ဒုလ္လဘရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးနှင့် သတိထား ဆင်ခြင်အပ်သည့် အရာများ
သင်္ကြန်အခါ ရောက်ပြီဆိုလျှင် လူတို့သည် လုပ်ငန်းဆောင်တာ ကိစ္စအတော်များများ ရပ်ဆိုင်းထားကြ သည်။ အချို့လူများကလည်း အားလပ်ရက်အခွင့်သာတုန်း ကုသိုလ်ရအောင် ဆိုကာ ဒုလ္လဘရဟန်း ၀တ်ကြသည်။ ပဗ္ဗဇိတဘာဝ ဒုလ္လဘ-ရဟန်းဘ၀ ရခဲသည်ဖြစ်၍ ကြိုးစားရယူ ကြခြင်း ဖြစ်ပါသည်။
http://buddhismbeams.blogspot.com/2013/03/blog-post_13.html
ငမူးများကလည်း ဒုလ္လဘရဟန်း ၀တ်တတ်ကြပါသေးသည်။ ငမူး၏မိဘဆွေမျိုးများက မိမိတို့၏ တူ-သား ငမူးများး သင်္ကြန်အတွင်း သောက်စားပျော်ပါးပြီး ရန်ဖြစ်ကြသည်မျိုး၊ ကားတိုက်မှုဖြစ်သည်မျိုး၊ ရုံးရောက် ဂတ်ရောက်ဖြစ်သည်မျိုး ကြုံရမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ဒုလ္လဘရဟန်းဝတ်ဖြစ်အောင် အစွမ်းကုန် တိုက်တွန်းကြသည်။
ဒုလ္လဘရဟန်း ဆိုသည်မှာ ဘာမှန်းမသိ။ ဘုန်းကြီးကျောင်းရောက်သွားလျှင် အေးပြီဟု သဘောထားကြ သည်။ ဒုလ္လဘရဟန်း ပြုသည်ကတော့ ၀ိနည်းစည်းကမ်းနားလည်သော ဆရာတော်ကြီးများ၊ ရဟန်းတော် များ ရှေ့မှောက်တွင် ပြုလုပ်ခြင်းဖြစ်၍ အပြစ်ကင်းနိုင် ပါသည်။ သို့သော် ဒုလ္လဘရဟန်းဖြစ်ပြီးနောက် ဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာတို့နှင့် ကင်းကွာနေထိုင်မှုကြောင့် အပြစ်များသင့်ရောက်ကြပေတော့သည်။
မိဘဆွေမျိုးများသည် မိမိတို့၏တူသားများ ငြိမ်ငြိမ်နေစေရန် ဒုလ္လဘရဟန်း ၀တ်ခိုင်းသော်လည်း မိမိတို့ ကိုယ်တိုင်ကမူ ငြိမ်ငြိမ်မနေနိုင်ကြ။ တူသားများနှင့် ကင်းကင်းရှင်းရှင်း မနေနိုင်ကြ။ အအေးလာပို့သလိုလို၊ ဆွမ်းခဲဖွယ် လာပို့သလိုလိုဖြင့် ဘုန်းကြီးကျောင်းထဲမှာ သားတွေ၊ သမီးတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေ တရုန်းရုန်း။
တချို့ ဒုလ္လဘ ရဟန်းများကလည်း `အိမ်က ဘာကပ်ချင်လို့ပါ။ ညာကပ်ချင်လို့ပါ` ဟု အကြောင်းပြကာ အရပ်ထဲမှာ သင်္ကန်းကြီး ကိုးရိုးကားရား ဆေးလိပ်ကြီး တကားကားဖြင့် အလွန်အကြည့်ရဆိုးလှသည်။ မနက်ဆွမ်းကို ဘာမှဖန်တီးမပေးသော ဆွမ်းခံမထွက်ရသော ကျောင်းများမှ ဒုလ္လဘများမှာ လက်ဖက်ရည်ဆိုင်တွင် ခါချဉ်အုံ တုတ်ဖြင့်ထိုးထားသလို ရှုပ်ယှက်ခတ်နေတတ်သည်။ တတ်နိုင်၍ သင်္ကန်းဝယ်လာပြီးဝတ်သော ဒုလ္လဘရဟန်းများ၏ သင်္ကန်းက အသစ်မို့ အရောင်အဆင်း ပါသေးသည်။ ဘုန်းကြီးကျောင်းက သင်္ကန်းငှား၍ ၀တ်သော ဒုလ္လဘရဟန်းများမှာ သင်္ကန်းက အရောင်းအဆင်း မရှိ၊ လူက မွဲခြောက်ခြောက်၊ ကာယိနြေ္ဒက ကိုးရိုးကိုးရား ကြည်ညိုဖွယ်ရာအသွင် ပျောက်နေတော့သည်။
တချို့ကျောင်းများသည် သင်္ကန်းအဟောင်းတွေစုထားသည်။ သင်္ကြန်အတွင်း ဒုလ္လဘရဟန်း ၀တ်ကြသောအခါ ရဟန်းတစ်ပါးလျှင် ၀တ္ထုငွေမည်ရွှေ့မည်မျှ စသည်ဖြင့်ယူကာ သင်္ကန်းအဟောင်းကို ၀တ်ပေးသည်။ ရဟန်း ၀တ်ချင်သူများကို ပါရမီဖြည့်ချီးမြှောက်သလိုလို ဖြင့် အကြံအမျိုးမျိုးထုတ် စီမံလျက်ခါတော်မီ ဈေးကွက်ဖွင့်ကြသည်။
ဆွမ်းကွမ်းကိစ္စလည်း စီမံပေးမှု မရှိ၊ ပုတီးစိပ်ခိုင်းခြင်း၊ တရားထိုင်ခိုင်းခြင်း၊ တရားဓမ္မ ဟောပြောပြသပေးခြင်း လည်းမရှိကြပေ။ ညနေ ဘုရားဝတ် မတက်ရသောကျောင်းပင် ရှိတတ်သေးသည်။
စည်းကမ်းတကျ ပြောဆိုထိန်းသိမ်းမှုမရှိသောအခါ ဒုလ္လဘရဟန်းများမှာ နေ့ရောညပါ မြို့ထဲရွာထဲ သွားလာနေကြသည်။ ဒကာ ဒကာမ ကြည်ညိုအောင် မနေတတ် မထိုင်တတ်ကြပေ။ ဥပဇ္ဈာယ်ဆရာ၊ နိဿရည်း ဆရာအချို့ကလည်း သွန်သင်ပြသမှုမရှိဘဲ ကြောင့်ကြမဲ့ နေတော်မူကြသည်။
ဒုလ္လဘရဟန်း ၀တ်သူအချို့သည် ကုသိုလ်လိုချင်၍ အလုပ်အားသခိုက် ရဟန်းဝတ်ကြသည် ဆိုသော်လည်း အပြောနှင့်အလုပ် မညီတတ်ကြပေ။ အကုသိုလ်လာယူသလိုပင် ဖြစ်နေတတ် ကြပါသည်။ ကျောင်းဘုန်းကြီးက တရားထိုင်၊ ပုတီးစိပ်၊ တရားနာ စသည်ကို စီမံမပေးလျှင်ပင် မိမိတို့အသိစိတ်ဖြင့် ပြုလုပ်သင့်ပေသည်။ သို့သော် ထိုသို့ကား မပြုကြ။ ၀ိုင်းဖွဲ့စကားပြောကြသည်။ အလုပ်ကိစ္စအကြောင်း ပြောကြ ဆိုကြ ဆွေးနွေးကြ နှီးနှောတိုင် ပင်ကြသည်။ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့ကြသည်။ ယခုမှပင် သူငယ်ချင်းများ၊ မိတ်ဆွေများ စုံစုံညီညီ ဆုံကြသည်ဟု သဘောထားကာ ကြည်နူးမဆုံးဖြစ်ကြသည်။ စကားတပြောပြော ဟောက်သံ တခေါခေါဖြင့် အချိန်ကုန်သွားတတ်ကြသည်။
သာသနာ့ဘောင်သို့ ၀င်ရောက်ပြီ ဆိုသည်နှင့် မိမိတို့၏ဆွေမျိုး၊ မိဘ၊ မိတ်သင်္ဂဟတို့သည် သာသနာကို ထောက်ပံ့လှူဒါန်းကြသော ဒကာ ဒကာမများ ဖြစ်ကုန်ကြသည်။ ဒကာ ဒကာမတို့ လှူဒါန်းကြသော ဆွမ်းသင်္ကန်း စသည်ကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲစားလျှင် အကြွေးယြူခင်းနှင့်တူကုန်၏။ ဒုလ္လဘရဟန်းအချို့သည် ပစ္စဝေက္ခဏာလည်း မဆင်ခြင်တတ်ကြပေ။ ဆင်ခြင်တတ်အောင်လည်း ဆရာ သမားအချို့က သင်မပေးကြ။ ``ခဏပဲဝတ်တာပါ`` ဟု ခပ်ပေါ့ပေါ့ သဘောထားလိုက် ကြသည်။
ဘုန်းကြီးကျောင်းအတွင်းရှိ ပစ္စည်းပစ္စယအားလုံးနီးပါးသည် သံဃိကပစ္စည်းများ ဖြစ်ကြသည်။ ထိုပစ္စည်းများကို မဆင်မခြင် သုံးမိပါက အပြစ်ရှိပါသည်။ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားသောက်နေထိုင်ခဲ့ကြသော ရဟန်းတော်များ ဂိဇ္ဈကုတ်တောင်နံပါးတွင် ပြိတ္တာဖြစ်နေ ကြကြောင်း ဘုရားဟောတရားတော်လည်း အထင်အရှား ရှိပါသည်။ ``သံဃာ့ပစ္စည်း၊ အဆိပ်သီး၊ သုံးနည်းအလွန်ခက်`` ဆိုသလို ဒုလ္လဘရဟန်းဝတ်ခိုက် မနေတတ် မထိုင်တတ်လျှင် အလွန် အပြစ်ကြီးလှပါသည်။
စာရေးသူ၏ မိတ်ဆွေဒကာတစ်ယောက်က ပြောဖူးသည်။ ``တပည့်တော်က ဘုန်းကြီးကျောင်းက လုပ်စရာရှိတာ တတ်နိုင်သလောက် လုပ်ပေးချင်ပါတယ်၊ အစား အသောက် အသုံးအဆောင်ဆိုရင် ဘာမှ မစားချင် မယူချင်ဘူး။ ဖြစ်နိုင်ရင် ရေတောင် မသောက်ချင်ပါဘူး။
ဘုန်းကြီးကျောင်းက ပစ္စည်းဆိုတာ ရဟန်းသံဃာတွေတောင် အပြစ်မဖြစ်အောင် ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သုံးဆောင်ရတာ၊ သံဃာ့ပစ္စည်းဆိုတာ မသုံးတ်ရင် အလွန်အပြစ် ကြီးလို့ တပည့်တော်တို့က ကြောက်တယ်ဘုရား`` ဟု လျှောက်ထားဖူးသည်။
ကျောင်း၏ ဝေယျာဝစ္စ လုပ်ပေးသူ၊ သံဃာ့ဝေယျာဝစ္စ လုပ်ပေးသူများသည် ကျောင်းကပစ္စည်း ကို သုံးစွဲကောင်းပါကြောင်း ရှင်းပြရပါသည်။
ဒုလ္လရဟန်းဝတ်သည့်အခိုက် ရဟန်းတရားကို ကြိုးစားအားမထုတ်နိုင်လျှင် ဒုလ္လဘရဟန်း ၀တ်ခြင်းထက် မ၀တ်ခြင်းကသာ ပိုကောင်းသည်ဟု ဆိုချင်ပါသည်။
အမှန်တကယ် ကုသိုလ်လိုချင်၍ ဒုလ္လဘရဟန်းဝတ်သည်ဆိုပါလျှင် စည်းကမ်းတကျ နေထိုင်ရသော ကျောင်း၌၀တ်သင့်ပါသည်။
တချို့သောသူများသည် မည်ကဲ့သို့သော ရည်ရွယ်ချက်မျိုးဖြင့် ဒုလ္လဘရဟန်း ၀တ်ကြပါသနည်း ..။ စဉ်းစားဖွယ်ရှိပါသည်။
ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်ပါသည်။ ဆရာတော်ကြီးထံ ဒုလ္လဘရဟန်းဝတ်ချင်သည်ဟု လာရောက်လျှောက်ထား သူများအား ဆရာတော်ကြီးက -
``ဒုလ္လဘရဟန်းဆိုတာ ၀ိနည်းစည်းကမ်းနားမလည်ကြဘူး။ ခဏသာဝတ်ခြင်းဖြစ်တဲ့အတွက် အမြန်သင်ဖို့လဲ မလွယ်လှဘူး။ ဒုလ္လဘရဟန်းဆိုတာ ဥပဇ္ဈာယ်ဆရာနဲ့ကင်းပြီး နေလို့မသင့် ဘူး။ ဒါကြောင့် ဒုလ္လဘရဟန်းဝတ်ချင်ရင် ဘုန်းကြီးမျက်စိအောက်မှာ ဘုန်းကြီးနဲ့အတူ နေရမယ်။ ဘုန်းကြီး အိပ်ရာထတဲ့အချိန် ထရမယ်။ ဘုန်းကြီးခိုင်းတဲ့အတိုင်း နေထိုင်ရမယ်။ အဲဒီလိုနေနိုင်မယ်ဆိုရင် ဒုလ္လဘရဟန်းအတွက် သင်္ကန်းပရိက္ခရာ ဘုန်းကြီးကိုယ်တိုင် ဒကာခံပြီး ၀တ်ပေးပါ့မယ်။ လာခဲ့ပါ`` ဟု မိန့်ကြားပါသည်။
ဆရာတော်ကြီး၏ မိန့်ကြားချက်ကို ကြားသိရသောအခါ ဒုလ္လဘရဟန်း ၀တ်ချင်သည် ဆိုသူများမှာ ဆရာတော်ကြီးထံသို့ ပေါ်မလာတော့ပေ။ တစ်ရာမှာ တစ်ယောက်ပင် မရှိသလောက်ဖြစ်သွားပါသည်။
ထိုသူတို့ကား မိမိတို့အတွက် သံသရာလမ်းကောင်းကို အမှန်တကယ် ညွှန်ပြပေးသော ကျောင်းများ၊ ဆရာတော်များထံ၌ မ၀တ်ရဲကြ၊ မ၀တ်ချင်ကြပေ။ အမှန်အားဖြင့် ဒုလ္လဘရဟန်းဝတ်၍ မြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ နေမည်ဆိုပါက အလွန်အကျိုးများ ကြောင်း တွေ့ရပါသည်။
ဝိပဿီမြတ်စွာဘုရားလက်ထက် သတ္တာဟပဗ္ဗိဇိတလောင်းသည် ဆွေမျိုးတို့၏ ပျက်စီးခြင်းစည်းစိတ် ဥစ္စာ၏ ပျက်စီးခြင်းနှင့် ကြုံခဲ့လေ၏။
ထိုပျက်စီးမှုများ ပြေပျောက်စေရန် စိတ်ချမ်းသာစေရန် ဒုလ္လဘရဟန်း ၀တ်ခဲ့ပါသည်။ မြတ်စွာဘုရားအဆုံးအမအတိုင်း ဒါနသီလ ဘာဝနာအကျင့်များကို ကျင့်သုံးလျက် ဒုလ္လဘရဟန်း ဘ၀၌ ခုနှစ်ရက်မွေ့လျှော်ခဲ့၏။
ထိုကုသိုလ်ကောင်းမှုကြောင့် ဤကမ္ဘာမှပြန်၍ရေသော် ၉၁-ကမ္ဘာအတွင်း၌ အပါယ်လေးဘုံသို့ တစ်ခါမျှ မကျရောက်ခဲ့ပေ။ ဤကမ္ဘာမှပြန်၍ရေသော် ၆၇ ကမ္ဘာမြောက်၌ သုနိက္ခမ (တောထွက်စကြာမင်း)ဟု ထင်ရှားသော တစ်ကမ္ဘာလုံးကို အစိုးရသည့် စကြာဝတေးမင်းကြီး ၇-ကြိမ်ဖြစ်ခဲ့ပါသည်။
ဂေါတမဘုရားလက်ထက် ရောက်သောအခါ ပဋိသမ္ဘိဒါဥာဏ် ၄-ပါး၊ ၀ိမောက္ခဈာန် ၈-ပါ။၊ အဘိညာဉ် ၆-ပါးတို့နှင့် ပြည့်စုံသော ရဟန္တာဖြစ်လာရလေသည်။ ဤသည်ကား ၇-ရက် ဒုလ္လဘရဟန်းဝတ်၍ ရဟန်းတရားနှင့်အညီ နေထိုင်ခဲ့သော သတ္တာဟပဗ္ဗဇ္ဇိတ မထရ်၏ အကျိုးဖြစ်ပါသည်။ (ဟပါဒါန်-ပါ-ပအုပ် ၂၇၃။)
ထို့ကြောင့် ဒုလ္လဘရဟန်းဝတ်ကြသည့်အခိုက် မိမိအတွက် ကုသိုလ်မျိုးစေ့ပွားအောင် ကြိုးစားနိုင်ကြဖို့ ကောင်းလှပေစွတကား။
အရှင်ဇဋိလ (နတ်မောက်)
Blogger Post>> http://buddhismbeams.blogspot.com/2013/03/blog-post_13.html
ဘကြီးသက်
No comments:
Post a Comment