မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ခွင့် ပစ္စည်း ၂၂ မျိုး တိုး
(photo - the Business Line) မြန်မာ- အိန္ဒိယ နယ်စပ်ကားလမ်းမ တစ်နေရာ
နယူးဒေလီ (မဇ္ဈိမ) . ၂၂ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —
စိုက်ပျိုးရေးပစ္စည်းများနှင့် အဝတ်အထည်များ အပါအဝင် ပစ္စည်းအမျိုးအမည် ၂၂
မျိုးကို မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ခွင့်တွင် ထပ်မံ ခွင့်ပြုလိုက်သည်။မူလ ခွင့်ပြုထားသည့် ကုန်သွယ်ခွင့်ရ ပစ္စည်း ၄ဝ တွင် စက်ဘီး၊ ကျောက်မီးသွေး၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ သံထည်၊ ဆေးဝါး၊ လက်ဘက်ခြောက်၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများ၊ အဖျော်ယမကာ၊ တန်ဖိုးနည်း ကျောက်မျက်၊ အပ်ချုပ်စက်နှင့် ၁ဝဝ စီစီအောက် သုံးဘီးကားများ ထပ်မံခွင့်ပြုလိုက်၍ ယခုအခါ နယ်စပ်ကုန်သွယ်ရေး စခန်း ၃ ခုတွင် တရားဝင် ကုန်သွယ်ခွင့်ရပစ္စည်း ၆၂ မျိုး ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြား ကုန်သွယ်ရေး ဒါရိုက်တာ လူကြီးများအဖွဲ့ (DGFT) အား ကိုးကား၍ The Hindu သတင်းဌာနတွင် ဖော်ပြပါရှိသည်။
ထိုသို့ တိုးမြှင့်ခွင့်ပြုရန် အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သည်ကြီးများသမဂ္ဂမှ ဇွန်လ နှောင်းပိုင်းကတည်းက တောင်းဆို ထားခြင်း ဖြစ်သည်။
မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေး ကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း တမူးစခန်းမှ ၇.၁၇ဝသန်း၊ ရိဒ်ခေါဒါစခန်းမှ ၈.၂၃၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
နှိုင်းယှဉ်ခြင်းအားဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းအမျိုးအမည် ၁၁,၆၉၂ မျိုး၊ တိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ၃,၆၉၉ မျိုးနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ၆၃ မျိုး တရားဝင် ကူးသန်း ဖလှယ်နိုင်နေကြသည်။
၂ဝ၁၁ ခုနှစ် ဧပြီမှ ဒီဇင်္ဘာလအတွင်းတွင် မြန်မာမှ အိန္ဒိယသို့ နယ်စပ်မှတဆင့် ဒေါ်လာ ၅ ဒဿမ ၉၈၉ သန်း တင်ပို့ ခဲ့ကာ အိန္ဒိယမှ မြန်မာသို့ ဒေါ်လာ ၄ ဒဿမ ၁၄၁ သန်းဖိုး တင်သွင်းခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ
ဒေါ်လာ ၁ဝ ဒဿမ ၁၃ဝ သန်းဖိုး ရှိခဲ့သည်။ ထိုစဉ်တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁၈၃ ဒဿမ ၂၈၇ သန်း ရှိခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဒေါ်လာ ၂၂၈ ဒဿမ ၆ဝဝ သန်း ကုန်သွယ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဒေါ်လာ ၁၇ ဒဿမ ၃၄၂ သန်းဖိုး အသီးသီး ကုန်သွယ်နိုင်ခဲ့ကြသည်။
သို့သော် တရားမဝင် ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုများ သိသာစွာ တိုးတက်မှု မရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားသည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment