Wednesday, October 24, 2012

(၆၇)နှစ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားကျင်းပ၊ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြား


(၆၇)နှစ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားကျင်းပ၊ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြား 

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၂၄
ကမ္ဘာ့ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနှင့် တရားမျှတရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့သည့် ကုလသမဂ္ဂ အဖွဲ့ကြီးသည် ကမ္ဘာစစ်ကြီးများ ထပ်မံမဖြစ် ပွားရအောင် တားဆီးပေးရေးဟူသည့် အဓိကရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်သကဲ့သို့ နိုင်ငံတကာအသိုက်အဝန်း၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက် ရေး ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး တိုးတက်ဖြစ်ပေါ်စေရန် ကုလသမဂ္ဂအဖွဲ့ကြီး၏ အင်တိုက် အားတိုက် မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများအပေါ် ယနေ့တွင် ကျရောက်သည့် ကုလသမဂ္ဂနေ့ အခမ်းအနားတွင် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုအပ်ပါကြောင်းဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) Banquet Hall ၌ ကျင်းပသည့် (၆၇)နှစ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားတွင် ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားရာတွင် ကုလသမဂ္ဂ ဟူသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ကြီးဟာ ကမ္ဘာ့စစ်ကြီး ဖြစ်ပြီးေ နောက်ပိုင်း နောင်လာ နောက်သားများ နောက်ထပ် ပျက်စီးဆုံးရှုံး ဒုက္ခရောက်မှုများ ထပ်မံမပေါ်ပေါက် နိုင်စေရေး၊ ကမ္ဘာ့လူသားများကို ချစ်ခင်လေးစားရေး၊ ငြိမ်းချမ်းမှုကို မြတ်နိုးကြရေး၊ လူသားများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးစတာတွေအပေါ် အခြေခံပြီး ပေါ်ပေါက် လာတာ ဖြစ်ပါတယ် ။      
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနဲ့လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ ဒီနှစ်(၆၇)ကြိမ်မြောက် အခမ်းအနားကို ဒီကနေ့ ကမ္ဘာ့နိုင်ငံများနည်းတူ ဆင်နွဲကျင်းပ ဂုဏ်ပြုနေတာဖြစ်ပါတယ် ။      
မြန်မာနိုင်ငံအနေနဲ့ (၁၉၄၈)ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့မှာ ကုလသမဂ္ဂရဲ့(၅၈) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့တဲ့အချိန်ကစပြီး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့၊ လူမှုစီးပွား တိုးတက်ရေး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးစတဲ့ ကတိကဝတ်များနဲ့ ပူးပေါင်းဆောင်ရွက်လာခဲ့ပါတယ် ။      
ဒီနှစ် နယူးယောက်မြို့မှာကျင်းပတဲ့ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ နိုင်ငံတော်သမ္မတမှ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊   စီးပွားရေး ၊   လူမှုရေး ၊ ပြုပြင်ပြောင်းလဲမှုများ အနာဂတ်ကာလရဲ့ ရည်မှန်းချက်များတို့ကို အလေးပေး ဖော်ပြ ပြောကြားနိုင်ခဲ့တဲ့အတွက် သမိုင်းမှတ်တိုင် တစ်ခုလို့မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။      
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုမှအစ တစ်နိုင်ငံလုံးလူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းကိစ္စအထိ ကုလသမဂ္ဂရဲ့ ပါဝင်ကူညီပေးမှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်တဲ့ကြောင်း ကတိကဝတ် ပြုခဲ့တာတွေ့ရှိရပါတယ်။      
မြန်မာနိုင်ငံအနေနဲ့ အသွင်ပြောင်းလဲမှု ဖြစ်စဉ်များကို အချိန်တိုလေးအတွင်းမှာဘဲ အံ့သြဖွယ်ရာအဖြစ်  ပြောင်းလဲဖော်ဆောင် နိုင်ခဲ့ပါတယ်။ တစ်နှစ်ခွဲတာ အချိန်ကာလမှာ အဓိက မဏ္ဍိုင်ကြီး (၃)ရပ်ဖြစ်တဲ့- ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ ထို့အပြင် နိုင်ငံရေး၊ လူမှုရေး၊ တိုင်းရင်းသား လူမျိုးများအရေး စတာတွေကို ပြည်သူများနှင့်အတူ ဒီမိုကရေစီအသွင်ပြောင်းလဲရေးဖြစ်စဉ် အဆင့်ဆင်နဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။     
ဖြစ်စဉ်အပေါ် စိန်ခေါ်မှုအများအပြားရှိတဲ့ကြားက သိသာထင်ရှားအားရဖွယ် တိုးတက် ဖြစ်ပေါ်စေခဲ့ပါတယ်။  ယင်းတိုးတက်ဖြစ်ပေါ်မှု မြောက်များစွာထဲက အနည်းငယ် ဖော်ပြရရင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ (၂၀၁၂)ဧပြီလမှာ လွတ်လပ်တရား မျှတပြီး ပွင့်လင်းမြင်သာသည့် ကြားဖြတ် ရွေးကောက်ပွဲများကို အောင်အောင်မြင်မြင်    ကျင်းပပြုလုပ်ပေးခြင်း ၊ စတုတ္ထမဏ္ဍိုင်လို့ဆိုနိုင်တဲ့ မီဒီယာဆင်ဆာမူ ဖြုတ်သိမ်းပေး ခြင်းစတဲ့ နိုင်ငံရေး၊ လူမှုရေး၊ တိုးတက်မှုဖြစ်စဉ်များမှာ ပြည်သူအများ ပိုမိုပါဝင်လာ စေခြင်း စတဲ့ကိစ္စရပ်များလည်းပါဝင်ပါတယ်။      
ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်ဖြစ်တဲ့ လွှတ်တော်များအနေနဲ့ ယင်း၏လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နေကြပြီး အရေးကြီးတဲ့ဥပဒေများကို ဒီမိုကရေစီကျင့်ထုံးများနှင့်အညီ အတည်ပြုနိုင်ခဲ့တာ တွေ့ခဲ့ ပါတယ်။ နိုင်ငံတော်အစိုးရနဲ့အခြားသောနိုင်ငံ အဖွဲ့အစည်း အသီးသီးနဲ့ နားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊ စိတ်ရှည်မှုနှင့် စဉ်ဆက်ဆွေးနွေးမှုဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို အားပေးမြှင့်တင် နိုင်ခဲ့ပါပြီ ။      
ဒီမိုကရေစီကို တည်ဆောက်ရာမှာ လက်နက်ကိုင်ပဋိပက္ခများ အားလုံးချုပ်ငြိမ်းရေးဟာ မရှိမဖြစ် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုလို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးအပေါ် အဓိက ဦးစားပေးထားပြီး တိုင်းရင်းသားများ နေထိုင်ရာဒေသ တွေမှာ ကာလရှည်ကြာကတည်းကရှိခဲ့တဲ့ ရန်လိုပဋိပက္ခများ ထာဝရချုပ်ငြိမ်း အဆုံး သတ်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိနေပါတယ် ။
ကုလသမဂ္ဂရဲ့ ကြီးမားသော ကြိုးပမ်းအားထုတ်မှုနဲ့ တက်တက်ကြွကြွပါဝင်တဲ့ အခန်း ကဏ္ဍ အမြောက်အများထဲက တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီ ဂျနေးရိုးမြို့မှာကျင်းပပြီးခဲ့တဲ့ ရီယို+၂၀ ညီလာခံအတွင်းမှာကမ္ဘာ့နိုင်ငံခေါင်းဆောင်များက  '' မိမိတို့ လိုလားတောင်းတသောအနာဂတ်" (The Future want )ဆိုတဲ့ခေါင်းစဉ်နဲ့ အနာဂတ်ရဲ့  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူညီချက် အပြီး သတ်ဆောင်ရွက် နိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။   
နိုင်ငံ့အစိုးရများ၊ လူထုအဖွဲ့အစည်းနှင့် နိုင်ငံတကာဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်များမှ ကမ္ဘာ မြေကြီးနှင့် ယင်းကိုမှီတင်းနေထိုင်တဲ့ လူသားတို့၏အကျိုးအတွက် စဉ်ဆက်မပြတ် အနာဂတ်တစ်ရပ် ဖန်တီးဖော်ထုတ်ဖို့ မိမိတို့ရဲ့သဘောဆန္ဒအလျောက် ရာပေါင်းများစွာ ပါတဲ့ ကတိကဝတ်များထုတ်ဖော်ကြေညာနိုင်ခဲ့ပါတယ်။
(၂၀၃၀)ခုနှစ်အချိန်မှာ စွမ်းအင်အခွင့်အလမ်း အသေအချာရရှိစေရေး၊ စွမ်းအင် လုံလောက် မှု နှစ်ဆဖြစ်စေရေးနဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဝေမျှ သုံးစွဲနိုင်မှုအားနှစ်ဆ တိုးမြှင့်စေရေး ''အားလုံးအတွက် စဉ်ဆက်မပြတ်သောစွမ်းအင် (Sustainable Energy For All) ရရှိရေး " နှင့်ပတ်သက်၍လည်းကတိကဝတ်များပြုလုပ်ခဲ့ကြပါတယ်။ အာရှ၊ အာဖရိက၊ လက်တင် အမေရိကနှင့် ဖွံဖြိုးဆဲကျွန်းနိုင်ငံငယ်များမှ အစိုးရအဖွဲ့ပေါင်း (၅၀)ကျော်တို့မှ ပူးပေါင်းပြီး စွမ်းအင်ဖွံဖြိုးရေးစီမံကိန်းနှင့် အစီအစဉ်များ ဖန်တီး ဖော်ထုတ်ရေး ကနဦးဆောင်ရွက်ချက်များ လုပ်ဆောင်နေပါတယ်။
အဲဒီကြိုးပမ်းရရှိမှုများဟာကုလသမဂ္ဂ အဖွဲ့ကြီးအတွက် ကြီးမားတဲ့ တိုးတက် အောင်မြင်မှု များဖြစ်ပြီးနိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် တူညီတဲ့ ရည်ရွယ်ချက်များတူညီတဲ့ အကျိုးစီးပွားတွေကို ဝေမျှနိုင်ကြတာဟာ နိုင်ငံတကာအဖွဲ့ အစည်းများအနေနဲ့ အတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြလို့လည်းဖြစ်ပါတယ်။
ဒီကနေ့သဘာဝဘေး အန္တရာယ်များကျရောက်ဖြစ်ပေါ်မှု အကြိမ်ပေါင်းယခင်ကထက် ပိုမိုဖြစ်ပွားလာခြင်းဟာ ကမ္ဘာ့နိုင်ငံများအားလုံးအတွက် စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှု အန္တရာယ် တစ်ရပ် ဖြစ်နေပါတယ်။ ၂၀၀၄ခုနှစ် အိန္ဒိယသမုဒ္ဒရာဆူနာမီကြောင့် လူ့အသက်ပေါင်း ၂၃၀,၀၀၀မျှ သေကြေပျက်စီးပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တဲ့ ''ဟိုက်ဂိုမူ ဘောင်လှုပ်ရှားမှု (HFA)'' ဟာသဘာဝဘေးဒဏ်ကို ကြိုတင်ခုခံနိုင်စွမ်းရှိနိုင်ရေးအတွက် ပြင်ဆင်လှုပ်ရှားဆောင်ရွက်ရမဲ့ ဦးစားပေးကဏ္ဍ၊ လမ်းညွန်ချက်နှင့် လက်တွေ့ ကျင့်သုံးမှု များကို ချမှတ်ပေးနိုင်ခဲ့ ပါတယ်။
ရည်ရွယ်ချက်ကတော့၊ သဘာဝဘေးအန္တရာယ် ကြုံလာတဲ့အခါ ကြံကြံခံနိုင်စွမ်းရှိတဲ့နိုင်ငံ၊ ကြံကြံခံနိုင်စွမ်းရှိတဲ့ အသိုက်အဝန်းများကိုတည်ထောင် နိုင်ခြင်းအားဖြင့် ၂၀၁၅ခုနှင့် အချိန်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို သိသိသာသာလျော့နည်းစေဖို့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့သဘာဝပတ်ဝန်းကျင် အမွေအနှစ်တွေ ပျက်စီးဆုံရှုံးမှုများ ကို လျှော့နည်းအောင် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။      
နိုင်ငံတော်အစိုးရအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပေးခဲ့တဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းမှလည်း သဘာဝ ဘေးအန္တရာယ် လျော့ကျစေရေးအတွက် အချင်းချင်းလက်တွဲ ပူးပေါင်းပြီးဘေးအန္တရာယ် လျော့ချရေးစီမံခန့်ခွဲမှုဆိုင်ရာ ဒေသအတွင်း ပူပေါင်းဆောင်ရွက်မှုကို ဖော်ထုတ်နိုင်ဖို့နဲ့ ထိရောက်တဲ့ ယန္တရားတစ်ရပ် ရရှိအောင် နည်းလမ်းများ ရှာဖွေသွားကြဖို့ တိုက်တွန်းလိုပါ ကြောင်း ဖြင့် ပြောကြားသည်။            
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏  ဌာနေညှိနှိုင်းရေးမှူး Mr.Ashok Nigma နှင့် အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ် ရှိပြီးဖြစ်သည့် နိုင်ငံများ၏သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးမှတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရ ကျောင်းသားကျောင်းသူလေးများနှင့် မိဘများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်က (၆၇)နှစ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က ဖတ်ကြားသည်။
ယင်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက (၆၇)နှစ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေညှိနှိုင်းရေးမှူး Mr.Ashok Nigma က ဖတ်ကြား တင်ပြသည်။
ထို့နောက် (၆၇)နှစ်မြောက်ကုလသမဂ္ဂနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံ ပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့်များ၌ ပထမ၊ ဒုတိယနှင့်တတိယဆု ရရှိကြသည့် ကျောင်းသား ကျောင်းသူလေးများအား ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနှင့် ဒေါက်တာမြအေး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေညှိနှိုင်းရေးမှူး Mr.Ashok Nigma တို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ဝင်များ၊ ဧည့်သည်တော် များသည် (၆၇)နှစ်မြောက်ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းငယ်အား လှည့်လည်ကြည့်ရှု အားပေးကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။