ဂက်စ်ပိုက်လိုင်း မြေစာပုံကြောင့် ပျက်စီးဆုံးရှုံးမှု လယ်သမားများ လျော်ကြေးမရသေး
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၇ရက်နေ့ အောက်တိုဘာ ၂၀၁၂ —– ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် သိမ်းယူထားသည့်မြေ ပေ ၁၀ဝ ထက် ကျော်လွန် ၍ မြေစာပုံလာပါက မြေစာရှင်းလင်းရန်နှင့် ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးပေးမည်ဟု ဆိုသော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရှိရပါသည်။
“မြေစာရှင်းဖို့ ၁ ဧကကို ၃ သိန်းပေးမယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံအတွက် သတ်သတ် နစ်နာကြေး တစ်သီးစာ ပေးမယ်လို့ ပြောတယ်။ ဘယ်လောက်လဲ အတိအကျတော့ မသိရသေးဘူး။ အခုထက်ထိ ဘာမှလာမပေးဘူး” ဟု နောင်အန်းဒေသခံတစ်ဦးက ပြောပါသည်။
ပိုက်လိုင်း ကုမ္ပဏီက ပိုက်ချရန် မြောင်းတူးဖော်ရာတွင် ပေ ၁၀ဝ ကျော်ထက် မြေစာများ ပုံလာသည့် အတွက် လယ်အတွင်း မြေစာများ လွှမ်းမိုးကြောင်း၊ သီပေါမြို့နယ် နောင်အန်းအုပ်စု၌ လယ် ၁ ဧက ကျော်၊ နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စု၌ ၁ ဧကကျော်၊ မိုင်းဝီးအုပ်စု၌ ဧကဝက် ပျက်စီးဆုံးရှုံးကြောင်း ဆို၏။
“လယ်ပိုင်ရှင်တွေ သက်ဆိုင်ရာကို သွားတိုင်သွားပြောမှ လျော်ကြေးပေးမယ်လို့ ပြောလာတာ” ဟု အဆိုပါ လယ်သမားက ဆက်ပြောပါသည်။
သို့သော် နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုနှင့် မိုင်းဝီးအုပ်စုမှာမူ သီးနှံများပျက်စီးသွားသည်ကို သက်ဆိုင် ရာများက သွားရောက်ကြည့်ရှုသော်လည်း မည်သည်မျှ ပြောဆိုသွားခြင်း မရှိကြောင်း ဆို၏။
ပိုက်လိုင်းဖြတ်သွားသည့် ဒေသမှ လယ်သမားများအနေဖြင့် စီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်ယာများ၊ လမ်းများကို ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ပိတ်ဆို့သွားသည့် ရေချောင်းများကို လည်း ပြန်လည်တူးဖော်ပေးစေလိုကြောင်း ပြောပါသည်။
မွေခေါဝ်
No comments:
Post a Comment