ဂက်စ်ပိုက်လိုင်း နှင့် စစ်ကြောင်းများကြောင့် တောင်သူများလုပ်ငန်းအခက်တွေ့
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂ — သျှမ်းပြည်မြောက်ပိုင်း ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းရာ နမ္မတူမြို့နယ်အတွင်း စစ်ရေးမငြိမ်သက်မှုကြောင့် ဘိန်းခြံအပါအဝင် လယ်ယာခြံမြေ လုပ်ကိုင်မှု ခေတ္တရပ်ဆိုင်းထားရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
“ ဘိန်းခြံရော၊ တခြားသီးနှံစိုက်ပျိုးရေးခြံတွေကိုရော ခဏရပ်ထားကြ ရတယ်။ စစ်မြေပြင်ဘက်က ခြံတွေဆိုရင်လဲ ဒေသခံတွေက ခြံမဆင်းရဲဘူး။ ဒီဖက် ပိုက်လိုင်းဖြတ် တဲ့ဘက်မှာကျတော့ မိုးရွာလို့ မြေစာပုံတွေ ပြိုတယ်။ ဒါလဲ သီးနှံတွေပျက်စီးတယ်။ လုပ်လို့မရဘူး။ ရပ်ထားကြရတယ်” ဟု နမ္မတူဒေသခံ စိုင်းနုက ပြောသည်။
ဒေသခံလူထု၏လယ်ယာမြေများအတွင်း ဂက်စ်ပိုက်လိုင်းသွယ်တန်းထားသဖြင့် မြေစာပုံများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန့်တုန့်မြို့နယ် နမ့်ဟိုင်းနှင့်မုံးဝီးကြား၊ နမ္မတူမြို့နယ်နှင့်သီပေါမြို့ နယ်ကြား၊ မန်တုံမြို့နယ် နှင့် သီပေါမြို့နယ်ကြား ရှိ လယ်ယာမြေစိုက်ပျိုးမှု ခေတ္တရပ်ဆိုင်းထားရကြောင်း၊ သီးနှံရင့်သီးပြီဖြစ်သဖြင့် အချို့ လယ်မြေများ၌ သီးနှံကောက်ရန် အဆင်မပြေ ဆုံးရှုံးမှုများလည်း များပြားကြောင်း၊ ထို့ပြင်ဂက်စ်ပိုက်လိုင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပြိုင်စစ်ရေးလှုပ်ရှားမှုကြောင့် လုပ်ငန်းအခက်အခဲကြုံတွေ့ရသည်ဟုဆိုသည်။
“ တချို့နေရာမှာလည်း လျော်ကြေးမရလို့ဗျာ။ ခြံတွေက ဆက်မလုပ်နိုင်သေးဘဲ ရပ်ထားရတယ်။ ပါးစပ်ကဘဲ ပေးမယ်ပြောတာလေ။ လက်က မလာဘူးဖြစ်နေတယ်” – ဟု ဒေသခံ စိုင်းခမ်းညိုကပြောသည်။
အလားတူ တောင်ကြောတလျှောက်ရှိ ဘိန်းခြံအများစုမှာလည်း အစိုးရတပ် နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့အကြား တိုက်ပွဲများ၊ လှုပ်ရှားစစ်ကြောင်းများကြောင့် ခြံလုပ်သားများအလုပ်မဆင်းရဲကြကြောင်း နမ္မတူဒေသခံ နောက် တဦးကပြောသည်။
လွယ်မောတောင်၊ ခမောက်တောင်ကြောတလျှောက်၌ ဘိန်းခြံလုပ်သားတယောက်အတွက် ထမင်း ၃ နပ် နှင့် အတူ လုပ်အားခ တရက် ၃၀ဝ၀ ပေးကြောင်း၊ ဘိန်းခြစ်သည့်ရာသီတွင် ပိုက်ဆံမယူပါက ဘိန်းစိမ်း ၁ မတ်သား (တကျပ်သား၏ ၄ ပုံတပုံ) ပေးကြောင်း ဘိန်းခြံလုပ်ငန်းရှင်တရုတ်အမျိုးသားတဦးကပြောပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment