၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် လေ့လာသုံးသပ်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းရေးအဆို ကန့်ကွက်သူမရှိ ပြည်သူ့လွှတ်တော် အတည်ပြု
- Created on Friday, 15 March 2013 18:12
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ၀က်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ပါတီတွဲဖက် အထွေထွေ အတွင်းရေးမှူး မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံခဲ့ကာ လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
သူရဦးအေးမြင့်က ဥပဒေတစ်ရပ်သည် မည်သို့ပင် ပြည့်စုံသည် ဆိုစေကာမူ အချိန်ကာလ အပြောင်း အလဲကြောင့် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ခေတ်အခြေအနေ အမျိုးမျိုးကြောင့် အံဝင်ခွင်ကျ မဖြစ်မှုများ၊ ပြင်ဆင်၊ ဖြည့်စွက်ရန်အတွက် လိုအပ်မည်ဖြစ်ကြောင်း အဆိုတင်သွင်းစဉ် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း ရေးဆွဲခဲ့စဉ်ကာလက အနာဂတ် နိုင်ငံတော်အတွက် စေတနာအပြည့်နဲ့ အဖက်ဖက်က ပြည့်စုံအောင် ရေးဆွဲခဲ့တာ မှန်သော် လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားမှုကြောင့် ခေတ်ကာလ အခြေအနေ အချိန်အခါနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် လိုက်လျောညီထွေ ဖြစ်အောင် ပြန်လည်လေ့လာ သုံးသပ်ဖို့လိုပြီလို့ အခိုင်အမာ ယူဆမိပါတယ်” ဟု သူရဦးအေးမြင့်က ပြောသည်။
ယင်းကော်မတီ/ကော်မရှင်များတွင် သင့်လျော်မည့် ဥပဒေပညာရှင်များ၊ အသိပညာ ပြည့်ဝသူများနှင့် အတွေ့အကြုံ ရင့်ကျက်သူများကို ထည့်သွင်းဖွဲ့စည်းရန်လည်း သူရဦးအေးမြင့်က ပြောကြားခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး အတွက်နှင့် ပြည်တွင်း ပြည်ပ အခြေအနေများ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ဓာ အကျိုးစီးပွားအား ပြင်ဆင်မှု ပြုနိုင်ရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်များ အပါအ၀င် ပါတီစုံ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ကော်မရှင်တစ်ရပ် သို့မဟုတ် အဖွဲ့ကို သင့်တော်သလို ဖွဲ့စည်းရန် လိုအပ်သည်ဟု မိမိအနေဖြင့် ယူဆကြောင်း ပြောကြားခဲ့ပြီး အဆိုအတည် ဖြစ်ကြောင်းကို ပြည်ထောင်စု လွှတ်တော် နာယကထံသို့ သ၀ဏ်လွှာ ပေးပို့မည်ဖြစ်ကြောင်း ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်သော်လည်း ပြင်ဆင်နိုင်ရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထိန်းချုပ်နိုင်စွမ်းရှိသော လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်းရှိသော တပ်မတော်တွင် မူတည်နေကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပါသည်။
သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်ညွှန့်က “ဒီိမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်တွေ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုအပ်တဲ့ အချက်တွေကို ဒီကော်မတီ/ကော်မရှင် လေ့လာသုံးသပ် တင်ပြနိုင်ဖို့ လိုတယ်။ ထူးခြားချက်က ဒီအခြေခံဥပဒေ ပြင်ဆင်ဖို့ ပြောတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်တာမဟုတ်ဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌတင်သွင်းပြီး တွဲဖက် အတွင်းရေးမှူးက ထောက်ခံတဲ့ ဒါအင်မတန်မှ ထူးခြားတဲ့ နိုင်ငံရေး မြင်ကွင်းဖြစ်တယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ကော်မတီဖွဲ့ပြီး ဆောင်ရွက်မယ်ဆိုရင် ဒီကော်မတီမှာ ၀င်ပြီးတော့ အလုပ်လုပ်ရင်း အကောင်းဆုံး စာမေးပွဲရလဒ် ရအောင်တော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုးစားရမှာပေါ့” ဟု သုံးသပ်ပြောကြားသည်။
ကူးပြောင်းရေးဖြစ်စဉ်ကိုသူတို့ကိုယ်တိုင်ပြုပြင်ပြောင်းလဲယူတယ် ဆိုတဲ့ သမိုင်းကို လိုချင်ပုံရပါတယ် ။ ဒါကြောင့် NLD ရဲ့ရှေ့ကနေပြီး ပြုပြင်ပြောင်းလဲမှူ့တွေကို ကိုယ်တိုင်ဦးဆောင် လုပ်ဆောင်သွားမယ်လို့ထင်ပါတယ်။ NLD ကလဲဒါကိုသဘောပေါက်ပြီး နောက်ဆုတ်ပေးသွားမှာပါ ။ နှစ်ဦးနှစ်ဖက် သိက္ခာ ရှိတဲ့လမ်းကိုရွေးနေကြတာပါ ။
“ပြည်သူများရွေးကောက်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ လွှတ်တော်ကိုဖွဲ့စည်းရမည်”လို့…
(မည်သူမဆို တို့က IQ မြင့်တဲ့ ဆရာဝန် အင်ဂျင်နီယာတွေမို့လို့၊ တို့က ဥပဒေနားလည်တဲ့ ရှေ့နေတွေမို့လို့၊ တို့က လက်နက်ကိုင် စစ်သားတွေမို့လို့၊ တို့က ဆိုက်ကားသမားတွေမို့လို့၊ တို့က သူတောင်းစားတွေမို့လို့ အမတ်ဘယ်နှစ်နေရာ ယူခွင့်ရှိတယ်လို့ (ပြည်သူကမရွေးချယ်ဘဲ) လွှတ်တော်မှာ အတင်းအဓမ္မ ၀င်နေရာယူတာမျိုး မရှိသင့်ပါဘူး..။)