၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ် ၂၀၀၀၀ စီ တိုးမြှင့်ရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
- Created on Friday, 15 March 2013 18:02
“လာမယ့် ဘဏ္ဍာရေးနှစ်မှာတော့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကို ကျပ်နှစ်သောင်းစီ တိုးပေးနိုင်ဖို့အတွက် လျာထားပါတယ်။ နောက်ပြီးတော့ အချိုးကျ တိုးမြှင့်လာမယ့် ပင်စင်လစာနဲ့ ဆုငွေတွေ အတွက်လည်း သာမန်အသုံး စရိတ်မှာ ထည့်သွင်း လျာထားမှု ပြုထားပါတယ်။ လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်ထောက်ပံ့ ပေးနိုင်ရန် လျာထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ပြည်ထောင်စုအဆင့်နှင တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနများ အပါအ၀င် အမြဲတမ်း နိုင်ငံ့ဝန်ထမ်းဦးရေ ၁ သန်း ၂ သိန်းခန့်၊ နေ့စားဝန်ထမ်းဦးရေ ၇ သောင်း ၄ ထောင်ခန့်၊ အငြိမ်းစား ၀န်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ ဒသမ ၆၈၂ ဘီလီယံကို သာမန် အသုံးစရိတ်အပိုင်းတွင် တိုးမြှင့် ထည့်သွင်း လျာထားကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။
“အခုလိုမျိုး ၀န်ထမ်းလစာတွေ တိုးမြှင့်ပေးနိုင်ဖို့ လျာထားတာကတော့ ၂၀၁၃ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း အပေါ်တွင် ပြည်ထောင်စုလွှတ်တော်က အချို့စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်ခဲ့ပြီး အချို့စီမံကိန်း လုပ်ငန်းတွေကို ထပ်တိုးထည့်သွင်း စေခဲ့ပါတယ်။ အသုံးစရိတ် လျှော့ချမှုနဲ့ တိုးမြှင့်မှုတို့ကို မျှတစေရန် ဆောင်ရွက်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ သာမန်အသုံးစရိတ် တွေကိုလည်း သက်ဆိုင်ရာ ဌာနတွေနဲ့ အသေးစိတ် ပြန်လည်စိစစ် ရေးဆွဲပြီး ရငွေတိုးမြှင့် လျာထားခဲ့ပါတယ်” ဟု ပြည်ထောင်စု ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ရေ၊လေ၊) ၀န်ထမ်းများကိုလည်း သတ်မှတ်ထားသည့် လစာနှင့် စရိတ်နှုန်းထားများအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် တိုးမြှင့်ပေးခဲ့ကြောင်း၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို လက်ရှိ သတ်မှတ်ထားသည့် လုပ်ခအပေါ်တွင် အပိုထောက်ပံ့ကြေး အဖြစ် ကျပ် ၁၀၀၀ နှုန်းဖြင့် တိုးမြှင့်ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
နိုင်ငံဝန်ထမ်းများ၏ လစာတိုးနှုန်းများကို ၁-၁၀-၁၉၇၂၊ ၁-၄-၁၉၈၉၊ ၁-၄-၁၉၉၃၊ ၁-၄-၂၀၀၀၊ ၁-၄-၂၀၀၆၊ ၁-၁-၂၀၁၀ ခုနှစ်များတွင် အဆင့်ဆင့် တိုးမြှင့်ခဲ့ပြီး၊ ၁-၇-၁၉၇၆ တွင် ယာယီရှားပါးစရိတ်၊ အပိုထောက်ပံ့ကြေးများကို ၁-၄-၁၉၈၁၊၁-၈-၁၉၈၈ ပေးအပ်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက် မှစ၍ အငြိမ်းစား လစာများကို တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ အပိုထောက်ပံ့ကြေး အဖြစ် ကျပ် ၃၀၀၀၀ ကို ပေးအပ်ခဲ့သည်။
ထို့အတူ ဝေးလံခေါင်သီ ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား လစာနှင့်ညီမျှသော ငွေကို ဒေသစရိတ်အဖြစ် ခံစားခွင့်ပြုထားသည်။
No comments:
Post a Comment