Thursday, November 8, 2012

ကလုံးထာရွာသူရွာသားများ နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာပေးပို့


ကလုံးထာရွာသူရွာသားများ နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာပေးပို့ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံး ထာကျေးရွာအနီးတည်ဆောက်မည့် ရေကာတာစီ မံကိန်းကြောင့် ရေမြုပ်ခံရမည့် ဒေသခံရွာသူ/သားများမှ ယခုနိုဝင်ဘာလဆန်းပိုင်းက နိုင်ငံတော်သမ္မတထံ ကန့်ကွက်လွှာတစ်စောင် ပေးပို့ခဲ့သည်။
ကလုံးထာနှင့် နှစ်မိုင်ခန့်ကွာဝေးသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အတွက် ရေကာတာ တည်ဆောက်ပါက ၄င်းကျေးရွာသည်ရေမြုပ်ဧရိယာတွင်ပါဝင်နေပြီး အီတာလျံထိုင်းကုမ္မဏီမှပြောင်းရွှေ့ ပေး ရန်အဆိုပြု သည့်အပေါ် ရွာသူရွာသားများက မပြောင်းရွှေ့လိုကြောင်း နိုင်ငံတော်သမ္မတထံသို့အသနား ခံစာပေးပို့ရခြင်းဖြစ်သည်။

“ဒီရေကာတာစီမံကိန်းကို တည်ဆောက်လို့ရှိရင် ဘုန်းဘုန်းတို့ရဲ့ ကျေးရွာကဧရိယာမှာရှိတဲ့ စေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ရေနစ်မြုပ်သွားမယ် အားလုံးပျက်စီးသွားမှာပေါ့ ၊ အဲဒါကြောင့် သူတို့က ပေးပြောင်းရွှေ့ခိုင်းလဲ ဘုန်းဘုန်းတို့က လုံးဝကိုမပြောင်းဘူး” ဟု ကလုံးထာကျေးရွာဆရာတော်က မိန့်ကြားသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က အီတာလျံထိုင်းကုမ္မဏီ တာဝန်ရှိသူများနှင့် ရွာသားများတွ့ဆုံခဲ့ရာ၎င်းရွာမှ ပြောင်းရွှေ့ပေးရန် ကုမ္ပဏီဖက်က တိုက်တွန်းပြောဆိုခဲ့သော်လည်း မည်သူမျှ မပြောင်းလိုသဖြင့်ဆန္ဒထုတ် ဖော်မှုဖြစ်ပွားခဲ့ဖူးသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်း အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အီတာလျံထိုင်း ကုမ္မဏီတာဝန်ရှိသူများက  ရေကာတာစီမံကိန်းဆောင်ရွက်မှုနှင့် ပြောင်းရွှေ့ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးသည့် ပုံစံများ (၅) ကြိမ်တိုင်တိုင်လာရောက်၍ ဝေငှသော်လည်း တစ်ဦးတစ်ယောက်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း(Internet)

ကလုံးထာ ကျေးရွာဆရာတော်က “ရွာဧရိယာကနေ နှစ်မိုင်ခန့်ဝေးတဲ့တစ်နေရာကို ရွေ့ပြောင်းခိုင်းတယ်၊ နစ်နာကြေးရောပေးမယ်လို့ တာဝန်ရှိသူတွေကပြောတယ်၊ ရွာသားတွေအနေနဲ့ လျှော်ကြေးလဲမယူဘူး၊ ပြောင်းလဲမပြောင်းဘူး” ဟု ဆက်လက်မိန့်ကြားသည်။
ကလုံးထာကျေးရွာသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုတွင်ပါဝင်ပြီး လက်ရှိတွင် အိမ်ခြေ ၁၈၂ အိမ်၊ လူဦးရေ ၁,၀ဝ၀ ကျော်နှင့် စိုက်ပျိုးမြေဧရိယာ ၉,၂၄၀ ဧက ရှိပြီး မိဘဘိုးဘွား၊ လက်ထက်အဆက်ဆက်က ပြုစုပျိုးထောင်လာခဲ့သည့် ခြံမြေများဖြစ်သည်။
ဒေသခံရွာသူရွာသားများက ဥယျာဉ်ခြံလုပ်ငန်းနှင့် တောတွင်းမှ သဘာဝအတိုင်းရရှိသော ဖာလာ၊ ဓညင်း၊ ဝဥ စသော သီးနှံများကို အမှီပြု၍ အဓိကအသက်မွေးဝမ်းကြောင်း ပြုကြသူများ ဖြစ်ကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။