်လာကြမည့် နိုင်ငံတကာမှ အစိုးရများ ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုသို့အဂတိလိုက်စားသော ၀န်ကြီးဌာနများနှင့် စီးပွားဖက် လုပ်ဆောင်ရာတွင် ယုံကြည်စိတ်ချမှုများ လျော့ရည်းပါလိမ့်မည် ။ ဤသည်မှာ မိမိတို့နိုင်ငံ အတွက် ကောင်းသော လက္ခဏာမဟုတ်ပါ ။
သို့ဖြစ်ပါ၍ အစိုးရသည် ကောင်းမွန်သောအစိုးရ (Good government ) ဖြစ်ရမည် ။ သန့်ရှင်းသော အစိုးရ ( Clean government) ဖြစ်ထွန်းစေရမည်ဟူသည့် စိတ်စေတနာများ မှန်ကန်သည်ဆိုပါလျှင် (၁) ဤအဂတိလိုက်စားမှု တွင် အဓိကတာဝန်ရှိသူများအား ပြည်သူ့ရှေ့မှောက်တွင် ဖော်ထုတ်၍ ထိရောက်စွာအရေးယူရပါလိမ့်မည် ။ (၂) သက်ဆိုင် ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်သူများအား ၀န်ချတောင်းပန်ရပါလိမ့်မည် ။ (၃) အဂတိလိုက်စားမှုများ ထပ်မံမဖြစ်ပွားစေ ရေးအတွက် ထိရောက်သော ဥပဒေများ ပြဌာန်းခြင်း ၊ ပွင့်လင်းမြင်သာသော အစီအမံများ ချမှတ်ခြင်း ၊ သတင်းမီဒီယာများ အား လွတ်လပ်စွာ သတင်းယူခွင့် ၊ ရေးသားထုတ်ပြန်ခွင့်များ ပေးရပါလိမ့်မည် ။ (၄) အဂတိလိုက်စားသော အစိုးရအရာရှိ များ ၊ဌာနဆိုင်ရာများကို ပြည်သူများမှ တရားစွဲဆိုခွင့် အပါအ၀င် ပြည်သူတို့၏ အခွင့်အရေးများကို သတ်မှတ်ပြဌာန်း ပေးရပါလိမ့်မည် ။
သို့မှသာ သမ္မတကြီးစီးနေသော လှေကွဲကြီးကို ဖာထေးနိုင်ပါလိမ့်မည် ။ အဂတိလိုက်စားမှုများဖြင့် ကျိုးပဲ့နေသည့် အစိုးရအဖွဲ့ယန္တယားကို ပြင်ဆင်လျှက် အားကောင်းမောင်းသန်ဖြင့် ရှေ့ဆက်နိုင်ပါလိမ့်မည် ။ မြန်မာပြည်သူ ပြည်သား များသည်လည်း အဂတိလိုက်စားမှုကင်းရှင်းသော တရားဥပဒေစိုးမိုးသော နိုင်ငံတစ်ခု၏နိုင်ငံသားများ အဖြစ် ကမ္ဘာ့အလည် မျက်နှာမော်နိုင်ပါလိမ့်မည် ။ စကားလုံးများ ဖြင့် နိုင်ငံတော်ကို ပြုပြင်တည်ဆောက်သော ခေတ်တစ်ခုကို နောက်ကျော ဘက်တွင် ပြတ်ပြတ်သားသား ချန်ထားခဲ့၍ လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ဒီမိုကရေစီ နိုင်ငံသစ်ကို ရေအစုန် လေအကြုံတွင် တက်ကုန်အသင့် ရွက်စုံဖွင့်ကြရတော့မည် ဖြစ်ပါကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် သတိပေး တိုက်တွန်း လိုက်ရပါသည် ။
ထင်လင်းဦး ( Wisdom Villa)

No comments:
Post a Comment