Thursday, March 21, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး


ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး

AddThis Social Bookmark Button
general-7-march21
ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရေးအတွက် ပင်လုံညီလာခံကဲ့သို့ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော ညီလာခံတစ်ရပ် ခေါ်ယူကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရန် လိုကြောင်း မတ်လ ၂၂ ရက်ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်းပြည်နယ်၊ ကယားပြည်) တွင် ဆွေးနွေးခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတို့ကို အကောင်အထည်ဖော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်၍ မရအောင် အဘက်ဘက်မှ တင်းကြပ်စွာ ပိတ်ပင်ထားကြောင်း၊ ဥပဒေပါအချက်များကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ရမည့် ပုဒ်မများမှာ များပြားလွန်းသောကြောင့် ထိုသို့ အသစ်ပြန်လည်ရေးဆွဲရန် ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
"တိုင်းရင်းသားလူမျိုးစုများ မျှော်လင့်တောင်းဆိုနေတဲ့ ပြည်ထောင်စုကြီးဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအစား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲ အစားထိုးရပါမယ်" ဟု SSPP/SSA နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲန်က ပြောကြားသည်။

ထို့အပြင် လက်ရှိတွင် ၄င်းတို့တပ်ဖွဲ့နှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲ စာချုပ်လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် အပစ်ခတ်ရပ်စဲရေး စာချုပ်များသည် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေကြောင်းလည်း ဝေဖန်ပြောဆိုခဲ့ပါသည်။
ပြည်တွင်းပြည်ပစစ်ပွဲများကို သမ္မတထံမှ ခွင့်ပြုချက်မလိုဘဲ ကာကွယ်ရေးဦးစီးချုပ် အမိန့်ဖြင့် စစ်ဆင်ရေးများ ပြုလုပ်နိုင်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေသောအချက် ဖြစ်ကြောင်းလည်း ထောက်ပြခဲ့ပြီး တပ်မတော်ကို အစိုးရလက်အောက် ထားရှိရန်လိုကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲန်က ဆက်လက်ပြောသည်။
ကယန်းပြည်သစ်ပါတီက ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အဓိကကျကြောင်းနှင့် နယ်ပယ်အသီးသီးမှ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ အခြားနိုင်ငံရေး အင်အားစုများမှ ကိုယ်စားလှယ်များ၊ လူထုလူတန်းစား ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ အစိုးရဖွဲ့ဝင်များ တန်းတူရည်တူ အခွင့်အရေးဖြင့် ပါဝင်သည့် ညီလာခံတစ်ရပ် ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရန် ပြောကြားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ "မကြာခင်အချိန်မှာပဲ ကြေကြေလည်လည် ဆွေးနွေးရမယ့် ဘာသာရပ်တစ်ခု ဖြစ်လာတော့မှာပါ" ဟု SNLD မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ယင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် တိုင်းရင်းသားလူမျိုးစုများ၏ ပင်လုံစာချုပ်ပါ ပြည်နယ်များ တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် တိုင်းရင်းသားနိုင်ငံရေး ပါတီများ၊ လက်နက်ကိုင်အဖွဲ့များ၊ ဥပဒေ ပညာရှင်များနှင့် လေ့လာသူများက ဆွေးနွေးခဲ့ကြသည်။

Comments  

 
+13 # minu.min 2013-03-21 19:50
လမ်းမကောင်းမှန်းလဲသိတယ်... ပြင်ရမယ်ဆိုတာလဲသိတယ်.... ခရီးကလဲ ဆက်ရဦးမယ်....။ ဒီတော့ နည်းနည်းချင်းပြင် ... တစ်ခုချင်းပြင်... တနှစ်ပြီး တနှစ် ပြီးတနှစ် တစ်ခုပြီးတစ်ခုပြင်ပါ..။ လမ်းပိတ်ပြီးမပြင်ကြပါနဲ့.... ရန်ဖြစ်ရင်းမပြင်ကြပါနဲ့...။ ခရီးဆက်ရမယ့်လူတွေအများကြီးရှိနေသေးတယ်....။ ခင်ဗျားတို့တော်မှန်းတတ်မှန်း.. ရပိုင်ခွင့်ရှိမှန်းသိပါတယ်...။ သို့သော်... (ငါ့လက်ထက်မှာ တောင်ဆိုပြီး ပြင်လိုက်တာကွ) ဆိုတဲ့မာနအတွက်... ရန်တော့မဖြစ်ကြပါနဲ့... နောက်လူတွေလဲ သူတို့လိုအပ်ချက်တွေ ထပ်ထပ်ရှိလာတဲ့အခါ ... ထပ်ပြီး ပြင်ကြရဦးမှာပဲ....။ ဒါဗြဲ...
 
 
+11 # Zawtika 2013-03-21 19:27
အချင်းချင်းဆော်ပီး နိုင်ငံခါးချည့်အောင် လုပ်မဲ့အစား တည်ဆောက်ရေးကိုဘဲ အားသွန်ခွန်စိုက် လုပ်ကြပါစို့လို့.....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။