ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့်ပေးရန် အစီအစဉ်ရှိသော်လည်း
မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပေးမည်ကို ပြည်ထောင်စု အစိုးရအနေဖြင့် အတိအကျ
ဆုံးဖြတ်ပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်
ပုံမှန်အစည်းအဝေးတွင်
သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးသိန်းညွန့်၏ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်း
စာထုတ်ဝေခွင့်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာ၌
ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း
ဖြစ်သည်။
“တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့်
ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပေးခဲ့သည်ကို
ယင်းဥပဒေတည်ဆဲကာလတွင်ပင် ပြည်ထောင်စု
အစိုးရက ပုဂ္ဂလိက သတင်းစာ
ထုတ်ဝေခွင့်ပြုပါမည်လား” ဟူသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ၁၉၆၂
ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ
အာဏာတည်ဆဲကာလအတွင်းမှာပင် လွတ်လပ်သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပေးရန်
အစီအစဉ်ရှိပါကြောင်း၊ သို့ရာတွင် ပြောင်းလဲ
လာသော မီဒီယာ
ရှုခင်းရှုကွက်များနှင့်သတင်းပညာ အဓိပ္ပာယ်ရှင်းလင်း ဖော်ပြချက်များအရ
လွတ်လပ်သောပုဂ္ဂလိက သတင်းစာများ ကောင်းစွာ ရှင်သန်ပြီး တာရှည်
တည်တံ့ခိုင်မြဲစေသော မီဒီယာပတ် ၀န်းကျင်အသစ်တစ်ရပ်ကို သက် ဆိုင်ရာ
စာနယ်ဇင်း အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ပြုစုပျိုး
ထောင်လျက်ရှိကြောင်း၊ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများ ရေးဆွဲခြင်း၊
ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ လုပ်ငန်းစဉ်များ
သတ်မှတ်ခြင်း၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ(Code of Ethic) ရေးဆွဲခြင်း၊
ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Code of Conduct) ရေးဆွဲခြင်း၊
သတင်းစာနယ်ဇင်း အဖွဲ့အစည်းဆိုင်ရာ စံနှုန်းထားများ ရေးဆွဲခြင်း၊
ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များ ရေးဆွဲခြင်းတို့ကို
ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ ဖြေကြားချက်အပေါ် ဦးသိန်းညွန့်က ထပ်မံ၍ “ကျွန်တော်တို့နိုင်ငံက
နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမယ့် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပြီဆိုတာ
ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ရသည်မရသည်အပေါ်မှာ တည်နေပါတယ်။ အဲဒါကြောင့်
ဝန်ကြီးဖြေကြားခဲ့တဲ့ အခြေအနေ တစ်စုံတစ်ရာ၊ ကာလအားဖြင့် အကြမ်းဖျဉ်း ၂၀၁၃
ခုနှစ် မည့်သည့်အချိန်ပိုင်းလောက် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်
ပေးနိုင်မည်ကို ခန့်မှန်းဆိုပေမယ့် တိတိကျကျ ဖြေဆိုပေးပါ”ဟု
ထပ်မံမေးမြန်းခဲ့သည်။
ထိုသို့ ထပ်မံမေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်က “အခု
ကျွန်တော်တို့အနေနဲ့ ဒီ မီဒီယာ environment ကို ပြုပြင်
လုပ်ဆောင်နေတဲ့နေရာမှာ press council အပါအ၀င် ကျန်တဲ့အဖွဲ့ အစည်းအားလုံး
ခုနက ကျွန်တော် တင်ပြခဲ့တဲ့ constitution တွေကို ဘယ်လောက်အထိ စောလျဉ်စွာ
ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ အချက်ပေါ်မှာ အဓိကတည်နေတာ ဖြစ်တဲ့အတွက်
ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအနေနဲ့ ဘယ်နေ့၊ ဘယ်ရက်ဆိုတာ
အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါကြောင်း တင်ပြအပ်ပါသည်”ဟု ပြန်လည်
ဖြေကြားခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ကိုယ်တိုင် ထုတ်ဝေခွင့်ပေးရန်
အစီအစဉ်ရှိသော်လည်း မည်သည့်နေ့၊ မည်သည့်အချိန်ဟု အတိအကျ မပြောနိုင်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည့်အပေါ် စာနယ်ဇင်းသမားအများစုက ဝေဖန်ခဲ့ပြီး
ရှေ့နောက်ညီညွတ်မှုမရှိသည့်အဖြေဖြစ်ကြောင်း
ပြောဆိုလိုက်ကြသည်။
ပြီးခဲ့သော သြဂုတ်လ ၂၇ ရက်က ပြန်ကြားရေးဝန်ကြီးအဖြစ်
ပြောင်းလဲတာဝန်ပေးခြင်းခံရသော ဦးအောင်ကြည်သည် စက်တင်ဘာလ ၂ ရက်နေ့က
မြန်မာတိုင်း(မ်)သတင်းဂျာနယ်၏
တွေ့ဆုံမေးမြန်းခြင်းတွင်
''နေ့စဉ်ထုတ်သတင်းစာဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မဖြစ်မနေရှိရမယ့်
အင်္ဂါရပ်တစ်ခုလို့ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်မို့လို့ ပုဂ္ဂလိကနေ့စဉ်သတင်း
စာထွက်ပေါ်လာရေးကို ကျွန်တော်တတ်နိုင်သလောက်
ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောဆိုခဲ့ပြီး ''
ကျွန်တော့်စိတ်ထဲမှာတော့ ရှေ့နှစ်ဆန်းလောက်မှာတော့ ဖြစ်အောင်လုပ်မယ်လို့
စိတ်ကူးထားပါတယ်''ဟု ပြောကြားခဲ့ကာ နေ့စဉ်သတင်းစာ လုပ်လိုတဲ့လူတွေ
မျော်မှန်းလို့ရအောင်
အကြမ်းဖျင်း အဲဒီ estimation ကို ကျွန်တော်ပြောတာပါ။
နောက်နှစ်ဆန်း စောစောပိုင်းမှာ
နေ့စဉ်သတင်းစာ
ထုတ်ဝေခွင့်ကိစ္စဖြစ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားပြီး
ဆောင်ရွက်ပေးသွားပါမယ်''ဟု ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်နှင့်ပတ်သက်ပြီး
ပြောဆိုထားခဲ့သည်။
မြန်မာနိုင်ငံတွင် ပါလီမန်ဒီမိုက ရေစီခေတ်က
ပုဂ္ဂလိကပိုင်သတင်းစာများရှိခဲ့သော်လည်း ဗိုလ်ချုပ်ကြီးနေ၀င်း
အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် အစိုးရကသာ သတင်းစာများကို
ထုတ်ဝေခဲ့သည်။
အာဏာရှင် ဆိုရှယ်လစ်အစိုးရပြုတ်ကျပြီး ၁၉၈၈ နောက်ပိုင်းတွင်
ပြည် တွင်း၌ သတင်းမီဒီယာများ ပြန်လည်ဖွံ့ဖြိုးလာခဲ့သော်လည်း နေ့စဉ်ထုတ်
သတင်းစာထုတ်ဝေခွင့်မပြုဘဲ အပတ်စဉ်ထုတ်သတင်းဂျာနယ်များကိုသာ
ထုတ်ဝေခွင့်ပြုခဲ့သည်။ ထိုသို့ ထုတ်ဝေရာ၌လည်း
ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ် ရေးတွင်သတင်းများကို
စိစစ်ပြီးမှသာ ပုံနှိပ်ခွင့်ရခဲ့သည်။ တစ်ဖက်တွင်လည်း ၁၉၆၂ ပုံနှိပ်ဥပဒေကို
ဖျက်သိမ်းခြင်းမပြုဘဲ စာနယ်ဇင်းသမားများအား ထိန်းချုပ်ထားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတက်လာသော ဦးသိန်းစိန်ခေါင်းဆောင် သည့်
အစိုးရသစ်လက်ထက်တွင် မီဒီယာအပေါ် ကန့်သတ်မှုအချို့ဖြေလျော့ပေးခဲ့သော်လည်း
ဒီမိုကရေစီနိုင်ငံတိုင်းတွင်ရှိသည့် ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ကို
အချိန်ဆွဲထားပြီး စာနယ်ဇင်းသမားများလိုက်နာရန် မီဒီယာဥပဒေအား
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲခဲ့သည်။ အဆိုပါ ဥပဒေအသက်ဝင်လာစေရန်
စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းရေးကြိုးစားခဲ့ရာ ယင်းကဲ့သို့
တစ်ဖက်သတ်လုပ်ဆောင်မှုများကို စာနယ်ဇင်းသမားများက လက်မခံခဲ့ပြီးနောက်တွင်
နိုင်ငံတော်သမ္မတက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင်
အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အစားထိုးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးသစ်ဖြစ်လာသူ ဦးအောင်ကြည်သည် စက်တင်ဘာလဆန်းတွင်
ရန်ကုန်မြို့ရှိ စာနယ်ဇင်းအဖွဲ့အသီးသီးနှင့်တွေ့ဆုံပြီး
အားလုံးလက်ခံနိုင်သည့် စာနယ်ဇင်းကောင်စီတစ်ရပ်ဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့ပြီး
စက်တင်ဘာ ၂ ရက်နေ့ မြန်မာတိုင်း(မ်) သတင်းဂျာနယ်နှင့် တွေ့ဆုံရာတွင် ၂၀၁၃
နှစ်ဆန်း၌ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု
ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်အား
မကြာမီအချိန်တွင် ခွင့်ပြုပေးသွားမည်ဟု ပြောဆိုခဲ့ပြီးမှ
လွှတ်တော်တွင်မေးမြန်းသည့်အခါ အချိန်အတိအကျ ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း
ပြန်လည်ဖြေကြားမှုသည် ရှေ့နောက်မညီသော ပြောဆိုချက်ဖြစ်ကြောင်း
စာနယ်ဇင်းအသိုင်းအ၀ိုင်းကပြောဆိုခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်
ပုဂ္ဂလိကသတင်းမီဒီယာများအပေါ် ဈေးကွက်လက်ဦးမှုရယူလိုသဖြင့်
အချိန်အတိအကျထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခြင်းလည်းဖြစ်နိုင်ကြောင်း
ဝေဖန်မှုများလည်းရှိလာခဲ့သည်။ ထို့အပြင် အစိုးရအနေဖြင့်
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ နောက်ပြန်မလှည့်တမ်းသွားနေသည်ဟု
ပြောဆိုနေချိန်တွင် ပြန် ကြားရေးဝန်ကြီးဌာမှ သတင်းလွတ်လပ်ခွင့်အပေါ်
ထိန်းချုပ်လိုခြင်းသည် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်သည်ဟုလည်း
သုံးသပ်မှုများရှိနေပါသည်။
''လွန်ခဲ့တဲ့နှစ်လကပဲ ပြန်ကြားရေးဝန်ကြီးက ပုဂ္ဂလိကသတင်းစာကို
နှစ်ဆန်းမှာ ခွင့်ပြုသွားမယ်လို့ ပြောတာကို တစ်နိုင်ငံလုံးသာမက
နိုင်ငံတကာကပါသိထားတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရရဲ့သဘောထားက
ရှင်းရှင်းလင်းလင်းမရှိဘူး။ မရိုးသားသလို ဖြစ်နေတယ်။ လွတ်လပ်တဲ့
သတင်းမီဒီယာတွေကို ဖိနှိပ်တာ၊ ထိန်းချုပ်တာဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို
ကျင့်သုံးဖို့ စိတ်ကူးမရှိတာဖြစ်ပါတယ်။ ၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။
ပုဂ္ဂလိကသတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။
ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ်လုပ်ကိုင်
ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။
တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး''ဟု Eleven Media
Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က သုံးသပ်ခဲ့သည်။ နိုင်ငံတော်အစိုးရနှင့်
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်အတွက်ကြောင့် ပုဂ္ဂလိက
သတင်းစာထုတ်ဝေခွင့်ပြုရန် စိုးရိမ်နေသည်ကို နားမလည်နိုင်ကြောင်း အေပီ
သတင်းဌာနမှ ဒေါ်အေးအေးဝင်းကလည်း ပြောကြားပါသည်။
''အခုမြန်မာနိုင်ငံမှာ သိသာထင် ရှားတဲ့အရွေ့တွေအများကြီးပဲ။
သတင်းစာထုတ်ဝေခွင့်နဲ့ ပတ်သက်တဲ့အရွေ့က မရွေ့သေးတာမကောင်းဘူး။ အစိုးရအနေနဲ့
ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဘူး။
စိုးရိမ်ကြောင့်ကြမှုတွေများနေတယ်လို့ထင်တယ်''ဟု ၎င်းက ဆိုပါသည်။
''ဒီမိုကရေစီ အစိုးရအတွက် အရင်လို ၀ါဒဖြန့်ချိရေးတွေ မလိုပါဘူး။
အဲဒါကြောင့် အစိုးရ အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို
ပြန်လည်စိစစ်ဖို့လိုပါတယ်။ လွှတ်တော်အနေနဲ့လည်း
နိုင်ငံတော်ရဲ့ဘတ်ဂျက်ကိစ္စတွေ ဆွေးနွေးတဲ့အခါ ပြန်ကြား ရေးဝန်ကြီးဌာနရဲ့
ဘတ်ဂျက်ကိုမေးဖို့လိုပါတယ်။ သုံးသင့်တဲ့ကဏ္ဍတွေမှာ
ပိုမိုတိုးမြှင့်သုံးစွဲနိုင်ဖို့နဲ့ အသုံးမလိုတဲ့ နေရာတွေမှာ
လျော့ပေါ့ဖို့၊ဖြတ်တောက်ဖို့ စောင့်ကြည့်ထောက်ပြစေချင်ပါတယ်။ ဥပမာ-
ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊
တရားရေးကဏ္ဍတွေမှာ အရင်ထက် ပိုမိုသုံးစွဲဖို့ လိုနေပါတယ်။
တကယ်လည်းသုံးရမယ့်ကဏ္ဍတွေဖြစ်တဲ့အတွက် မလိုတဲ့နေရာတွေမှာလျော့ပြီး
လိုတဲ့နေရာမှာပိုသုံးဖို့ လုပ်သင့်ပါတယ်''ဟု Weekly Eleven News Journal
မှ အယ်ဒီတာချုပ် ကိုဝေဖြိုးကပြောပါသည်။
ပြည်တွင်းမီဒီယာများအနေဖြင့် ပုဂ္ဂလိကသတင်းစာထုတ်ဝေနိုင်ရန်
ကြိုတင်ပြင်ဆင်နေကြပြီး ၀န်ထမ်းတိုးချဲ့ခြင်းအပါအ၀င် သတင်းစာတိုက်
တစ်ခုဖြစ်လာရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင်
ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပြုမည်ကို
မပြောနိုင်သေးကြောင်း ပြောဆိုခဲ့သည့်အတွက် လုပ်ကိုင်ရန်ခက်ခဲသွားကြောင်း တာ
ဝန်ယူမှု တာဝန်ခံမှုနည်းသည်ဟု ပြောကြားမှုများလည်းရှိနေသည်။
''စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့
ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်ဖို့ လုပ်နေတယ်။ စင်ကာပူ၊ မလေးရှား၊
ကမ္ဘောဒီးယားလိုမျိုး သတင်းမီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ
ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရမဖြစ်နိုင်ဘူး။ ဘီဘီစီနဲ့အင်တာဗျူးမှာ
ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီလို့သုံးနှုန်းခဲ့ပါတယ်။ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီအရေခြုံထားတဲ့
အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို
တစ်ပါတီတည်းက အာဏာထိန်းချုပ်၊ အတိုက်အခံကို
အလုပ်ဖြစ်ရုံအချိုသတ်ပေါင်း၊သတင်း မီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့
အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။
ပြန်ကြားရေးဝန်ကြီးအနေနဲ့ အစိုးရကိုကိုယ်စားပြုတာဖြစ်တဲ့အတွက်
သတိပြုသင့်ပါတယ်။ ဒါဟာ အစိုးရရဲ့ အာဘော်ဆိုရင်တော့ တိုင်းပြည်ရဲ့
အနာဂတ်မကောင်းဘူး''ဟု Eleven Media Group ၏ CEO ဒေါက်တာ
သန်းထွဋ်အောင်ကပြောကြားခဲ့သည်။
ပုဂ္ဂလိကသတင်းစာများ မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပေးမည်ဟု
အတိအကျမဆုံးဖြတ်နိုင်ကြောင်း ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး၏
ဖြေကြားချက်အပေါ် အမြင်များ
“လွန်ခဲ့တဲ့ နှစ်လကပဲ ပြန်ကြားရေးဝန်ကြီးက ပုဂ္ဂလိက သတင်းစာကို
နှစ်ဆန်းမှာ ခွင့်ပြုသွားမယ်လို့ပြောတာကို တစ်နိုင်ငံလုံးသာမက
နိုင်ငံတကာကပါ သိထားတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရရဲ့သဘောထားက
ရှင်းရှင်းလင်းမရှိဘူး။ မရိုးသားဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို
ဖိနှိပ်တာ၊ ထိန်းချုပ်တာဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးဖို့
စိတ်ကူးမရှိတာဖြစ်ပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့စိတ်ကူးမရှိတာဟာ
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့စိတ်ကူးမရှိတာပဲဖြစ်ပါတယ်။ (KIO နဲ့
ဆွေးနွေးပွဲမှာလည်း ဒီမေး ခွန်းပဲမေးခံရမှာပါ) ဒီနှစ်ချက်
အခြေခံမရှိဘူးဆိုရင် တိုင်းပြည်ဟာ နောက်ပြန်သွားလိမ့်မယ်။
ငြိမ်းချမ်းရေးလည်း ဘယ်တော့မှ မရနိုင်ဘူး။ အစိုးရကိုလည်း ဘယ်သူမှ
ယုံကြည်ကြမှာမဟုတ်ဘူး။”
“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း
ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ
လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက်
အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။
စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး
မိုနိုပိုလီလုပ်ဖို့လုပ်နေ တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး
သတင်းမီဒီယာကိုထိန်း ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ
ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ဘူး။
ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ
အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့
မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊
စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ
အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့
အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း
ပြောချင်ပါတယ်။” ဒေါက်တာသန်းထွဋ်အောင် Eleven Media Group |
ကျွန်တော်တို့သတင်းစာ ထုတ်မယ့်သူတွေအားလုံးက ထုတ်ခွင့်ရမယ့်အချိန်မှာ
ထုတ်နိုင်အောင် အားလုံး ပြင်ဆင်နေကြတာပါ။ ထုတ်ဝေခွင့်ပေးမယ့် အကြမ်းဖျဉ်း
အချိန်လေး သိရရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒီလိုသိရရင်
မြန်မြန်ပြင်ဆင်ရမှာတွေ မြန်မြန်ပြင်လို့ရတာပေါ့။ ပုဂ္ဂလိက
သတင်းစာတွေကိုတတ်နိုင်သမျှ အမြန်ဆုံးချပေးနိုင်ရင် ကောင်းတာပေါ့။
အဲဒီအခါကျတော့မှပဲ ကျွန်တော်တို့ မီဒီယာအခန်းကဏ္ဍက
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပိုပြီး မြန်မြန်ဆန်ဆန် ထမ်းဆောင်နိုင်မှာပါ။
အခုတော့ weekly အနေနဲ့ပဲ ထမ်းဆောင်နေရတယ်။ ပိုပြီးတော့နိုင်ငံအတွက်
အကျိုးရှိဖို့ ကတော့ နေ့စဉ်သတင်းထုတ်ဝေခွင့် မြန်မြန်လေးကျပေးရင်တော့
ထုတ်ဝေနိုင်တဲ့သူတွေအတွက် နိုင်ငံအကျိုးပြု ဖို့ ပိုပြီးတော့
အခြေအနေပေးလာလိမ့်မယ်။ အစိုးရပိုင်းမှာလည်း မီဒီယာကိုသုံးပြီး အကူအညီယူပြီး
မူဝါဒရည်မှန်းချက်တွေ ပေါက်မြောက်အောင် လုပ်လာတာတွေ့ရတယ်။ ဥပမာပြောရရင်
မှောင်ခိုပပျောက်အောင် မီဒီယာသမားတွေထည့်မယ် ဆိုတာတို့ လုပ်လာတယ်။
ဒီလိုမျိုး သဘောပေါက်လာတာ တော်တော်ကောင်းတဲ့ လက္ခဏာပေါ့။
အဲဒီလိုမျိုးကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုရင်တော့ ပုဂ္ဂလိက နေ့စဉ်
သတင်းစာ မြန်မြန်ထုတ်နိုင်ရင် ပိုကောင်းတာပေါ့။ အခုတော့
သတင်းစာထုတ်ဖို့ကိုမှန်းပြီး ပြင်နေရတော့ Tempo ကို ဘယ်အချိန်တင်ရမလဲ
မတင်ရဘူးလဲ မသိတဲ့အခါကျတော့ ကျွန်တော်တို့အတွက် စနစ်တကျ မပြင်နိုင်ဘူး
ဖြစ်နေတာပေါ့။ အချိန်ကာလတစ်ခုကို အတိအကျ ဒါမှမဟုတ် အကြမ်းဖျဉ်းသိရရင်တော့
ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ဇေယျသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly) |
ပြန်ကြားရေးဝန်ကြီးက ပြောထားတဲ့အတွက် ယုံယုံကြည်ကြည်နဲ့
ကြိုဆိုခဲ့ကြပါတယ်။ အခုလိုမျိုး ရှေ့နောက် မညီတဲ့စကားကို
လွှတ်တော်မှာပြောခဲ့တဲ့အတွက် (၁) အရမ်းအံ့သြမိတယ် (၂)
ဝန်ကြီးဌာနတစ်ခုရဲ့အကြီးဆုံး ဖြစ်တဲ့ ၀န်ကြီးတစ်ဦးအနေနဲ့
ဒီစကားမျိုးပြောခဲ့တဲ့အခါ နောက်ဆိုရင် နယ်ပယ်အသီးသီးက
ဝန်ကြီးတွေရဲ့ပြောစကားတွေ အပေါ်မှာလည်း ယုံကြည်မှုထားနိုင်ကြတော့မှာ
မဟုတ်ဘူး။ ဦးဇော်သက်ထွေး ( မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)) |
ပုဂ္ဂလိကသတင်းစာတွေ ပေးမယ်ဆိုပြီး လုပ်လာတာ တစ်နှစ်ခွဲကျော်သွားပြီ။
ဘာကြောင့် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ပေးဖို့ စိုးရိမ်နေကြတာလဲ။
အခုမြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အရွေ့တွေအများကြီးပဲ။ ဒီ
သတင်းစာထုတ်ဝေခွင့်နဲ့ ပတ်သက်တဲ့အရွေ့က မရွေ့သေးတာမကောင်းဘူး။ အစိုးရအနေနဲ့
ပြတ်ပြတ်သားသားမဆုံး ဖြတ်နိုင်ဘူး။
စိုးရိမ်ကြောင့်ကြမှုတွေများနေတယ်လို့ထင်တယ်။ ဒေါ်အေးအေးဝင်း(အေပီသတင်းဌာန) |
သတင်းစာသမားကတော့ သတင်းစာမျှော်တာပေါ့လေ။ ကျွန်တော်တို့မှန်းထားတာ
ကြားနေတာက လာမယ့်နှစ် ဧပြီ၊ မေလောက် ကြားနေတာပါ။ တကယ်တမ်းဆို သူ့လို
ပြန်ကြားရေးဝန်ကြီးဌာနမှာ အကြီးဆုံးလူ ကိုယ်တိုင်က မပြောနိုင်ဘူးဆိုတော့
ကိုယ်ကိုင်တဲ့ဌာနနဲ့ ပတ်သတ်ပြီး မပြောနိုင်ဘူးလား ဆိုတာ ပြန်မေးရမလိုတောင်
ဖြစ်နေတယ်။ တာဝန်ယူမှု တာဝန်ခံမှု နည်းတယ်လို့ ပြောရမယ်။ တိတိကျကျ
အချိန်အတိုင်းအတာ တစ်ခုခုကို တာဝန်ယူနိုင်တဲ့စကားမျိုး ဖြစ်သင့်ပါတယ်။ ဦးသောင်းထိုက်(True News ဂျာနယ်၊ CEO) |
သတင်းစာထုတ်ချင်တဲ့ ဂျာနယ်တွေအားလုံးကို ပြန်ကြားရေးဝန်ကြီး
ဦးအောင်ကြည်က သတင်းစာထုတ်ဝေခွင့်ကို ၂၀၁၃ ခုနှစ် နှစ်ဆန်းလောက်မှာ
ပေးမယ်လို့ ပြောတယ်လို့ပဲ ကျွန်တော် မှတ်မိထားတာပါ။ အဲဒီပေါ်မှာမူတည်ပြီး
တော့ ဂျာနယ်တိုက်တွေက အလုပ် ခေါ်တာ၊ အခြားပြင်ဆင်တာတွေ၊
ရင်းနှီးမြှုပ်နှံတာတွေ ကြိုလုပ်ထား ကြတာပါ။ သူလွှတ်တော်မှာပြော
တဲ့စကားအရဆိုရင် ကျွန်တော်တို့ ဂျာနယ်တွေ နစ်နာမှုအများကြီး ရှိပါတယ်။
နောက်ပြီး ဒီမိုကရေစီဖော်ဆောင်တဲ့ အစိုးရအနေနဲ့ ဘာဖြစ်လို့
သတင်းစာမပေးနိုင်တာလဲဆိုတာ အံ့သြမိပါတယ်။ တကယ့် ဒီမိုကရေစီ နိုင်ငံတွေမှာ
ပြည်သူ့ဘဏ္ဍာနဲ့ ထုတ်ဝေတဲ့ သတင်းစာဆိုတာ မရှိပါဘူး။ အခု ဆိုရင်
စတုတ္ထမဏ္ဍိုင်ကို တာဝန်ယူပေးမယ့် မီဒီယာတွေ အခိုင်အမာ ရှိနေပေမယ့်ဘာလို့
ထုတ်ဝေခွင့် မပေးတာလဲဆိုတာ စဉ်းစားမရပါဘူး။ ကိုသူရအောင်(တာဝန်ခံအယ်ဒီတာ- Messenger သတင်းဂျာနယ်) |
အခုဟာက ရှင်းရှင်းပြောရရင် ကျွန်တော့်အယူအဆကတော့ အစိုးရ သတင်းစာဆိုတာက
ကျွန်တော်က အယုံအကြည် မရှိဘူးဗျ။ ပုဂ္ဂလိက သတင်းစာရှိရမယ်။ ပုဂ္ဂလိက သတင်းစာ
ထွက်ရမယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ၁၉၅၀
ပတ်ဝန်းကျင်တုန်းက မြန်မာပြည်မှာ တရုတ်သတင်းစာရော၊ ကုလားသတင်းစာရော၊
အင်္ဂလိပ် သတင်းစာရော၊ ဗမာသတင်းစာရော အားလုံး ရန်ကုန်မြို့မှာ ထွက်တာ။
ကျွန်တော်တို့ကတော့ ပုဂ္ဂလိက သတင်းစာတွေ ရှိစေချင်တယ်။ ပုဂ္ဂလိက သတင်းစာတွေ
ရှိခြင်းအားဖြင့် မတူကွဲပြားတဲ့ အယူအဆတွေ ရေးသားဖော်ပြတဲ့ ပြည်သူ့ရဲ့
သဘောထားတွေ ရွေးချယ်ပြီး ဖတ်လိမ့်မယ်။ ဘာပဲပြောပြော ပုဂ္ဂလိက ဂျာနယ်တွေ
အများကြီး ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့ က မတူကွဲပြားတဲ့
ပွင့်ပွင့်လင်းလင်းဖော်ပြမှုတွေကို တွေ့လာရတယ်။ အဲဒီတော့ ကျွန်တော်တို့က
ပုဂ္ဂလိက သတင်းစာတွေ ထွက်စေချင်တယ်။
အဲဒီထဲမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ဘာလဲဆိုတော့ သူတို့ခေါ်တဲ့
စကားရှိပါတယ်။ ပြည်သူ့အကျိုးပြု ၀န်ဆောင်မှု မီဒီယာ ရှိဖို့ကောင်းတယ် ဆိုတဲ့
သဘောထားရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ကြိုဆိုတယ်။ အဲတာ
မျိုးဖြစ်ရမှာပေါ့။ ပြည်သူ့အကျိုးပြု ၀န်ဆောင်မှု မီဒီယာဆိုတာ ကျွန်တော်
ကတော့ အစိုးရသတင်းစာတွေ ပြောင်းမယ့်ဟာလောက်နဲ့တင် မပြီးဘူး။ အဲဒီဟာက
အသက်ရှင်နိုင်အောင်၊ လှုပ်ရှားနိုင်အောင် ပုဂ္ဂလိက မီဒီယာ အားလုံးကလည်း
ပြည်သူ့အကျိုးပြုဝန်ဆောင်မှု မီဒီယာဖြစ်အောင် လမ်းတွေဖွင့် ပေးရမယ်။
နည်းဥပဒေတွေ ပြောင်းပစ်ရမယ်။ ဥပဒေတွေ ပြင်ဆင်ပေးရမယ်။ ပယ်ဖျက်ပေးရမယ်။
အဲလိုပဲ ကျွန်တော်က သဘောထားတယ်။ ဒါက တစ်ပိုင်းပေါ့။ နောက်တစ်ခုက
ဘာလဲဆိုတော့ ပုဂ္ဂလိကသတင်းစာတွေ ထုတ် နေတာနဲ့ပတ်သက်ပြီးတော့ အစိုးရဟာ
ဝန်ကြီးဌာနဟောင်းတုန်းကလည်း မျိုးစုံပြောတယ်။ အခုဝန်ကြီးအသစ်
ရောက်လာတော့လည်း စကားက အခုထိ မမှန်ဘူး။ ကျွန်တော်တို့ သိသလောက်တော့ ပုဂ္ဂလိက
သတင်းစာတွေဟာ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှာ ထွက်နိုင်တယ်လို့ တစ်နေရာမှာ
ပြောတယ်။ တစ်နေရာမှာကျတော့ မထွက်နိုင်သေးဘူးလို့ ပြောတယ်။ လွှတ်တော်ထဲကျ
တော့ ဘယ်တော့ ထုတ်ဝေနိုင်မယ်ဆိုတာ မသိဘူးဆိုတာ ပြောတယ်။ ဘယ်လိုပဲ ပြောပြော
သူတို့ထဲမှာ အခုကြားနေတဲ့ ဟာကတော့ ဘယ်သူကတော့ သတင်းစာတွေရပြီ၊ ဘယ်သူ့ကို
ပေးမယ်ဆိုတာ ဖြစ်နေတဲ့အခါကျတော့ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ လိုတယ်။
ဖြစ်နိုင်ရင် အစိုးရသတင်းစာတွေ ရှိ ဖို့ကို မကောင်းဘူး။ ကြေးမုံတို့၊
မြန်မာ့အလင်းတို့ဆိုတာ အရင်တုန်းက ပုဂ္ဂလိကပိုင်တွေ အဲတာတွေ အကုန်လုံးကို
ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းပေးဖို့ သင့်တယ်လို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုက
ပုဂ္ဂလိက သတင်းစာတွေ အများကြီးပေါ်ထွက်လာဖို့ ကိစ္စနဲ့ ပတ်သက်လာလို့ ဆိုရင်
သေချာကို လုပ်နိုင်တဲ့သူတွေကို စိစစ်ပြီးပေးဖို့ လိုသလို အရပ်ထဲမှာ
သတင်းဖြစ်နေ တဲ့ လက်သင့်ရာကို ခေါ်ပြီးတော့ ဘယ်သူတွေက ပုဂ္ဂလိက သတင်းစာ ရ
တော့မယ်၊ အဲတာအတွက် ၀န်ထမ်းတွေခေါ်နေပြီ။ ပြင်ဆင်နေပြီဆိုတာတွေ ကြားတဲ့အခါ
ဒါဟာ မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်ဗျ။ ပုဂ္ဂလိက
သတင်းစာတွေဖြစ်ဖို့ကိုတော့ ကျွန်တော်က လုံးဝကို လိုလားတယ်။ ဖြစ်ဖို့
ကောင်းတယ်။ ဖြစ်ဖို့ကောင်းတယ် ဆိုတဲ့နေရာမှာ ကြေးမုံတို့
မြန်မာ့အလင်းတို့ကိုတောင် ပုဂ္ဂလိကကို လွှဲပြောင်းပေးရမယ်။ ကျွန်တော့်
အယူအဆကတော့ ဒါပါပဲ။ ပုဂ္ဂလိက သတင်းစာတွေ ပေါ်ကိုပေါ်ရမယ်။ အစိုးရသတင်းစာတွေ
မရှိသင့်ဘူး။ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် |
ရှေ့နောက်မညီတဲ့ သဘောတွေပေါ့။ လုပ်တဲ့ကိုင်တဲ့နေရာမှာ အစိုးရ အဖွဲ့မှာ
တစ်ယောက်နဲ့တစ်ယောက် ရှေ့နောက်မညီ မသိတာတွေကို လုပ်နေတယ်ပေါ့ဗျာ။ အဖွဲ့ရဲ့
ညီညွတ်မှုမရှိဘူးဆိုတဲ့ သဘောကို၊ တစ်ဦးချင်းလုပ်ချင် တာလုပ်တဲ့ သဘောကို
ဖော်ပြနေတဲ့ သဘောပေါ့ဗျာ။ အခုပြန်ကြားရေးဝန်ကြီးကတော့ စာနယ်ဇင်းသမားတွေနဲ့
အစေးကပ်တယ်လို့ ထင်ရတာပဲလေ။ စာနယ်ဇင်းသမားတွေကို တန်ဖိုးထားတာကို ပြောတဲ့
သဘောတော့ ရှိတာ ပေါ့။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ ဆိုတာကတော့
အစိုးရအဖွဲ့ကနေပြီးတော့ စဉ်းစားထားတဲ့ ကိစ္စပေါ့ဗျာ။ ဒါပေမဲ့ ၂၀၁၃မှာ
ဖြစ်မလား၂၀၁၄ မှာဖြစ်မလား ဆိုတာတွေကတော့ ဒါကတော့ အာဏာပိုင်အဖွဲ့အစည်း
ကတ်ဘိနက်အနေနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စဆိုတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ
မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ ဆန္ဒဆိုတာ ပြောတဲ့အခါ
သူတစ်ယောက်တည်း သဘောဖြစ်သွားတာပေါ့။ ဝါရင့်သတင်းစာဆရာကြီး ဦးသာဘန်း |
ပြန်ကြာရေးဝန်ကြီး ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့က
ကျင့်ဝတ်တွေဘာတွေ ပြဌာန်းဖို့၊ ထုတ်ပြန်ဖို့ ရှိတယ်လေ။ ကျင့်ဝတ်တွေ ဘာတွေ
ထုတ်ပြန်ပြီးလို့ ဥပဒေကြမ်းထွက်လာပြီးရင်တော့ (ပုဂ္ဂလိကသတင်းစာတွေ) သူပေးမယ်
ထင်ပါတယ်။ ကျွန်တော်တို့ကိုလည်း သူဘာမှ အတိအကျ မပြောါဘူး။ ပုဂ္ဂလိက
သတင်းစာတွေ ထုတ်တာ အကောင်းဆုံးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ မြန်မြန်ထွက်လေ
ကောင်းလေပါပဲ။ ကျွန်တော်ကတော့ ဒီနှစ်ကုန်၊ နှစ်ဆန်းပိုင်းလောက် ပေါ့လေ။
ကျွန်တော်တို့ကလည်း ကျင့်ဝတ်တွေ မူကြမ်းတွေ တင်ပြဖို့ ရှိတယ်။
ကျွန်တော်တို့ကတော့ သတင်းစာမြန်မြန် ထုတ်ခွင့် ရလေ သတင်းစာများများထွက်လေ
လူထုက များများသိလေဆိုတဲ့ သဘောပဲရှိပါတယ်။ ဦးခင်မောင်အေး(မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဥက္ကဋ္ဌ) |
အရင်တုန်းကလည်း ပြန်ကြားရေးက
မီဒီယာကိုမီဒီယာနဲ့တိုက်မယ်ဆိုပြီးလုပ်ခဲ့တယ်။ အခုတော့
နည်းဗျူဟာပြောင်းသွားတယ်။ ငွေကြေးအကြပ်အတည်းမက်လုံး(Carrot & Stick)
နည်းဗျူဟာသုံးတယ်။ Exile Media တွေ အထိနာသွားတယ်။
အခုပြည်တွင်းမီဒီယာဖက်လှည့်လာပြီ။ ၀န်ကြီးပြောင်းပေမယ့်
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဗျူဟာ ဘာမှမပြောင်းသေးဘူး။ ၀န်ကြီးရဲ့နောက်ကွယ်က
ခြေရှုပ်တဲ့ လက်တွေကို ကျွန်တော်တို့မြင်ပါတယ်။ အခု အရင်ထက်ပိုသိမ်မွေ့တဲ့
နည်းလမ်းတွေကို ကျင့်သုံးလာတယ်။သတင်းဂျာနယ်တွေ အများကြီးချပေးတယ်။
တစ်ဖက်မှာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ရောင်စုံသတင်းစာထုတ်ပြီး တစ်စောင်ငါးဆယ်နဲ့
အရှုံးခံထုတ်တယ်။ ကြာရင်ပုဂ္ဂလိကဂျာနယ်တွေ ဖြည်းဖြည်းချင်း
လုံးပါးပါးလိမ့်မယ်။ပြည်တွင်းမီဒီယာတွေ ငွေကြေးအကျပ်အတည်းဖြစ်အောင်
လုပ်သလိုဖြစ်နေတယ်။ တစ်ဖက်မှာက ၁၉၆၂ ဥပဒေမရုပ်သိမ်းသေးဘဲ
စာပေစိစစ်ရေးမရှိတော့ဘူးဆိုပြီး လူကျွံဘောဖမ်းကစားဖို့ပြင်ထားတယ်။ ဘာပဲဖြစ်
ဖြစ် ဒီမိုကရေစီစစ်စစ်နိုင်ငံတွေမှာ
ပြန်ကြားရေးဝန်ကြီးဌာနဆိုတာမရှိပါဘူး။ ကျွန်တော်တို့နိုင်ငံအနေနဲ့
ချက်ချင်းပြောင်းလဲဖို့ခက်တယ်ဆိုရင်တောင် ၀န်ကြီးဌာနရဲ့အခန်းကဏ္ဍကို
ဖြည်းဖြည်းချင်းလျော့ချသွားရမယ့်အစား အခုဟာကတိုးချဲ့တာတွေ
ပိုလုပ်လာသလိုပဲ။ Public Service Media (PSM) ဆိုပြီး
နားလှည့်ပါးရိုက်လုပ်ဖို့ ပြင်လာပြန်တယ်။
ဒီမိုကရေစီနိုင်ငံအဖြစ်တကယ်ပြောင်းလဲမယ်ဆိုရင် ၀န်ကြီးဌာနကို
ဖျက်သိမ်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် တကယ်အပြောင်းအလဲမလုပ်နိုင်တဲ့
ဝန်ကြီးဖြစ်ဖြစ်၊ ဒုဝန်ကြီးဖြစ်ဖြစ် ရာထူးကဖယ်ပေးဖို့ပါပဲ။ ကိုဝေဖြိုး(အယ်ဒီတာချုပ်-Weekly Eleven News Journal) |
|
Comments
အရင်ကဆို ဝန်ကြီးတဦးဦးကို တခုခုမေးလိုက်ပြီဆိုရင်
ဟုတ်ကဲ့..ကျွန်တော်တို့ သင့်တော်တဲ့တချိန်ချိန်မှာဆောင်ရွက်
ပေးပါမယ်..ဒါမှမဟုတ်ရင်..ဟုတ်ကဲ့ ဒီကိစ္စကိုအထက်ကလူကြီးတွေကိုပြန်တင်ပြ
ပေးလိုက်ပါမယ်..ဆိုတဲ့အဖြေမျိုးတွေပဲပြန်ဖြေလေ့ရှိပါတယ်..
အခုပြန်ကြားရေးဝန်ကြီးကတော့ သင့်တော်တဲ့တချိန်ချိန် ဆိုပြီးတော့လည်းဝေ့လည်ကြောင်ပတ်မလုပ်ဖူး..
အထက်ကလူကြီးတွေကိုပြန်တင်ပြပါ့မယ်ဆိုပြီးတော့လည်းဖြေဖို့ 
အချိန်မဆွဲဖူး..ခပ်ပြတ်ပြတ်ပဲ သတင်းစာထုတ်ဝေခွင့်ကိစ္စကိုပြည်
ထောင်စုအစိုးရအနေနဲ့ အတိအကျမဆုံးဖြတ်ရသေးဖူးလို့ ပြန်ဖြေသွားတယ်..ဒီမိုကရေစီခေတ်မှာတိုးတက်လာတဲ့လက္ခဏာတွေပဲလို့ ဆိုနိုင်မယ်ထင်တယ်..
'ပေ' ဖြစ်ရင် ခံရမဲ့အရေး တွေးကြောက်နေတာလား။ (သေနတ်ကိုင်တဲ့ ယောက်ကျားရင့်မကြီးတွေ ပေမို့ပဲ)
လက်သင့်ရာ စားတော်ခေါ်နေလို့ အချိန်ဆွဲတာလား။ (အိတ်တွေလဲ ဖောင်းပြီး ပေမို့ပဲ)
သေချာတာကတော့ အားလုံးဟာ အချိန်ကျရင် မရဏလမ်းကို ပုဆိုးမပါ လက်ဗလာ၊ကိုယ်ပြုသောကံနဲ့သာ မြန်းရမယ်ဆိုတာ တွံ-သင်တို့သည် ဂဏှာဟိ-မှတ်လေလော့။
(စိတ်ကုန်လို့ ဒီထက် လေကုန် မခံတော့ဘူး)
ကျွန်တော်ဆိုရင် အခု ဘယ်ဘောလုံးပွဲမှ မကြည့်တော့ဘူး၊ ကြာတော့ သူတို့အမျိုးတသိုက်ဘဲ လှည့်ပတ် လုပ်စားနေတယ် လို့ထင်လာတယ်၊ အဲဒီလုပ်ရပ် ရွံလွန်းလို့။
ဘယ်လောက်ကြာအောင် ရေးနေရမှာလဲဗျာ၊ ယနေ့ Media လောကမှာ ပြည်သူလက်ခံတဲ့ Media သမား စစ်စစ်တွေ၊ ထုတ်ဝေသူတွေ၊ သတင်းစာဆရာကြီးတွေ ၊ တကယ်တော်တဲ့ ရှေ့နေတွေ အများကြီးပါ၊ သူတွေတွေနဲ့ ပူးပေါင်းရေးမယ်ဆိုရင် ဘယ်လောက်ကြာနိုင်လို့လည်း၊ တကယ်စိတ်ရှိမယ်ဆိုရင်ပေါ့၊
အစိုးရနဲ့ပတ်သက်တဲ့ ခရိုနီတချို့ ဂျာနယ်တွေ ထုတ်နေတာ လူတိုင်းသိပါတယ်၊ ဘယ်သူလက်ထဲမှာ ကိုင်ဖတ်တာမှ မတွေ့ဘူးပါဘူး၊ ပြည်သူအတွက် ဘာပညာမှလဲ မရ၊ ဘာမသိပညာမှလည်း မပေးနိုင်ဘဲနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံခြားငွေကုန်ပါတယ်၊ စာရွက်တွေက မြန်မာနိုင်ငံကဖြစ်တာမဟုတ်ဘူး၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့စိတ်ကူးမရှိတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့စိတ်ကူးမရှိတာပဲဖြစ်ပါတယ်။ (KIO နဲ့ ဆွေးနွေးပွဲမှာလည်း ဒီမေး ခွန်းပဲမေးခံရမှာပါ) ဒီနှစ်ချက် အခြေခံမရှိဘူးဆိုရင် တိုင်းပြည်ဟာ နောက်ပြန်သွားလိမ့်မယ်။ ငြိမ်းချမ်းရေးလည်း ဘယ်တော့မှ မရနိုင်ဘူး။ အစိုးရကိုလည်း ဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ဘူး။”
ပေါ်တင်လိမ်။ ဗြောင်လိမ်။ မဟုတ်တာလုပ်။ ပြီးရင်ငြင်းချက်ထုတ်။ လူမြင်ကောင်းအောင်ဟန်ပြ။ ပြီးရင်ပြည်သူကိုဗိုလ်ကျ။ ဇာတ်တိုက်၊ အလွတ်ကျက်ထားတဲ့ဟာတွေကိုရွတ်ပြ။ ပြီးတော့မဟုတ်တာတွေပဲတစ်ညီတစ်ညွတ်တည်းလုပ်ကြ။ ခရိုနီတွေကချမ်းသာပြီးရင်းချမ်းသာ၊ စစ်တပ်ကအခွင့်ထူးခံ။ အစိုးရက ဘာလာလာ၂၀၀၈အခြေခံဥပဒေ။
ဦးကျော်ဆန်းနဲ့ ဦးအောင်ကြည်။ ဘယ်သူဝန်ကြီးလုပ်လုပ်နောက်ဆုံးတော့ ဒီပုတ်ထဲကဒီပဲ ပါပဲ။ ဒီလူတွေက “YES, BUT” ဆိုတဲ့မူကိုဆုပ်ကိုင်ထားတာ။ မပေးဘူးလားဆိုတော့။ ပေးမယ်YES။ သို့သော်BUT ဟိုဟာမပါဒီဟာမပါ။ ဟိုမလုပ်ရဒီမလုပ်ရ။ နောက်ဆုံးတော့ NO ဆိုတာကိုကြားကောင်းအောင်ပြောတာပါ။ ထမင်းကျွေးပါဆိုရင်။ ကျွေးမယ် YES။ သို့သော်BUT စားရင်ပါးစပ်မဟရ။ အမြင့်ခုန်ခွင့်ပေးပါဆိုရင်။ ခုန်ပါ YES။ သို့သော်BUT ဒူးမကွေးရ။ ဒေါ်အောင်ဆန်းစုကြည်ကိုသမ®တအဖြစ်ပြည်သူကရွေးကောက်ရင်လက်ခံပါတယ် YES။ သို့သော်BUT (မဖြစ်နိုင်အောင်ရေးဆွဲထားတဲ့)၂၀၀၈အခြေခံဥပဒေအတိုင်း။ အခုလည်း မီဒီယာတွေကိုနေ့စဉ်သတင်းစာလား။ ပေးမှာပေါ့ YES။ သို့သော် BUT သူတို့စိတ်ကြိုက်၊ သူတို့သာအောင်၊ သူတို့နဲ့သူတို့ရဲ့အပေါင်းအပါခရိုနီတွေရဲ့အကျိုးစီးပွားမထိခိုက်အောင်၊ သူတို့ရဲ့မဟုတ်မမှန်လုပ်ရပ်တွေကိုဖော်ပြလို့မရအောင် ဟိုဟာမရေးရ၊ ဒီဟာမဖော်ပြရ၊ ဒါတွေဒါတွေရေးရင်တော့ဖြင့် ဒီလိုဒီလိုအရေးယူခံရမယ် ဆိုပြီးပြဋ္ဌာန်းမယ့် ဥပဒေရေးဆွဲလို့ပြီးအောင်ဆောင့်ပါဦးပေါ့လေ။
ဘာပဲလုပ်လုပ် စမ်းတ၀ါးဝါးနဲ့ ဘာမှ ကိုရေရေရာရာ ပြတ်ပြတ်သားသားမရှိဘူး။
ဟိုဒင်းလိုလို မှိုလိုလို လုပ်နေတယ် ထိပ်က ကို ပိုင်းဖြတ်ခံရဦးမယ်။
ဒီအရွေ့တွေက ရွေ့ချင်လို့ရွေ့ရတာမဟုတ်ပါဘူးကွယ်...မရွေ့ရင်မဖြစ်တော့လို့ ဖင်ဒရွတ်တိုက်ပြီးလိုက်နေရတာပါ...
စိုးရိမ်ကြောင့်ကြရတာပေါ့ကွယ်...သတင်းစာ ထုတ်ဝေခွင့်ပေးလိုက်ရင်...ငါးကြင်းဆီနဲ့ ငါးကြင်းအကြော်ခံရမည့်ကိန်းဆိုက်နေလို့...
ရွေးကောက်ပွဲအထိ အချိန်ဆွဲမလားလို့...
ဒီလောက် မပါးနပ်ပဲနဲ့ အစိုးရဖြစ်မလာဘူး
အမှတ်မရှိတဲ့ကောင်...ငါပဲပေါ့...
အခုတစ်ခါအလိမ်ခံပြီးရင်...နောက်တစ်ခါ အတွက် အလိမ်ခံဖို့ အသင့်ဖြစ်နေပါပြီ....
နင်တို့ပဲလိမ်နိုင်မလားး...ငါပဲအလိမ်ခံနိုင်မလားး ပြိုင်ကြသေးတာပေါ့...
ပြန်မပို့နိုင်တာ ခင်ဗျားတို့ ကျွန်တော်တို့ မြန်မာပြည်သူ/ပြည်သား အားလုံးညံ့လို့ဆိုတာ အားလုံးမှတ်ယူထားရမှာပါ စစ်တပ်ကိုအာဏာ
အမြဲရှိအောင် အခြားပြင်ပလူတွေ တိုင်းပြည်အုပ်ချုပ်လို့မရအောင်
သမ္မတရဲ့အရည်အချင်းမှာ စစ်ရေးအမြင်ရှိရမယ်လို့ ဖွဲ့စည်းပုံအခြေ
ခံဥပဒေမှာ ဖော်ပြထားတဲ့အပြင် အသက်(18)နှစ်ပြည့်ပြီးသူ
နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကိုလည်း ဘာမှ
မဆောင်ရွက်သေးတာဟာ သိသာတဲ့အချက်တွေပါ အားလုံး
စဉ်းစားကြည့်ကြပါ
နေကြတာပါ သူတို့စကားကိုယုံရင်ယုံတဲ့လူအမှားပါ သူတို့ကပါးစပ်
ကသာ ဒီမိုကရေစီအော်နေတာ(သမ္မကြီးအပါအဝင်ပါ) လက်က
တော့သူတို့ရဲ့ စည်းစိမ်၊ အာဏာပြုတ်မဲ့ကိစ္စတွေအတွက်ဆို လုံးဝ ဒီမိုကရေစီဆိုတာ မရှိတော့ပါဘူး စစ်တပ်မှာ တစ်သက်လုံးအာဏာ
နဲ့အုပ်ချုပ်လာတာ တိုင်းပြည်ကိုလည်းနှစ်ပေါင်း(50)ကျော်အာဏာနဲ့အုပ်ချုပ်လာတဲ့
သူတွေကဒီမိုကရေစီဆိုတာ ဘာမှန်းဘယ်လိုမှမသိနိုင်ပါဘူး ကြံ့ဖွတ်အာဏာတည်ဖို့အရေးကိုဘဲ သူတို့အစွမ်းကုန်ဆောင်ရွက်
မှာပါ သူတို့မသေမခြင်း သူတို့ရဲ့ စည်းစိမ်၊ အာဏာတွေမပြုတ်
အောင်အစွမ်းကုန်ကာကွယ်သွားမှာပါ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင် ရှေ့လူလုပ်သမျှဘာမှပြန်မဖော်
ကြေးဆိုပြီး အကာအကွယ်ပေးထားတာပါ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဘယ်တော့မှပြင်လို့ရမှာမဟုတ်ပါဘူး တစ်မတ်သားတွေကလည်း ဘယ်တော့မှထောက်ခံမဲထည့်မှာ
မဟုတ်ဘူး ၂၀၁၅မှာ ကြံ့ဖွံ့မဟုတ်ဘဲ အခြားပါတီနိုင်ရင် စစ်တပ်က မလွှဲမသွေ အာဏာသိမ်းမှာပါဘဲ(ဗေဒင်မေးစရာ
မလိုပါ) နိုင်ငံတကာနဲ့အဆင်ပြေအောင်ဆက်ဆံနေတယ်ဆိုတာ
ကလည်း တိုင်းပြည်နဲ့ပြည်သူအကျိုးထက် ၎င်းတို့မရှင်းနိုင်သော
ကြွေးမြီများအတွက်က ခပ်များများသာဖြစ်ပါတယ် တိုင်းပြည်
ကို အုပ်ချုပ်နေသောလူကြီးများ (သမ္မကြီးအပါအဝင်)ဟာ သူတို့ပြောတဲ့စကားအပေါ်ဘယ်သောအခါမှ တာဝန်ယူတတ်တဲ့
စိတ်မရှိပါဘူး ၎င်းတို့ရဲ့စကားမှာ တစ်မျိုးဘဲ ရှိပါတယ်
အခုတစ်မျိုး တော်ကြာတစ်မျိုးဆိုတာပါ တာဝန်ယူစိတ်ရှိပြီး
နှုတ်ထွက်တဲ့ကိစ္စမျိုးလည်းမရှိဘူး ပါးစပ်ကတော့ ဝန်ကြီးတွေ
ခဏခဏပြောပါတယ် တစ်ခုခုမှားရင် နှုတ်ထွက်မယ်ဆိုတာ
လက်တွေ့မှာတော့------------------------- ရခိုင်အရေးကိစ္စသဝဏ်လွှာကိုပဲကြည့်လေ ရခိုင်လွှတ်တော်အမတ်တွေ ကန့်ကွက်ကြမှ သမ္မတကသူဘာမှမသိပါဘူးဖြစ်ရော သူ့ရဲ့သဝဏ်လွှာကို သူမသိဘဲ ဘယ်သူကပို့မှာလဲ စဉ်းစားကြည့်ပေါ့ ယခုလည်း ဦးအောင်ကြည်ကလာပြန်ပြီ အောက်ကပြည်သူလူထု
ကဘာမှမပြောသမျှ ၎င်းတို့အသိစိတ်ဓါတ်နဲ့လုပ်ပေးတယ်ဆိုတာ
လည်းဘာမှမရှိပါဘူး လျှပ်စစ်မီးကိစ္စဆိုလည်း ပြည်သူကပြောမှ
တခြားကိစ္စဆိုလည်းပြည်သူကပြောမှ ဒီမိုကရေစီဆိုတာကြီး တပ်ထားတဲ့အတွက် မကောင်းတတ်လို့ လုပ်ပေးနေရတာပါ
လုပ်သမျှဟာလည်း အကုန်ဝေ့လည်ကြောင်ပတ်ကြီးပါပဲ ဒီမိုကရေစီနိုင်ငံတဲ့ မကျေနပ်လို့ဆန္ဒပြချင်ရင်တောင် ရဲစခန်း
ခွင့်တောင်းရသေးတယ် ခွင့်တောင်းတော့လည်း ဘာဖြစ်လို့ညာဖြစ်လို့နဲ့ သူတို့ကို မထိခိုက်တဲ့ကိစ္စများသာ ခွင့်ပြုတယ် 5000ဖုန်းကိစ္စကလည်း သူများနိုင်ငံ
တွေမှာ ဆင်းကဒ်အလကားတောင်ပေးနေတာ မြန်မာနိုင်ငံမှာ
မဖြစ်နိုင်ပါဘူးဆိုပြီး ဆက်သွယ်ရေးက ဟာသပြောတယ်
အမှန်တကယ်တော့ ခရိုနီတွေနှင့်စာချုပ်တွေ ကျန်နေသေး
တော့ ခရိုနီတွေရဲ့စီးပွားရေးကိုအကာအကွယ်ပေးခြင်လို့မရဘူး
ပြောတာပါ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ဥပဒေ ဘောင်အတွင်းဝင်ပြီး လွှတ်တော်မှာ နိုင်ငံရေးအဖြေရှာ
ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပါဆိုပြီး ရွှန်းရွှန်းဝေ
အောင်ပြောနေတာပါ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက
စစ်တပ်ကလူတွေ သားစဉ်မြေးဆက်အုပ်ချုပ်လို့ရအောင်
ပြည်သူကို အကျပ်ကိုင်ပြီး အတည်ပြုထားတာပါ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဖို့ဆိုတာ တစ်မတ်သားတွေမဲထည့်မှ ရမယ့်
ကိစ္စပါ တစ်မတ်သားတွေကလည်း သူတို့အကျိုးကိုထိခိုက်
မယ့်ကိစ္စကိုလုပ်မှာမဟုတ်ပါဘူး ပြည်တွင်းငြိမ်းချမ်းရေးရတဲ့
အတွက် ပြည်သူတွေအေးအေးချမ်းချမ်းနေရတာ ဝမ်းသာစရာပါ
သို့သော် နိုင်ငံရေးအဖြေရှာတဲ့အချိန်မှာ ပြဿာနာတွေ
ထပ်ပေါ်လာမှာပါ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်
မူ တောင်းမှာပါဘဲ အစိုးရကလည်းပေးမှာမဟုတ်ပါဘူး စဉ်းစား
ကြည့်ကြပါ အစိုးရအနေနဲ့ တိုင်းပြည်မပြိုကွဲမဲ့ဖက်ဒရယ်မူမျိုးကို
စဉ်းစားပေးမှသာ ဒီလက်နက်ကိုင်ကိစ္စချုပ်ငြိမ်းမှာပါ နောက်ပြီး
တစ်ခုပြောသေးတယ် ပြည်သူကရွေးကောက်တင်မြှောက်ထား
တဲ့အစိုးရတဲ့ ရင်နာလိုက်တာ မနိုင် နိုင်အောင်လုပ်ထားတာ
လူတိုင်းသိပါတယ် ထပ်ပြောချင်ပါတယ် ဘယ်တော့မှ အစိုးရ
လူကြီးတွေပြောစကားမယုံပါနဲ့ ယုံရင် ပြောတဲ့သူအပြစ်မဟုတ်ပါ
ယုံတဲ့သူအပြစ်ပါ