Wednesday, October 24, 2012

ဝန်ကြီးဌာနသုံးခုပိုင် စက်ရုံ၊ မြေကွက်များကို ပုဂ္ဂလိကသို့ ကျပ်သန်း ၅၅၀၀ ကျော်ဖြင့် လွှဲပြောင်းရောင်းချ


ဝန်ကြီးဌာနသုံးခုပိုင် စက်ရုံ၊ မြေကွက်များကို ပုဂ္ဂလိကသို့ ကျပ်သန်း ၅၅၀၀ ကျော်ဖြင့် လွှဲပြောင်းရောင်းချ  


AddThis Social Bookmark Button
ဝန်ကြီးဌာနသုံးခုပိုင်ဆိုင်သည့် စက်ရုံများ၊ မြေကွက်များကို ပုဂ္ဂလိကသို့ ကျပ်သန်း ၅၅၀၀ ကျော်ဖြင့် လွှဲပြောင်းရောင်းချခဲ့ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့အောက်ရှိ စက်ရုံများ၊မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်သည်။

မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန၊ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းပိုင်မြေ ၄ ဒသမ ၇၀ ဧကကျယ်ဝန်းသည့် သာကေတမြို့နယ် မြမာလာလမ်း၊ စက်မှုဇုန်ရှိ သာကေတစည်သွပ်စက်ရုံ ကို ကျပ်၃၂၉၀သန်းဖြင့်လည်းကောင်း၊ စက်မှုဝန်ကြီးဌာန အထည်အလိပ်လုပ်ငန်းအောက်ရှိ သင်္ဃန်းကျွန်းအထည်စက်ရုံအမှတ်  (၁၅) နှင့် ဆက် စပ်မြေကွက်၏ မြေ ၀ ဒသမ ၄၃၈ ဧကနှင့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက် ဦးဘဟန်လမ်းရှိ အဆောက်အအုံတစ်ခုတို့အား ကျပ်သန်း  ၆၇၀ ဖြင့် ပုဂ္ဂလိကသို့ အပြီးအပြတ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအောက်ရှိ  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်းရပ်ရှိ မြေ ၁ ဒသမ  ၄၃၀ ဧကနှင့် အဆောက်အအုံအား  ကျပ်သန်း ၁၆၀၀ ဖြင့် ပုဂ္ဂလိကသို့ အပြီးအပြတ်ရောင်းချခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကသို့လွှဲပြောင်းရောင်းချခဲ့သော အဆိုပါစက်ရုံနှင့် မြေများအတွက် ကျသင့်တန်ဖိုးများကိုဝယ်ယူသူများက အပြေအကျေပေးသွင်းခဲ့ပြီးဖြစ်သဖြင့် ၀ယ်ယူသူအမည်ပေါက် မြေဂရန်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကိုလျော့ချ၍ ပုဂ္ဂလိကပိုင်အချိုးအစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးလုပ်ငန်း  စဉ်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ယခင်ဖွဲ့စည်းထားသည့် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပါဝင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အ ဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။
ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိစိစစ်၍ အကျိုးကျေးဇူးများနှင့် အားနည်းချက်များကိုအထက်အဖွဲ့အစည်းများသို့ သုံးသပ်တင်ပြပြီး လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကသို့လွှဲပြောင်း ရောင်းချခြင်းမပြုသည့် နိုင်ငံတော်အစိုးရက မဖြစ်မနေဆက်လက်ဆောင်ရွက်ရမည့် စက်ရုံ၊အလုပ်ရုံနှင့်လုပ် ငန်းများအား စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊ မရှိစိစစ်သုံးသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေးဆိုင်ရာကိစ္စများကို ပုဂ္ဂလိ ကပိုင်ပြုလုပ်ရေးကော်မရှင်က သတ်မှတ်ပေးရကြောင်း သိရပါသည်။

Comments  

0 #1 Phoe Khant 2012-10-25 07:43
အခွန်တွေတော့အများကြီးရမှာပဲနော်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။