Thursday, March 21, 2013

တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀ဝ ကြောင့်ဟုဆို


တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀ဝ ကြောင့်ဟုဆို

ယာဘ စည်းများ (ဓါတ်ပုံ -အင်တာနက်)
သျှမ်းသံတော်ဆင့်သတင်းဌာန.  ၂၁ရက်နေ့ မတ်လ ၂၀၁၃  —-  ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။
“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့  ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော်  တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။

ဖေဖော်ဝါရီလအတွင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာ၌ ယာဘအစည်းပေါင်း ၇၀ဝ ကို   ဖမ်းဆီးမိသဖြင့် ခွဲဝေယူကြရာ ခမရ ၃၃၁ အတွက်ဝေစုမှာ ယာဘအစည်း ၃၀ဝ ဖြစ်ကြောင်း၊ အစည်း ၃၀ဝ အနက် ၄င်းတို့ဗျူဟာမှူးမှ အစည်း ၂၀ဝ ယူဆောင်သွားကြောင်း ထို့သို့ဖြစ်ရာကနေ ခွဲဝေယူကြရာမှ စကားများ၍ သေနတ်လုကြရာမှ ၄ ချက် ပစ်မိ ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။
“ ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက – ကျနော့်မှာ သေနတ်ရှိတယ် ဆိုထုတ်လာတော့ အဲဒီသေနတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံးတလုံးမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ဘယ် လည်ချောင်းကနေဝင်ပြီး နားထင် နားရွက်ဘက် ပွင့်ထွက်သွားတော့ လည်တိုင်တခြမ်းထိမိပြီးတော့ သေတာ။ အဲဒီ ကိစ္စက နေ ဝှစ်သောက်ကားမှု၊ မတရားချစားမှုတွေက အစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေ တယ်။ သူတို့နဲ့ဆိုင်တဲ့ ရွှေငွေ ဥစ္စာပစ္စည်းတွေလဲ သိမ်းဆည်းနေတာတွေရှိတယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။
တပ်ရင်းမှူး ဗိုလ်မှူးကြီးဇေယျာဝင်း၏ ရုပ်အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါအမှုအခင်းအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံတိုင်းမှူးကလည်းကောင်း၊ သက်ဆိုင်ရာ အဆင့်အဆင့်မှ လည်းကောင်း စစ်ဆေးမေးမြန်းရာတွင် ယာဘ ဖမ်းမိ၍ အထက်သို့တင်ပြမှုမရှိဘဲ အချင်းချင်းဝေငှပေးခြင်း၊ လိုင်စင်မဲ့ကားများဖမ်းဆီး၍ အထက်သို့တင်ပြမှုမရှိခြင်း အစရှိသဖြင့် ပြစ်မှုများတွေ့ ရှိလာကြောင်း၊ ထို့ကြောင့် တာချီလိတ်ရှိမူးယစ်ရဲ ၅ ဦးကိုပါ ဖမ်းဆီး၍  အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်းလူမျိုး မူးယစ်ရဲတဦးလည်း ပါဝင်ကြောင်း၊ နေပြည်တော်မှ  တပ်မတော်စစ်ဆေးရေးမှူး/ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသောင်းအေး ကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း တပ်အရာရှိများနှင့် ဝင်ဆန့်သည့် ဒေသခံအမျိုးသားတဦးက ဆက်လက်ပြောပြသည်။
အဆိုပါ ယာဘ အစည်းပေါင်း ၇၀ဝ မှာ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးစွပ်စွဲကာ တရုတ် ပြည် ကူမင်းမြို့၌ဆေးထိုးသတ်ခံရသော စိုင်းနော်ခမ်း၏ ပစ္စည်းများဖြစ်သည်ဟုလည်း ဒေသတွင်း၌ သတင်းများထွက်နေ ကြောင်း ဒေသခံတချို့ကပြောပါသည်။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။