Friday, March 15, 2013

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ


ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ 

လက်ပံတန်းတောင် ဒေသတွင် ပြင်းပြင်းထန်ထန်ဆန္ဒပြ ကန့် ကွက် မှုများ နှင့် ကြုံတွေ့ သော် လည်း မုံရွာ ၀င်းယူနတီ မြို့  သို့  ပြန်အရောက် တွင် ကြိုဆိုနှုတ် ဆက်သူများ နှင့် အတူ တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည် Credit : ThanLarWaddy Times သလ္လာဝတီတိုင်း(မ)/Freedom News
Mmnewshub , 14March 2013  —– လက်ပန်းတောင်းတောင် ကြေးနီစီိမံကိန်းအစီရင်ခံစာနှင့်ပါတ်သက်ပြီးစုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာဒေသခံကျေးရွာများသို့ သွားရောက် ရှင်းလင်းပြောကြား ပြီးနောက်  ယခုအခါ မုံရွာမြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါသည်။
ယနေ့ မတ်လ ၁၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စုံစမ်းရေးကော်မရှင်အဖွဲ့သည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ကာ ရှင်းလင်းပြောကြားခဲ့ရာတွင် တွေ့ကြုံရသော အခြေအနေအခက်အခဲများနှင့် ပတ်သက်သည့်သတင်းဖြစ်စဉ်အချို့ကို ဖော်ပြထားသည့်   7Day News အင်တာနက်သတင်း စာမျက်နှာပေါ်မှ ကောက်နုတ် စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နေ့လည်ပိုင်းတွင် ဆည်တဲရွာသို့ရောက်ရှိသွား ပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများနှင့် တွေ့ဆုံရန် ကြိုးစားရာ ဒေသခံများက ရွာအတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ငါးဦးသာ ၀င်ခွင့်ပြုပြီး အတူပါလာသည့် မီဒီယာများနှင့် အခြားတာဝန်ရှိသူများကို ၀င်ခွင့်မပြုကြောင်း ဆဲဗင်းဒေးသတင်းထောက်က သတင်းပေးပို့သည်။
မူလက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်သာ ရွာအတွင်း အ၀င်ခံမည်ဖြစ်ကြောင်း ရွာသားများကပြော ကြားခဲ့ပြီး ညှိနှိုင်းကာ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများနှင့်အတူ ဆည်တဲရွာဘုန်းကြီးကျောင်းတွင် လက်ပံတောင်းတောင် စီမံကိန်းလုံးဝရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုသူများနှင့် ပူးပေါင်းပါဝင်သော ပြည်သူ့ကွန်ယက်အဖွဲ့မှ ကိုဟန်ဝင်းအောင်လည်း ရှိနေသည်ဟု ဆက်လက်ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီတွင် အဆိုပါ ဆည်တဲကျေးရွာမှပြန်လည်ထွက်ခွာသွားပြီး ရွာသားများက ဒေါ်အောင်ဆန်းစုကြည်နောက်မှလိုက်လာကာ “ကော်မရှင် အစီရင်ခံစာ အလိုမရှိ” ဟုအော်ဟစ်ကာလိုက်ပါလာကြကြောင်း ထိုနေရာသို့ရောက်ရှိနေသည့် သတင်းထောက်က သတင်းပေး ပို့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ မျက်နှာမသာမယာနှင့် ရွာထဲမှထွက်လာပြီး ကနဦးကြားသိချက်များအရ ရွာသားများက ညှိနှိုင်းမှုကို လက်မခံကြကြောင်း သတင်းရရှိသည်။ ပြင်ပတွင် ကျန်နေရစ်သော မီဒီယာ သမားများကိုလည်း ဒေါသထွက်နေသော ရွာသားများက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ် ခဲ့ကြောင်း ထိုနေရာမှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် အရေးကြီးသော လုံခြုံရေး အစီအမံများကို ဆောင်ရွက်ပေးရန် သမ္မတကြီးကိုယ်တိုင် စိတ်ပူပန်စွာ ညွှန်ကြားထားခဲ့ကြောင်းနိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူက၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ယနေ့တစ်ရွာဝင်တစ်ရွာထွက် သွားရောက်ခဲ့သော ရွာများထဲရွာသစ်၊ဒုံးတော၊ ကံကုန်း၊ကျော်ရွာ၊မိုးကြိုးပြင်ရွာများတွင် ကော်မရှင်၏အစီရင်ခံစာအကြောင်း ရှင်းလင်းပြောကြားချက် များကို ကျေနပ်လက်ခံခဲ့ကြပြီး ဆည်တဲရွာဟောင်းတစ်ရွာတွင်သာ လက်မခံခဲ့ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
စုံစမ်းစစ်ဆေးရေးအပြီးသတ်အစီရင်ခံစာအကောင်အထည်ဖော်မည့် ကော်မတီအဖွဲ့ဝင်များသည်မနက်ဖန် (မတ်၁၅)ရက်တွင်ထိုဒေသသို့လာရောက်ကာ လျော်ကြေးကိစ္စများနှင့် အခြားကိစ္စများပြေလည်အောင် လာရောက်ကာ ၃ရက်ကြာ ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ကြောင်း သတင်းထောက်ကသတင်းပေးပို့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည်မုံရွာမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး သတင်းစာရှင်း လင်းပွဲလုပ်ဖြစ် မလုပ်ဖြစ်မှာ မသေချာသေးပေ။
နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍လုပ်ခြင်းမဟုတ်ဘဲ မိမိမှန်သည်ထင်ရာကိုလုပ်ကိုင်ခြင်းဖြစ်ရာ အမုန်းခံရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မုံရွာမြို့၊ ၀င်းယူနတီဟိုတယ်တွင် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင်စုံ စမ်းရေးကော်မ ရှင် တွင် ပါဝင်နေခြင်းသည် လက်ခုတ်ရာဓါးဝင်လျှိုနေသကဲ့သို့ ဖြစ်နေပါသလားဟူသော မီဒီယာသမား တစ်ဦး ၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
” အချစ်ခံချင်ရင် ဇာတ်ပဲကမှာပေါ့ ” ဟုလည်း သူမက တုန့်ပြန်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဒေသခံများနှင့်တွေ့ဆုံပြီးနောက် ယနေ့ည ၆း၃၀ အချိန်ခန့် တွင် နေပြည်တော် သို့ပြန်လည်ထွက်ခွာသွားရာဒေသခံများက ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း Messenger News တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ပြန်အရောက်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ်ရှေ့တွင် ခန့်မှန်းခြေဒေသခံတစ်ရာကျော်ကာ စုဝေးစောင့်ဆိုင်းကာ သူမ၏လုပ်ရပ်များကိုထောက် ခံကြောင်းအော် ဟစ်အားပေးခဲ့ကြသည်ဟု ထိုနေရာမှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
“အမေစုလုပ်ရပ်ကို လုံးဝထောက်ခံတယ်”၊ “ အမေစုလုံးဝ မှန်ကန်တယ်” ဟု ကြွေးကြော်ကာ အားပေး ခဲ့ကြ သည်ဟု သတင်းထောက်က ပြောကြားသည်။ လာရောက်စောင့်ဆိုင်းခဲ့သောဒေသခံများထဲမှ မုံရွာမြို့ခံ အသက်၃၅နှစ်အရွယ် ကိုကျော်အောင်က“အမေစုကတိုင်းပြည်အတွက်မကောင်းတကာ ကိုလုပ်မယ့်သူမဟုတ်ပါဘူး၊ဒေသခံတွေအကျိုးအတွက်လုပ်မယ့်သူဆိုတာယုံကြည်တယ်။ ဒါကြောင့် သူ့လုပ်ရပ်ကို လက်ခံတယ်။ အခုဆန္ဒပြနေတာတွေကို လက်မခံပါဘူး ”ဟုပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လာရောက်စောင့်ဆိုင်းသူ မုံရွာဒေသခံများကို နှုတ်ဆက်ကာ ပေးသော ပန်းများကိုလက်ခံရယူခဲ့သည်။

လက်ပံတန်းတောင် ဒေသတွင် ကော်မရှင်အစီရင်ခံစာအားအပြင်းအထန်ကန့် ကွက်မှု များ နှင့်ကြုံ တွေ့ ရပြီး နောက်ယနေ့ ညတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေ ပြည် တော် သို့  ပြန်လည် ထွက်ခွာ သွား ပြီ ဖြစ်သည်။ Photo Credit : Wunna Nna/Freedom News
ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ် သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး “အမေစုကျန်းမာပါစေ”၊ “အမေစုကိုထောက်ခံ ပါတယ်”ဟု အော်ဟစ်ကာ အားပေးနှုတ် ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။