Wednesday, October 24, 2012

သုံးနှစ်အတွင်း မတ်ပဲဈေး စံချိန်တင်ကျဆင်း၊ လက်ရှိအချိန်၌ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ ရရှိငွေသည် ယခင်နှစ်ကာလတူထက် သန်း ၂၂၀ နီးပါး လျော့ကျ


သုံးနှစ်အတွင်း မတ်ပဲဈေး စံချိန်တင်ကျဆင်း၊ လက်ရှိအချိန်၌ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ ရရှိငွေသည် ယခင်နှစ်ကာလတူထက် သန်း ၂၂၀ နီးပါး လျော့ကျ   PDF  | Print |
AddThis Social Bookmark Button

thn-10-24-3ယခုနှစ် ပဲဈေးကွက်အတွင်း  မတ်ပဲဈေးများ သုံးနှစ်အတွင်း စံချိန်တင်ကျဆင်းနေကြောင်း၊လက်ရှိအချိန်၌ ပဲမျိုးစုံပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၅၀၀ကျော်ရရှိထားသော်လည်း ယခင်နှစ်ကာလတူထက် ၀င်ငွေရရှိမှုမှာ သန်း၂၂၀ နီးပါးလျော့ ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း အိန္ဒိယမှ အ၀ယ်ရှိခဲ့သောကြောင့် ပဲမျိုးစုံပြည်ပ တင်ပို့မှု ယခင်အပတ်ထက် ပိုမိုတင်ပို့လာခဲ့ကြောင်း၊အောက်တိုဘာလ ၁၂ရက်နေ့အထိ ရရှိသော စာရင်းများအရ ပဲမျိုးစုံပြည်ပတင်ပို့မှု တန် ချိန် ရှစ်သိန်းကျော်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၇သန်းကျော် ရရှိခဲ့ကြောင်း သိရှိရသည်။
ယခင်ဘဏ္ဍာရေးနှစ် ကာလတူ တင်ပို့ခဲ့သည့် တန်ချိန် ၈၇၀၀၀၀ နီးပါးရှိခဲ့ပြီး ၀င်ငွေအမေရိကန်ဒေါ်လာ ၇၂၇သန်းရရှိခဲ့ရာ ပမာဏအားဖြင့် တန်ချိန်ခုနစ်သောင်းခန့်သာ လျော့နည်းတင်ပို့ခဲ့သော်လည်း  ၀င်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း၂၂၀ခန့်အထိ များစွာလျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
''အခုချိန်က အိန္ဒိယမှာ မတ်ပဲနဲ့ ပဲတီစိမ်းအသစ်တွေပေါ်နေသလို ရူပီးဈေးကလည်း ကျနေပါတယ်။ ဒါကြောင့်မြန်မာဘက်က အ၀ယ်နည်းသွားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ အရောင်းအ၀ယ်အေးနေပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် မတ်ပဲဈေးက တစ်တန်ကို  ကျပ် ၁၅၀၀၀ လောက်ကျနေပြီး တော့ FOB ဈေးမှာလည်း တစ်တန်ကို ဒေါ်လာ ၂၀ လောက်ကျ သွားပါတယ်''ဟုလည်း ကုန်စည်ဒိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နှစ်အလိုက် မတ်ပဲဈေးနှုန်းများအရ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်တွင် မတ်ပဲဈေးများ မေလတွင် ပျမ်းမျတစ်တန်လျင် ကျပ် ၁၁ သိန်း ကျော်၊ FOB တစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၁၃၄ အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းပြန်လည် လျော့ကျခဲ့သော်လည်း ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပြည်တွင်းဈေး ၇၃၅၀၀၀ကျပ်၊FOB ဈေးအမေရိကန်ဒေါ်လာ ၉၆၀ အထိ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် မတ်ပဲဈေးများ တအိအိလျော့ကျလာခဲ့ရာ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်  ပြည်တွင်းဈေး တစ်တန်လျင် ၄၉၀၀၀၀ ကျပ်နှင့် ၅၇၆၀၀၀ ကျပ် ကြားရှိခဲ့ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
ထို့ပြင် ၂၀၁၂ ခုနှစ်အတွင်းတွင်လည်း ဇန်န၀ါရီလမှ မတ်လအထိ ဈေးအေးနေခဲ့ပြီး ဇူလိုင်လမှစ၍ စက်တင်ဘာလ လ၀က်ခန့်အထိ ဈေးအနည်းငယ်စီတိုးလာခဲ့ကြောင်း၊ စက်တင်ဘာ တတိယပတ်မှစပြီး ဈေးပြန်ကျလာခဲ့ရာ စက်တင်ဘာ ၂၇ရက်တွင် တစ်တန်လျင် ကျပ် ၄၉၀၀၀၀ အထိရှိခဲ့ရာ ဇန်န၀ါရီလတွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးဈေးထက် ကျပ် ၂၀၀၀၀ ၀န်းကျင် ပိုမိုခဲ့ကြောင်းလည်း သိရှိရသည်။
ပုံမှန်အားဖြင့် ဒီဇင်ဘာလ၊ ဇန်န၀ါရီလများသည် တောင်သူများမှ ၎င်းတို့၏ပဲများ ရောင်းအားအများဆုံးကာလဖြစ်ပြီး လက်ရှိကာလတွင်မူ တောင်သူများ လက်ကျန်မရှိသလောက်နည်းပါးကာ အများစုမှာ ကုန်သည်ကြီးများ၊ လှောင်လက်ကြီးများနှင့် ပြည်ပတင်ပို့သူများ လက်ထဲတွင်သာ ကျန်ရှိကြောင်းလည်း သိရှိရသည်။
                    နှစ်အလိုက် မတ်ပဲဈေးနှုန်းများ
ဘဏ္ဍာနှစ် ကုန်စည်ဒိုင်ပေါက်ဈေး ရန်ကုန် FOBဈေး
၂၀၁၀-၂၀၁၁ ၇၈၅၀၀၀-၈၄၅၀၀၀ ၉၃၀-၉၈၀
၂၀၁၁-၂၀၁၂ ၅၄၅၀၀၀-၆၃၅၀၀၀ ၇၅၀-၈၄၀
၂၀၁၂-၂၀၁၃ (စက်တင်ဘာ) ၄၉၀၀၀၀-၅၇၆၀၀၀ ၆၀၅-၆၉၀

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။