Wednesday, October 24, 2012

ဒေါ်အောင်ဆန်းစုကြည် မီဒီယာများမှ မေးမြန်းချက်များ အပေါ် ပြန်လည် ဖြေကြားချက်များ


ဒေါ်အောင်ဆန်းစုကြည် မီဒီယာများမှ မေးမြန်းချက်များ အပေါ် ပြန်လည် ဖြေကြားချက်များ 


ELEVEN Media Group, 23 October 2012  —–
သမ္မတကြီးပြောကြားခဲ့သော ပြည်သူလူထုကသာလိုလားပါက ဒုတိယသက်တမ်းကို ထမ်းဆောင်သွားမည်ဟူသော မေးခွန်းအပေါ် “နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ မည်သူမဆို အားလုံးကနေ မျှမျှတတအခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေ ချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရား မျှတမှုမှမရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင် လုပ်ချင်စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်အမတ်များပေါ်တွင်သာမူတည်ကြောင်း သမ္မတကြီး၏ပြောကြားချက်အပေါ် “တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့ မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံရဲ့ဥက္ကဋ္ဌမဟုတ်ဘူးလား”ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ဖြေကြားခဲ့သည်။
ရခိုင်ပဋိပက္ခပြန်ဖြစ်လာသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို “စိုးရိမ်မှုကတော့ရှိတာပေါ့။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာကတော့ မှန်းလို့ရပါတယ်။ အမေအမြဲပြောတယ်။ ရခိုင်ပြည်နယ်ဟာ အဓိကကတော့ ပြဿနာတွေဖြစ်လို့ရှိရင်မြန်မြန်ဆန်ဆန် ဒီပြဿနာတွေကို ပပျောက်သွား အောင် ဥပဒေစိုးမိုးရေးရှိရမယ်လို့။ တချို့ဒီဟာကိုမကျေနပ်ကြဘူး။ ဟိုလူ့အပြစ်ပြော ဒီလူ့အပြစ်ပြော ပြောချင်ကြတယ်။ ဒီလိုအပြစ်ပြောနေလို့လည်း ဒီပဋိပက္ခတွေက ချုပ်ငြိမ်းသွားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလူမျိုးစုနှစ်စု ဘာသာမတူတဲ့သူတွေကြားထဲမှာ ပဋိပက္ခဖြစ်တယ်ဆိုတာဟာ နေ့ချင်းညချင်းဖြေရှင်းလို့မရပါဘူး။ လပိုင်းနဲ့လည်း မရဘူး။ ဒါကအချိန်ယူရမယ်။ ဒီကြားထဲမှာ အပူချိန်လျော့သွားအောင်လို့ ဒေါသတွေလျော့သွားအောင်လို့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ အကြမ်းဖက်မှုတွေမဖြစ်အောင်လို့ တာဆီးဖို့ပိတ်ပင် ဖို့ဆိုတာ ဒါဥပဒေထိန်းသိမ်းရေးတာာဝန်ယူထားတဲ့သူတွေက လုပ်ရမယ့်ကိစ္စပဲ။ ဒါတွေထပ်ထပ်ပြီးဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြေလည်အောင်လုပ်မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။
တက္ကသိုလ်ဆီးနိတ်များတွင် ကျောင်းသားသမဂ္ဂပါဝင်ခွင့်ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရန် ဆောင်ရွက်ရန် မည်သို့ဆောင်ရွက်ရန်အစီအစဉ်ရှိပါသလဲမေးခွန်းကို “ကျောင်းသားသမဂ္ဂဆိုတာ ရှိကိုရှိရမယ်။ တက္ကသိုလ်ဆိုတာ ဘ၀အတွက်ပြုပြင်ပေးတဲ့ ဘ၀အတွက် လူငယ်တွေကိုပြင်ဆင်ပေးတဲ့နေရာပဲ။ အဲဒီတော့ တက္ကသိုလ်ကနေထွက်သွားပြီးတော့ ပိုပြီးတော့ကျယ်ဝန်းတဲ့ လူ့အဖွဲ့အစည်းထဲရောက်သွားပြီဆိုရင် ဒီလိုသမဂ္ဂကိစ္စတွေ၊ အဖွဲ့အစည်းကိစ္စတွေနဲ့ယဉ်ပါးနေရမယ်။ ကျောင်းသားများစုဝေးရာ ကျောင်းသားသမဂ္ဂဖွဲ့တာကို ကြောက်တယ်၊ မနှစ်မြို့ဘူးဆိုတာက ကြောက်တဲ့မနှစ်မြို့တဲ့သူတွေရဲ့ အားနည်းချက်သာဖြစ်တယ်။ ကျောင်းသားတွေရဲ့အားနည်းချက်မဟုတ်ဘူး။ အန်တီကတော့ လွှတ် တော်မှာ အမြဲတမ်းတိုက်တွန်းသွားမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံတွင်ပါဝင်သော သမ္မတလောင်းအရည်အချင်းများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီဥပဒေတို့ အမေတို့ သဘောမတူဘူး။ အဲဒါကြောင့် တကယ်ပဲမျှမျှတတနဲ့ ပြိုင်ချင်တယ်ဆိုရင် ဒီဥပဒေကို မျှတအောင်လုပ်ရမယ်”ဟု ယနေ့(အောက်တိုဘာလ ၂၃ ရက်)တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်တွင် သတင်းထောက်များ၏မေးမြန်းမှုများကို ဖြေကြားခဲ့ရာတွင် ထည့်သွင်း ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအတွက် NLD ပါတီအနေဖြင့်မည်သည့်အချိန်အတွင် အဆိုတင်သွင်းမည်နည်းဟု မေးမြန်းရာတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ဆိုတာကတော့ ကိုယ့်မှာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတဲ့ အခြေအနေကိုကြည့်ပြီး လုပ်ရမှာဖြစ်ပါတယ်။ ဘယ်ကစမလဲဆိုတာလည်းဆုံးဖြတ်ရမယ်”ဟု Eleven Media Group၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ အဖြစ် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆိုကို လက်ခံဆွေးနွေးရန် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးက သဘောတူခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။