Monday, September 24, 2012

လက်ပံတောင်း သင်ခန်းစာ

လက်ပံတောင်း သင်ခန်းစာ  

လက်ပံတောင်း သင်ခန်းစာ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
လက်ပံတောင်းတောင် လူထုလှုပ်ရှားမှုဟာ ကျနော်တို့ကို သင်ခန်းစာတွေ အများကြီးပေးတယ်။ လက်ပံတောင်း အဖြစ်အပျက်ကို ကျနော်တို့ လေ့လာဖို့ သင်ခန်းစာယူဖို့နဲ့ နောက်နောင်မှာ ဒီလိုအမှားမျိုး ထပ်ပြီး မကြုံတွေ့အောင် ပြင်ဆင်ကြဖို့ လိုပါမယ်။
လက်ပံတောင်းမှာ ရှုံးခဲ့သလား

လက်ပံတောင်းလှုပ်ရှားမှုမှာ လူထုဘက်က ရှုံးနိမ့်တယ်။ အပြီးအပိုင် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားပြီလားဆိုတာ ပြောဖို့စောသေးပေမယ့် အနည်းဆုံး ယာယီတော့ ရှုံးနိမ့်သွားတယ်။ ဘာ့ကြောင့် ရှုံးသလဲ။ နောင်မရှုံးအောင် ဘယ်လိုလုပ်မလဲ။ ဒီအဖြေကို ဖြေဖို့အတွက် လက်ပံတောင်းဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။

လက်ပံတောင်းလူထုလှုပ်ရှားမှု ဘာ့ကြောင့် ရှုံးတယ်လို့ ကျနော် ပြောသလဲ။ ဒါကို အရင်ဆုံး ရှင်းချင်ပါတယ်။

လက်ပံတောင်းမှာ လယ်တွေ ဧကတသောင်းကျော် (ကုမ္ပဏီဘက်က အတည်ပြုတဲ့ အရေအတွက် ဧက ၇၈၀၀) ကို ဦးပိုင်နဲ့ ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက လှည့်ဖျားသိမ်းယူခဲ့တယ်။ စတင်သိမ်းယူစဉ်တုန်းက ၃ နှစ်ပဲ သိမ်းမှာပါလို့ ပြောပြီး သုံးနှစ်စာ သီးနှံလျော်ကြေး ငါးသိန်းကျော် ပေးသိမ်းခဲ့တယ်။ ခုတော့ နှစ် ၆၀ သိမ်းမယ်လို့ ပြောတယ်။ ဒါဟာ ဂုဏ်သိက္ခာမဲ့ လိမ်ညာလှည့်ဖျားခြင်းဖြစ်သလို အာဏာအလွဲသုံးစားလုပ်ပြီး အဓမ္မလုပ်တာလည်း ဖြစ်တယ်

ကုမ္ပဏီက စီမံကိန်း စတင်ပြီး ၇ လ ၈ လအကြာမှာ ဒေသခံပြည်သူတွေ သောက်သုံးတဲ့ တွင်းရေတွေတောင် ငန်လာတယ်။ မြေအောက် ရေကြောထဲအထိ ဓာတု အဆိပ်အတောက်တွေ စိမ့်ဝင်လာတယ်။ ဒေသတခုလုံးရဲ့ ကျန်းမာရေး ပျက်စီးယိုယွင်းမယ့် အန္တရာယ်ကို ရင်ဆိုင်လာရတယ်။ လက်ပံတောင်းတောင်ကြီးတခုလုံး ပျက်ပြုန်းမယ့် အန္တရာယ်ကို ရင်ဆိုင်ရတယ်။ ဓာတုအဆိပ်သင့် မြေစာတွေကို လယ်တွေထဲမှာ ပုံတယ်။ ဒါတွေကြောင့် လယ်သမားတွေက ဆန္ဒပြကြတယ်။ ကန့်ကွက်ကြတယ်။ အရေးဆိုကြတယ်။


“ကြံ့ဖွတ်အစိုးရ မင်းသားမျက်နှာဖုံးကွာချိန်ကျမှ သူတို့ ဇာတ်ရေလည်လာကြလိမ့်မယ်။ အဲဒီအချိန်ဟာ သူတို့အနေနဲ့ ဘာမှ လုပ်လို့မရတော့တဲ့အချိန် အစစအရာရာ နောက်ကျသွားတဲ့ အချိန်လည်း ဖြစ်နေပေလိမ့်မယ်။”
လယ်သမားတွေလိုချင်တာက သိမ်းထားတဲ့ လယ်တွေ ပြန်ရဖို့နဲ့ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ပေးဖို့။ ဒါဟာ အဓိက အချက်နှစ်ချက် ဖြစ်တယ်။ အခု ဒီအဓိက အချက်နှစ်ချက်မှာ ကိုယ်တောင်းဆိုတာ တပြားတချပ်မှ မရဘဲ လူထုလှုပ်ရှားမှု ရပ်တန့်သွားတယ်။ ဒါ့ကြောင့် လက်ပံတောင်းအရေး ရှုံးနိမ့်တယ်လို့ ကျနော် ပြောတာ ဖြစ်ပါတယ်။
လူထုဘက်က အခု ဆုတ်ပေးလိုက်ရတဲ့ ပုံစံဟာ ၈၈ လူထုလှုပ်ရှားမှုတို့၊ ၂၀၀၇ သံဃာ့အရေးတော်ပုံတို့နဲ့ ပုံစံမတူဘူး။ ၈၈ တို့ ၂၀၀၇ တို့ ဟာ ရှုံးတာ မဟုတ်ဘူး။ စစ်တပ်က မတန်တဆ အင်အားသုံး သတ်ဖြတ်လို့ ယာယီ နောက်ဆုတ်ပေးလိုက်ရတာသာ ဖြစ်တယ်။ အရေးအခင်းတွေ ပြီးတဲ့အချိန်မှာ စစ်အာဏာရှင်တွေဟာ ကြောက်ဒူးတုန်ပြီး ကျန်ခဲ့တယ်။ နောက်ထပ် အချိန်မရွေး လူထုလှုပ်ရှားမှု ထပ်ဖြစ်နိုင်တယ်ဆိုတဲ့ အသိနဲ့ မအိပ်နိုင်၊ မစားနိုင်ဘဲ ကျန်ရစ်ခဲ့ကြတယ်။ လူထုဘက်ကလည်း အခွင့်အခါရတာနဲ့ နောက်တခါ ထပ်ချဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါကို သူတို့လည်း သိတယ်။ ၈၈ ပြီးတဲ့နောက်မှာ ၉၀ ရွေးကောက်ပွဲ လုပ်ပေးရတယ်။ ၂၀၀၇ ပြီးတဲ့ နောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးရတယ်။ ဒီလှုပ်ရှားမှုတွေကို ရှုံးတယ်လို့ မခေါ်ဘူး။ အင်အားမမျှလို့ ယာယီ နောက်ဆုတ်ပေးလိုက်ရတာသာ ဖြစ်တယ်။
အခု ဒီလက်ပံတောင်းအရေးမှာတော့ လယ်သမားတွေကိုယ်တိုင်က အားလျှော့ပြီး နောက်ဆုတ်သွားကြတယ်။ လက်နက်နဲ့ ချေမှုန်းလို့ အားမတန် မာန်လျှော့လိုက်ရတာမျိုး မဟုတ်ဘဲ စိတ်ပျက်ပြီး နောက်ဆုတ်သွားတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ဒါ့ကြောင့် ဒီပွဲရှုံးတယ်လို့ ကျနော်ဆိုတာ ဖြစ်ပါတယ်။ (နောက်တကြိမ် ပြန်စနိုင်ရင် အခုအရှုံးကို ယာယီအရှုံးလို့ သတ်မှတ်ရမှာဖြစ်ပြီး နောက်တခါ ပြန်မစနိုင်တဲ့အထိ စိတ်ဓာတ်ပါ အညွန့်ကျိုးသွားခဲ့ရင်တော့ အပြီးအပိုင် ရှုံးနိမ့်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။)
လူထုလှုပ်ရှားမှုတရပ်ဟာ ဘယ်လိုအခြေအနေမှာ ရှုံးတတ်သလဲ
လူထုလှုပ်ရှားမှုတခုဆိုတာ တော်ရုံတန်ရုံနဲ့ ရှုံးခဲလှတယ်။ လက်နက်အင်အား မတန်တဆနဲ့ ဖိနှိပ်ရင်တောင် ယာယီပဲ အရေးနိမ့်တယ်။ အမြဲမရှုံးဘူး။ စိတ်ဓာတ်မသေဘူး။ စိတ်ဓာတ်မသေရင် ယာယီ နောက်ဆုတ်ပေးလိုက်ရပေမယ့် နောင်အခါမှာ ပြန်ရှင်သန်တာပဲ။ လှုပ်ရှားမှု ရှေ့ဆက်ချီတက်တာပဲ။ ဗမာပြည်မှာ ဒီလို ဥပမာတွေ အများကြီးရှိတယ်။ သမိုင်းတလျှောက် ကျောင်းသားလှုပ်ရှားမှုတွေဟာ ဒီလိုနည်းနဲ့ လက်ဆင့်ကမ်း ချီတက်ခဲ့ကြတာပဲ။ ဖဆပလခေတ် အောက်တိုဘာ ကျောင်းတလပိတ် အရေးအခင်းတုန်းကလည်း ဖြိုခွဲနှိမ်နင်းတာ ခံခဲ့ရတာပဲ။ ဒါပေမယ့် စိတ်ဓာတ်သေမသွားဘူး။ စစ်အစိုးရ အာဏာသိမ်းတဲ့အချိန်မှာ ရှေ့ဆုံးကပဲ ပြန်ထွက်ကန့်ကွက် ဆန့်ကျင်ခဲ့တာပဲ။ အဲဒီ ဇူလိုင် ၇ ရက် အရေးတော်ပုံကြီးမှာဆိုရင် ကျောင်းသား ရာကျော် သတ်ဖြတ်ခဲ့တယ်။ သမဂ္ဂအဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲပစ်တယ်။ လက်နက်အင်အားကို မတန်တဆ အစွမ်းကုန် သုံးပြလိုက်တာပဲ။ အရက်စက်ဆုံး ချေမှုန်းနှိမ်နင်းတာပဲ။ ဒါပေမယ့် လူသာ ရာကျော် သေအောင် သတ်နိုင်လိုက်တယ်။ ခွပ်ဒေါင်းစိတ်ဓာတ်ကို မသတ်လိုက်နိုင်ဘူး။
ခွပ်ဒေါင်းစိတ်ဓါတ်ကို မသတ်နိုင်လို့ နောင်အခါမှာ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် ... စတဲ့ ကျောင်းသားလှုပ်ရှားမှုကြီးတွေ ဆက်လက် ပေါ်ထွက်လာခဲ့တယ်။ ဘာ့ကြောင့် ဒီလို ဆက်လက် ပေါ်ထွက်နေသလဲ။ စိတ်ဓာတ်ကို မသတ်နိုင်လို့။ မတရားမှုကို ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်ကို မသတ်နိုင်လို့။
၈၈ အရေးတော်ပုံကြီးမှာလည်း ကြည့်ပါ။ တနိုင်ငံလုံး နေရာအနှံ့အပြားမှာ လူတွေ အမြောက်အမြားကို ရက်ရက်စက်စက် သတ်တာပဲ။ အဲသလို သတ်ပြီးတဲ့နောက် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် နည်းမျိုးစုံနဲ့ သတ်ဖြတ်တာတွေ၊ ထောင်ချတာတွေ၊ အဆိုးဝါးဆုံး နှိပ်စက်ညှင်းပန်းတာတွေ ရက်ရက်စက်စက် လုပ်တာပဲ။ လူထုက အလျှော့မပေးဘူး။ နှိပ်စက်တဲ့ကြား၊ သတ်ဖြတ်တဲ့ကြား၊ ထောင်ချတဲ့ကြားကနေ ဆက်လက်ပြီး တိုက်ပွဲဝင်တော့ ၈၈ အရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲဟာ ဒီနေ့အထိ နိဂုံးမချုပ်နိုင်ဘဲ တိုက်ပွဲရေရှည်ခဲ့တယ်။
ဒီဥပမာတွေက ဘာကို ပြသလဲဆိုတော့ စိတ်ဓာတ်ကိုသေအောင် မသတ်နိုင်ရင် လူထုလှုပ်ရှားမှုတခုဟာ ဘယ်တော့မှ မရှုံးဘူးဆိုတာကို ပြတယ်။
ဒီတော့ လူထုလှုပ်ရှားမှုတခုဟာ ဘယ်လိုအခါမှာ ရှုံးတတ်သလဲ။ လူထုကိုယ်တိုင်က အရှုံးကို လက်ခံသွားတဲ့အခါမျိုးမှာ ရှုံးတတ်ပါ တယ်။ လူထုကို အညံ့ခံ စိတ်ဓာတ်သွတ်သွင်းပေးတာကို ခံရရင် ရှုံးတတ်ပါတယ်။ လူထုက သူတို့ လုပ်နေတဲ့ အလုပ်ဟာ မှန်မှမှန်ရဲ့လား တရားမှ တရားရဲ့လား။ ငါတို့ကို ကျန်တဲ့ ပြည်သူတွေကို ထောက်မှထောက်ခံရဲ့လား ဆိုပြီး ဇဝေဇဝါဖြစ်လာရင် တွေဝေလာရင် ရှုံးတတ်ပါတယ်။
အခု လက်ပံတောင်းဖြစ်စဉ်ကို ကြည့်ရင် ပထမ အစော်ကားခံရတယ်၊ အဓမ္မ မြေသိမ်းခံရတယ်။ ဒုတိယ မကျေနပ်လို့ ဆန့်ကျင်တောင်းဆိုတယ်။ တတိယအဆင့် အာဏာပိုင်ဘက်က ဖိနှိပ်၊ ဖမ်းဆီးညှင်းပန်းတယ်။ စတုတ္ထအဆင့် ဖမ်းထားတဲ့လူ ပြန်လွှတ်တယ်။ စာရင်းချုပ်ကြည့်ရင် လယ်သမားတွေဘက်က အလုပ်ပျက်တာ၊ အချုပ်ထဲ သွားအိပ်လိုက်ရတာ၊ လူပင်ပန်းတာ၊ ဆံပင်ဆောင့်ဆွဲ ရိုက်နှက်တာတွေ ခံလိုက်ရတာတွေသာ အဖတ်တင်တယ်။ ဘာတခုမှ မရလိုက်ဘူး။ ဒါပေမယ့် ဒီမှာတင် ပွဲက ရပ်သွားတယ်။ ဒါ့ကြောင့် ဒီပွဲ ရှုံးတယ်။
လက်ပံတောင်း ဘာ့ကြောင့် ရှုံးရသလဲ
ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် လူထုဆန္ဒပြပွဲတွေမှာ အောင်ပွဲခံခဲ့တာတွေ အများကြီးရှိတယ်။
အထင်ရှားဆုံး အောင်ပွဲက မြစ်ဆုံအောင်ပွဲပါ။ ပြည်သူလူထုက သိပ်ညီညွတ်ကြတယ်။ စာပေအနုပညာ အသိုင်းအဝိုင်း၊ ပညာတတ်အသိုင်းအဝိုင်း၊ တိုင်းရင်းသားလူမျိုးစုအားလုံး ညီညီညွတ်ညွတ် အရေးဆိုနိုင်ခဲ့ကြလို့ မြစ်ဆုံ အောင်ပွဲခံနိုင်ခဲ့ကြတယ်။
တိုင်ယီ အလုပ်သမားသပိတ် အောင်ပွဲခံခဲ့တယ်။ တောင်းဆိုချက်အကုန်လုံး တခါတည်း မရပေမယ့် တော်တော်များများကို အလုပ်ရှင်ဘက်က လိုက်လျောခဲ့ရတယ်။ ဒါ အောင်ပွဲခံတာပါပဲ။ တောင်းဆိုချက်အားလုံး အကုန်တပြိုင်တည်း ရသွားတယ်ဆိုတာ ရှားပါတယ်။ အခုလောက်ရတာဟာ အောင်ပွဲခံတာပါပဲ။
မိုးထိမိုးမိ ရွှေလုပ်ငန်း ဆန္ဒပြပွဲ အောင်ပွဲခံခဲ့တယ်။ အလုပ်သမားတွေ၊ တပိုင်တနိုင်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရတယ်။ အခု စာချုပ်ချုပ်ပြီးမှ ကတိဖျက် သစ္စာမဲ့ပေမယ့် ဒါကို ဆက်တိုက်ပွဲဝင်ရင် နောက်ထပ် အောင်မြင်ဦးမှာပဲ။ ဒီလိုပွဲတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်။
ဒါဆိုရင် သူများတွေ အောင်ပွဲခံပေမဲ့ လက်ပံတောင်း ဘာ့ကြောင့် ရှုံးရသလဲ
ကိုယ့်တပ်ကိုယ် ပြန်နင်းခံရလို့ လက်ပံတောင်းလှုပ်ရှားမှု ရှုံးရတယ်။ ခေါင်းဆောင်တွေ သစ္စာဖောက်လို့ လက်ပံတောင်းမှာ ရှုံးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့စာချိုးနဲ့ ပြောရရင် ရန်သူကို ရန်သူဟူ၍ မမှတ်တဲ့အပြင်၊ ကိုယ့်တပ်ကို ပြန်ကာနင်းချင်တဲ့ ကမြင်းမ အကောင် ဗိုလ်တချို့ရယ်ကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။
လယ်သမားတွေဟာ အားကြီးတဲ့သူက ဖိနှိပ်စော်ကားတာကို ခေါင်းငုံ့မခံဘဲ ရဲရဲတောက် စိတ်ဓာတ်နဲ့ ဆန့်ကျင်အာခံခဲ့တာပါ။ သူရဲကောင်းစိတ်ဓာတ်မျိုးနဲ့ မတရားမှုကို တွန်းလှန်ခဲ့တာပါ။ ဒီလို လယ်သမား ဒီလိုလူထုမျိုးကို လွယ်လွယ်နဲ့ အရှုံးပေးခိုင်းလို့ မရဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင် လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေက အရှုံးပေးခိုင်းတဲ့အခါ လယ်သမားတွေထဲမှာ တွေဝေသွားတယ်။ ဂျင်မီတို့ လာပြီး တရားရေအေးတိုက်ကျွေးပြီးနောက်မှာ လယ်သမားတချို့ အိမ်ပြန်သွားကြတယ်။ စည်းလုံးညီညွတ်မှု ပြိုကွဲသွားတယ်။
ရှေ့ဆက်တိုးချင်သူနဲ့ မတိုးချင်သူ အုပ်စုကွဲသွားတယ်။ ဒါ့ကြောင့် ဒီပွဲ ရှုံးသွားတာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီပွဲအရှုံးရဲ့ နံပါတ်တစ် တရားခံဟာ ဂျင်မီ ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဖြစ်တယ်။ နံပါတ်နှစ် တရားခံဟာ ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်တယ်။ ဒီခေါင်းဆောင်တွေ သစ္စာဖောက်ပြီး လယ်သမားတွေကို ခင်ဗျားတို့ လုပ်တာမှားနေတယ်၊ နောက်ပြန်ဆုတ်ပါလို့ ပြောတဲ့အတွက် ဒီပွဲ ရှုံးရတာဖြစ်တယ်။ ရန်သူရဲ့ ဖိနှိပ်မှုကြောင့် မဟုတ်ဘဲ ကိုယ့်ခေါင်းဆောင်တွေ သစ္စာဖောက်လို့ ရှုံးရတာ ဖြစ်တဲ့အတွက် ဒီအရှုံးဟာ ရှက်စရာကောင်းတယ်။ ရင်နာဖို့လည်း ကောင်းတယ်။
တကယ်တော့ လက်ပံတောင်းအရေးဟာ ဒေသတွင်းအရေးထက် ပိုတယ်။ အမျိုးသားအရေးဖြစ်တယ်။ လက်ပံတောင်းတောင်ဟာ နိုင်ငံတော်ရဲ့ သယံဇာတ၊ နိုင်ငံတော်ရဲ့ အမွေအနှစ်ဖြစ်တယ်။ တန်ဖိုးမဖြတ်နိုင်အောင် ကြီးမားတယ်။ ဒီနိုင်ငံထဲက တောင်တလုံး ပျောက်ကွယ်သွားရင် ဒီဒေသတခုသာမက တနိုင်ငံလုံးကို ထိခိုက်တယ်။ ဒါ့ကြောင့် လက်ပံတောင်းအရေးဟာ တနိုင်ငံလုံးအရေး ဖြစ်တယ်။ ဒါကို ကျန်တဲ့ ပြည်သူတွေလည်း နားလည်တယ်။ စာပေနဲ့ အနုပညာသမားတွေ၊ ပညာရှင်တွေ၊ တိုင်းပြည်ကို ချစ်မြတ်နိုးသူတွေ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးသူတွေက ပူးပေါင်းပါဝင်ကြဖို့ အသင့်ဖြစ်နေချိန်မှာ အရေးတော်ပုံကို အညွန့်ချိုးခံလိုက်ရတာ ဖြစ်တယ်။ လက်ပံတောင်းအရေးဟာ တကယ်တော့ မြစ်ဆုံလို နိုင်ငံလုံး အရေးဖြစ်ပြီး မြစ်ဆုံလို အောင်ပွဲခံရမယ့် အရေးတခုပါ။
ခေါင်းဆောင်တွေ ဘာ့ကြောင့် သစ္စာဖောက်သလဲ
ခေါင်းဆောင်တွေ အညာခံရလို့ သစ္စာဖောက်ကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေ နိုင်ငံရေး မလေ့လာဘဲ၊ ဟိုပွဲတက် ဒီပွဲတက် ရုပ်ပုံ ဆွဲလိုက်၊ သီချင်းဆိုလိုက်၊ ခရိုနီနဲ့ ပေါင်းလိုက် ကြံ့ဖွတ်နဲ့ ပေါင်းလိုက် လုပ်နေကြတော့ နိုင်ငံရေး အ နေတယ်။ တုံးနေတယ်။ ခေါင်းဆောင်တွေ နိုင်ငံရေး တုံးလွန်း အလွန်းလို့ အခုလို သစ္စာဖောက်တဲ့ အလုပ်ကို လုပ်မိကြတာ ဖြစ်ပါတယ်။
အဓိက ပြဿနာက သူတို့ ၈၈ တွေဟာ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးကို အယုံလွန်နေကြတယ်။ တိုင်းပြည် ကယ်တင်ရှင်ကြီး ထင်နေတယ်။ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကိုလည်း သူတော်ကောင်း၊ ဘုရားဒကာ၊ ကျောင်းဒကာကြီးတွေလောက်နီးနီး စွတ်ပြီး အထင်ကြီးနေတယ်။
တကယ်တော့ ဦးသိန်းစိန်ဆိုတာ ၂၀၀၇ ခုနှစ်မှာ သံဃာတွေကို သတ်ခဲ့တဲ့ ဗိုလ်သိန်းစိန်ပါပဲ။ ဒီဘောင်းဘီချွတ်ဦးသိန်းစိန်က ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပါမယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ပါမယ် ပြောသမျှကို သူတို့ ယုံကြတယ်။ တကယ်တော့ ဦးသိန်းစိန် ဘယ်လောက်ပဲ စကားအလှတွေ သုံးသုံး၊ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ပြနေနေ သူဟာ အရင်အာဏာရှင်လက်ထက်တုန်းကလိုပဲ ညာမြဲညာနေတုန်းဆိုတာ သက်သေပြနေတဲ့ စကားတွေကို တွေ့နေရသေးတယ်။ ကျနော်တို့ အစိုးရဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပါလို့ အကြိမ်ကြိမ် လိမ်ညာပြောဆိုနေတာကို မကြားချင်အဆုံး ခဏခဏ ကြားနေရတယ်။ အခြေခံဥပဒေကြီးဟာလည်း ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးထားတဲ့ အခြေခံဥပဒေကြီးပါလို့ ထပ်ခါထပ်ခါ ပြောနေတုန်းပါပဲ။ ဦးသိန်းစိန်တင်မကဘူး၊ သူ့ လက်ဝဲရံ၊ လက်ျာရံ လုပ်နေကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့လည်း ဒီလိုပဲ ညာနေကြတာ ခဏခဏပဲ။ ဒီလိုညာပုံမျိုးဟာ လူမသိအောင် ညာတဲ့ ညာလုံးမျိုးတောင် မဟုတ်ဘူး။ အားလုံးသိနေမှန်း သိသိကြီးနဲ့ မျက်နှာပြောင်တိုက် ညာတဲ့ ညာလုံးမျိုးပဲ။ ဒီလိုညာလုံးမျိုးကို ညာတဲ့သူဟာ အာဏာရှင်လည်းဖြစ်မှ အရှက်အကြောက်လည်း ကင်းမှသာ ဒီလိုညာတဲ့ စကားမျိုး ပြောနိုင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတွေ သိမှန်းသိရက်နဲ့ သိသိကြီးနဲ့ ညာတယ်ဆိုတာ အရှက်အကြောက်ကင်းဖို့ လိုအပ်သလို ပြည်သူကို စော်ကားရဲဖို့လည်း လိုအပ်နေလို့ပဲ။ သူတို့ ဗြောင်လိမ်နေတာဟာ မင်းတို့ ပြည်သူတွေကို လူ မထင်ဘူးလို့ ပြောနေတာ။ ဒါကို ပြည်သူတွေက သည်းခံနေရတယ် ဆိုတာကလည်း ဒီအစိုးရဟာ အာဏာရှင်အစိုးရပဲ ဆိုတာ သိနေသေးလို့ သည်းခံနေရတာ။ အဲ … သည်းမခံတဲ့လူဆိုရင်လည်း ဒီအစိုးရက ပြတ်ပြတ်သားသား နှိပ်ကွပ်နေတုန်းပဲ။ အဲသလို နှိပ်ကွပ်နေတဲ့ အကောင်းဆုံး ဥပမာတခုကို ပြောပြမယ်။
အဲဒီ ဥပမာကတော့ ကိုအေးလွင်တို့ အဖွဲ့ပါပဲ။ ကိုအေးလွင်တို့ဟာ သူတို့ စစ်အာဏာရှင်တွေကို အကျိုးပြုခဲ့ဖူးသူတွေပါ။ ကိုအေးလွင်တို့ လုပ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေအတွက် အများကြီး အကျိုးရှိခဲ့ပါတယ်။ ပြီးတော့ ကိုအေးလွင်တို့ဆိုတာ ၈၈ မျိုးဆက် မင်းကိုနိုင်တို့ အဖွဲ့ထက် အရင် အာဏာပိုင်တွေနဲ့ ပေါင်းခဲ့သူတွေပါ။ ဒါပေမယ့် ကိုအေးလွင်ကို ဒီနှစ်ထဲမှာတင်ပဲ ဖမ်းပြီး ထောင်ချခဲ့ပါသေးတယ်။ ဘာ့ကြောင့် သူ့ကို ဒီလို ဆက်ဆံတာလဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ညစ်တာတွေကို ထောက်ပြပြီး တရားစွဲခဲ့လို့ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်က ညစ်ပတ်တာတွေကို ခေါင်းငုံ့မခံဘဲ အမှန်တရားဘက်ကနေ ခုခံတိုက်ခိုက်တဲ့နေရာမှာ ကိုအေးလွင်တို့ ပါတီဟာ ကျန်တဲ့ပါတီတွေ အားလုံးထက် သာပါတယ်။ (ကျန်တဲ့ အပိုင်းတွေကို မဆိုလိုပါ။) အဲသလို သာတဲ့အတွက် ကိုအေးလွင်ကို အငြှိုးထားပြီး ထောင်ချတာပါ။
အကြီးအကျယ် မဲခိုးမဲညစ်ထားတာကို ပြည်သူတွေ ကျနော်တို့ကို မဲပေးထားပါတယ် ပြောနေသမျှ၊ ၂၀၀၈ မှာ သေနတ်နဲ့ ထောက်ပြီး နာဂစ်မုန်တိုင်းကြောင့် လူတွေ သေကြ၊ ကြေကြတဲ့ ကြားက မတရားလုပ်သွားတဲ့ အခြေခံဥပဒေကို ပြည်သူတွေ ထောက်ခံတဲ့ အခြေခံဥပဒေပါ ပြောနေသမျှမှာ ဦးသိန်းစိန်ဟာ လူလိမ်လူညာဆိုတာ ထင်ရှားသိသာနေပါတယ်။
ဒီလို သိသာနေပါလျက် မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေဟာ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကို ဘာ့ကြောင့် အယုံကြီး ယုံနေကြတာလဲ။ လိုအပ်ရင် ဓားထုတ်ပြမယ်လို့ ကြုံးဝါးပြီး ထောင်ကထွက်လာတဲ့ မင်းကိုနိုင်ဟာ ဘယ်လိုလုပ်ပြီး အောင်မင်းတို့ စိုးသိန်းတို့ရှေ့မှာ သွားဖြီးလေးနဲ့ ယုန်ကလေး၊ သိုးကလေး ဖြစ်သွားတာလဲ။
ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ကြံ့ဖွတ်အစိုးရနဲ့ ပြေလည်ချင်လွန်းနေလို့ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကြံ့ဖွတ်နဲ့ တည့်မှ ရမှာလို့ ထင်နေကြလို့ပါ။ တဖက်သတ် အလျှော့ပေး အရှုံးပေးမှ ယုံကြည်မှုတည်ဆောက်လို့ ရမယ်လို့ ထင်နေလို့ပါ။
ဒါ့အပြင် သူတို့တသက်လုံးမှာ အစိုးရက သူတို့ကို သူခိုးဓားပြ၊ တေလေဂျပိုးတွေလိုသာ ဆက်ဆံတာကို ခံလာရတဲ့သူတွေပါ (ဒါက သူတို့တင်မဟုတ်၊ နိုင်ငံရေးသမားအားလုံးကို အစိုးရက ဒီလိုဆက်ဆံတာပါ။) အဲသလို အဆက်ဆံခံလာရတာကနေ ဝန်ကြီးအဆင့်က လူလူသူသူ စကားလာပြောတာကို ခံရတဲ့အခါ သူတို့ သိပ်လူရာဝင်သွားပြီလို့ စိတ်ကြီးဝင်သွားကြပါတယ်။ ကျနော်တို့ အတိုက်အခံတွေဟာ သိပ်ဈေးပေါပါတယ်။ ဝန်ကြီးက စကားလာပြောရင် စိတ်ပြောင်းတတ်တယ်။ နိုင်ငံခြားကနေ ထောက်ပံ့ကြေးပေးပြီး သြဇာခံမွေးရင်လည်း ဈေးချိုချိုနဲ့ လူမွေးလို့ရတယ်။ ဒါတွေက အတွေ့အကြုံ သိပ်နုတာကို ဖော်ပြတဲ့ လက္ခဏာတွေပါ
ဒါ့အပြင် ၈၈ အုပ်စုထဲက တချို့ဟာ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် အပေါစား မဲဆွယ်စည်းရုံးနည်းတွေကိုပါ သုံးလာတာမျိုးတွေတောင် တွေ့လာရတယ်။ လူပြိန်းကြိုက် စကားမျိုးတွေ သုံးပြီး ပြည်သူ့အကျိုးကို မကြည့်ဘဲ ကိုယ့်ကို လူကြိုက်ရေး မဲရရေးအတွက် ကြိုတင်မဲဆွယ်တဲ့ လုပ်ရပ်မျိုးတွေ လုပ်လာတာ တွေ့ရတယ်။
ပိုဆိုးတာက သူတို့ဟာ အောက်ခြေပြည်သူလူထုနဲ့ ကင်းကွာနေတယ်။ အလုပ်သမားတွေကြားမှာ တကယ်ထဲထဲဝင်ဝင် နက်နက်နဲနဲ ဝင်ပြီးလေ့လာတဲ့သူ သူတို့ ၈၈ ထိပ်ပိုင်းမှာ တယောက်မှ မရှိဘူး။ အလားတူပဲ လယ်သမားအရေးကို ထဲထဲဝင်ဝင် ဝင်ရောက်လေ့လာတဲ့သူ သုတေသနပြုတဲ့သူလည်း သူတို့ ထိပ်ပိုင်း ၈၈ ထဲမှာ တယောက်မှ မရှိဘူး။ ဘယ်နိုင်ငံရေး အဖွဲ့အစည်းဖြစ်ဖြစ် အောက်ခြေလူထုနဲ့ ကင်းကွာရင်၊ အောက်ခြေလူထုအကြောင်းကို ထဲထဲဝင်ဝင် မလေ့လာရင် ပြည်သူ့ပါတီ မဟုတ်ဘဲ၊ လူ့မလိုင် ပါတီ (Elite Party) ဖြစ်သွားတတ်တယ်။ လူထုနဲ့ ထဲထဲဝင်ဝင် မဆက်ဆံဘဲ၊ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ အစိုးရ အဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့ပဲ တွေ့ဆုံပြီး နိုင်ငံရေးလုပ်တဲ့ ပါတီဟာ လူ့မလိုင်ပါတီ (Elite Party) ပဲ ဖြစ်မှာပဲ။ အဲသလိုအဖွဲ့ အဲသလိုပါတီတွေဟာ အတွေးအခေါ်မှား ဝင်လာရင် ရပ်တည်ချက်မှားတာ (ဘက်မှားရပ်တာမျိုး) ကိုလုပ်တဲ့အထိ လွဲတတ်တယ်။ အခု လက်ပံတောင်းမှာ ၈၈ တွေ မှားတာဟာ အဲသလို ဘက်မှားရပ်တာပဲ။
အခုလက်ပံတောင်းကိစ္စဟာ သူတို့ဘက်မှားရပ်တာရဲ့ အထင်အရှားဆုံး သာဓက သက်သေဖြစ်ပေမယ့် သူတို့အမှားဟာ အခုမှ စတာ မဟုတ်ဘူး။ စနေတာ တော်တော်ကြာပြီ။ လှိုင်သာယာစက်မှုဇုန် အလုပ်သမားအရေးတွေမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား၊ အလုပ်သမားနဲ့ အာဏာရှင်အကြား ကြားနေ ရပ်တည်မယ်လို့ ပြောတာဟာ သူတို့ ဘက်မှားနေတာကို ပြတာပဲ။ အလုပ်သမားမှာ ငွေမရှိဘူး၊ အာဏာမရှိဘူး။ ငွေရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေက အလုပ်သမားတွေကို မတရားလုပ်နေကြတာဟာ သိပ်ထင်ရှားတယ်။ အလုပ်သမားတွေရဲ့ ဘဝအခြေအနေဟာ သူတို့ ထောင်ထဲမှာနေရတဲ့ အခြေအနေထက်တောင် ဆိုးတယ်။ သူတို့လေ့လာရင် ဒါကို သိမှာပဲ။ ဒါပေမဲ့ သူတို့ မလေ့လာဘူး။ မသိဘူး။ မသိတော့ အလုပ်သမားတွေ တဖက်သတ် ခံနေရတာကို နားမလည်ဘဲ ကြားနေမယ် သွားလုပ်တယ်။ ဒီနေ့ အလုပ်သမားတွေဟာ သူတို့ကို အားမကိုးကြဘူး။ အားကိုးရာမဲ့တဲ့ အခြေအနေကို ရင်ဆိုင်နေကြရတယ်။
သူတို့ဟာ အစိုးရကို အစစအရာရာ အလျှော့ပေးပြေလည်မှ နိုင်ငံအတွက်ကောင်းမယ်လို့ ထင်နေကြတော့ အစစအရာရာ ဦးသိန်းစိန် အကြိုက်၊ ဦးအောင်မင်းအကြိုက် လိုက်လျောဖို့သာ တွေးလာတယ်။ သူတို့အတွေးအခေါ်ဟာ အညံ့ခံရေး အတွေးအခေါ်၊ ဒူးထောက်ရေး အတွေးအခေါ်ဖြစ်လာတယ်။ သူတို့ဟာ ဒူးထောက်ရေး အတွေးအခေါ်ရှိသူတွေပီပီ၊ ဟန်ဝင်းအောင်တို့ ဝေဠုတို့လို တက်ကြွလှုပ်ရှားသူတွေကို ထိပ်တိုက်ရင်ဆိုင်ချင်သူတွေ၊ အတက်ကြွလွန်သူတွေလို့ထင်လာတယ်။ ဟန်ဝင်းအောင်တို့ ဝေဠုတို့ လုပ်တာနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပျက်တော့မှာပဲ ဆိုတာမျိုးအထိ စိုးရိမ်ပူပန်လာကြတယ်။ သူတို့က ၂၀၁၅ မှာ လွှတ်တော်အမတ်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာကိုး။ လက်ပံတောင်းလိုကိစ္စမျိုးဟာ လယ်သမားတွေ မတရားခံရလို့ လယ်သမားတွေ မခံနိုင်လွန်းလို့ တောင်းဆိုဆန္ဒပြကြတာလို့ မရှုမြင်နိုင်တော့ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်စီးစေမယ့်အရာလို့ မြင်လာတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဖျက်ဆီးနေတဲ့ အရာပဲလို့မြင်လာတယ်။ ဒါ့ကြောင့် သူတို့ဟာ လယ်သမားဘက်မရပ်တော့ဘဲ ဦးစိုးသိန်း၊ ဦးအောင်မင်းဘက် ရပ်လာတယ်။ ဘက်မှားရပ်တည်မိလာတယ်။
အခုအချိန်ဆိုရင် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ဟာ ၈၈ သူငယ်နှပ်စားလေးတွေ စာမတတ်ကြတာကို ပြောပြီး နောက်ကွယ်မှာ အားရပါးရ ဟားနေကြလောက်ပြီ။ ဒါပေမယ့် ဒီဆောင်းပါးရေးပြီးချိန်မှာလည်း ၈၈ ဟာ အမြင်မှန်ရလာဖို့တော့ သိပ်မျှော်လင့်လို့ မရသေးဘူး။ ကြံ့ဖွတ်အစိုးရ မင်းသားမျက်နှာဖုံးကွာချိန်ကျမှ သူတို့ ဇာတ်ရေလည်လာကြလိမ့်မယ်။ အဲဒီအချိန်ဟာ သူတို့အနေနဲ့ ဘာမှ လုပ်လို့မရတော့တဲ့အချိန် အစစအရာရာ နောက်ကျသွားတဲ့ အချိန်လည်း ဖြစ်နေပေလိမ့်မယ်။
လက်ပံတောင်း သင်ခန်းစာ
ဒီတော့ လက်ပံတောင်းသင်ခန်းစာကို ပြန်ချုပ်ရင် လက်ပံတောင်းလှုပ်ရှားမှု ရှုံးနိမ့်ရတာဟာ
၁။ လူထုကြားထဲကို အညံ့ခံ၊ အရှုံးပေးဝါဒ သွတ်သွင်းလာလို့ လူထုကိုယ်တိုင်က အလျှော့ပေးချင်လာလို့ စိတ်ပျက်လာလို့ ရှုံးရတာဖြစ်တယ်။
၂။ လူထုကြားကို အညံ့ခံဝါဒ သွင်းလာသူတွေဟာ ခေါင်းဆောင်တွေ (၈၈ မျိုးဆက်တွေ) ဖြစ်တယ်။ ၈၈ မျိုးဆက်တွေ သစ္စာဖောက်လို့ ရှုံးနိမ့်ရတာဖြစ်တယ်။
၃။ ၈၈ တွေ သစ္စာဖောက်တာဟာ သူတို့အပေါ်မှာ အညံ့ခံဝါဒ အတွေးအခေါ်မှား ဖုံးလွှမ်းနေလို့ ဖြစ်တယ်။
ဒါဟာ လက်ပံတောင်းကနေရတဲ့ ခါးသီးတဲ့ သင်ခန်းစာဖြစ်ပါတယ်။
ဒီနေ့အချိန်မှာ ကြံ့ဖွတ်အစိုးရဟာ နာမည်ကောင်း လိုချင်နေတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ လိုချင်နေတယ်။ အာရှမှာရော ကမ္ဘာမှာ လူရာဝင်ချင်နေတယ်။ ဒီလိုအချိန်မှာ ထစ်ကနဲရှိ ‘ပစ်’ ဆိုတဲ့ အကျင့်ဆိုးကို ထိန်းချုပ်နေရတယ်။ ဒီလိုအချိန်မျိုးမှာ အလုပ်သမား၊ လယ်သမားတွေကို မလွှဲမရှောင်သာ စကားပြောခွင့် ပေးလာရတယ်။ နှစ်ပေါင်းများစွာ ဒုက္ခတွေကို လည်စင်းခံလာရပြီး အကျပ်အတည်း ဆိုက်နေတဲ့ အလုပ်သမား၊ လယ်သမားတွေဟာ အခွင့်အရေးလေးရလာတာနဲ့ သူတို့လိုချင်တာတွေကို ထုတ်ဖော်တောင်းဆိုလာတယ်။ မတရားဖိနှိပ်တာတွေကို ဖွင့်ချပြောဆိုလာတယ်။ ဒါ့ကြောင့် ဖိနှိပ်တာတွေ ရှိနေသေးသမျှမှာ အလုပ်သမား။ လယ်သမားတွေရဲ့ လှုပ်ရှားမှုဟာ ဆက်ရှိနေဦးမှာပဲ။ ထပ်ပြီး ဖြစ်နေဦးမှာပဲ။ ထပ်ပြီး ဖြစ်သမျှမှာ မင်းကိုနိုင်တို့ ၈၈ တွေဟာ အလုပ်သမား၊ လယ်သမားတွေကို လိုက်တားနေဦးမှာပဲ။ အစိုးရအတွက်တော့ ပုလိပ်ကို လစာပေးပြီး သေနတ်နဲ့ ပစ်ခိုင်းရတာထက်၊ မင်းကိုနိုင်တို့ကို ဆယ်သိန်းပေးပြီး လိုက်တားခိုင်းရတာက ပိုပြီး တွက်ခြေကိုက်သလို ဖြစ်နေတယ်။
ဒီတော့ ကျနော်တို့ အဓိက လုပ်ရမှာက ရေသောက်မြစ်ဖြစ်တဲ့ အညံ့ခံ၊ အရှုံးပေးရေးဝါဒကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ အညံ့ခံဝါဒကို ပျက်စီးပျောက်ကွယ်အောင် တိုက်ဖျက်ချေမှုန်းလို့ မအောင်မြင်သေးတဲ့အချိန်မှာ အဲဒီအညံ့ခံဝါဒ လူထုရှိရာ ရောက်မလာအောင် ကာကွယ်တားဆီးရမှာ ဖြစ်ပါတယ်။ အဲဒီအလုပ်ကိုမလုပ်နိုင်ရင် နောက်ပွဲတွေမှာ ဆက်ရှုံးပါလိမ့်မယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
စက်တင်ဘာ ၁၇ ၂၀၁၂ ခုနှစ်

Blogger Min Kyaw said...
I like Ko Zaw Win's article. He is saying the truth.
September 18, 2012 5:17 PM
Blogger Monywa said...
ကျောက်တုံး ကိုတော့ တွန်းလိုက်တာ ပဲ ဒါ ပေမယ့် မရွေ့ ဘူး..ဒါဆို ဘာဆက် လုပ်ရ မှာ လဲ..အဲဒီ ကျောက် တုံး လမ်း ပိတ်တာ ဆက် ခံ မလား.. မရ ..ရအောင် ဆက် ရွှေ့ မလား..
မခံ ရတဲ့ သူတွေ က ဆက် မလုပ် ဖို့ ပြော လိမ့် မယ်.. ခံရတဲ့ သူတွေ ကကော ခံ နိုင်ရည် ရှိသေးလား..
ကိုယ် က ခံ ရ တဲ့ သူ... ကိုယ်ဆုံးဖြတ်ချက် နဲ့ အတူ ဆက်လုပ်.. ဘေးစကား နဲ့ မတွေ ဝေစေချင်ဘူး..ကူညီ ပံ့ပိုး ပေးမယ့်သူတွေ အများ ကြီး..၈၈ ထက်စာရင် ဗကသ က အဖြူရောင် ဆိုတာ ကို ...မြင်စေချင်တယ်..

September 18, 2012 5:31 PM
Blogger Aung Pyae said...
"အစိုးရအတွက်တော့ ပုလိပ်ကို လစာပေးပြီး သေနတ်နဲ့ ပစ်ခိုင်းရတာထက်၊ မင်းကိုနိုင်တို့ကို ဆယ်သိန်းပေးပြီး လိုက်တားခိုင်းရတာက ပိုပြီး တွက်ခြေကိုက်သလို ဖြစ်နေတယ်။" vert brave vision and idea..I do suspecand get the same sense as Ko Zaw Win..
September 18, 2012 5:55 PM
Blogger koko said...
သင် ရေး တာ က သင့် အ တွက်
သင် လုပ် တာ လဲ သင့် အ တွက်
အ များ ကျိုး အ တွက် အလုပ် မ လုပ်
စာ ရေး လိုက် စကားပြော လိုက်
သင် အတွက် ပြီး ရင် ပြည် သူ့ အ ကျိုး ကို လုပ်
ကျွန် တော် တို့ က သင့် နောက် က နေ ပြီး ဝန်းရံ မယ်
ခင် မင် စွာဖြင့်

ကို သီ ဟ

September 18, 2012 5:55 PM
Blogger Henry said...
အစိုးရအတွက်တော့ ပုလိပ်ကို လစာပေးပြီး သေနတ်နဲ့ ပစ်ခိုင်းရတာထက်၊ မင်းကိုနိုင်တို့ကို ဆယ်သိန်းပေးပြီး လိုက်တားခိုင်းရတာက ပိုပြီး တွက်ခြေကိုက်သလို ဖြစ်နေတယ်။
seem right!

September 18, 2012 6:08 PM
Blogger lay naing said...
မသိလို့မေး ပါရစေ လယ်သမားလယ်လုပ်ပြီးစားတယ် ပညာရှင်ကပညာနဲ့လုပ်စားတယ် နိုင်ငံခြားကနိုင်ငံရေးသမားတွေ လွတ်လပ်ရေးခောတ်ကနိုင်ငံရေးသမားတွေအသက်မေွးဝမ်ကျောင်းအလုပ်လုပ်ကြရတယ်
မင်းတို့ ၈၈တွေ အခု ၄၅ ၅၀ တန်းရောက်ပြီ ဘယ်လို တမင်း ရှာစားနေသလဲ
ဗကသ ကဖြူစင်တာမဆန်းဘူး မိဘ ထမင်းစားပြီး အမှန်တရားမြတ်နိုးလိုလုပ်တာ ငါတို့ငယ်ငယ်ကလဲဒါကြောင်လုက်နိုင်ခဲ့တာ
မှတ် ထား အဖြက ကိုယ့်ထမင်းတနပ်တောင်၄၀ကျော်ထိရှာမစားဘူးတဲ့
၈၈တုန်းကထမင်းထုပ်စား ပြီးတော့ထောင်ကကျွေး အခုကျပို့ဆွမ်းစား မရရင် မိသာားစုမသဓါရေစာ ပြန်နှီုက်စားတဲ့ အခုချိန်ထိပညာလဲမယ်မယ်ရမတတ် အသက်မွေးမှုလဲမရှီ ၄၀ကျော်ထိ တတန်းမှမတက်ပဲကျောင်သားလို့ ထင်နေတဲ့ကျပ်မပြည့်တဲ့သက်ကြီးပုတွေ ခေါင်းဆောင်ဆိုပြီးလူစွာလုပ်နေမှတော့ကွာ
၂၀၁၅ ဒီအတိုင်းသာဒီကောင်တွေတက် ဒီထက်ဆိုးမယ်။

September 18, 2012 6:26 PM
Blogger Win said...
ကိုဇော်ဝင်းဆိုတဲ့ပုဂ္ဂိုလ်ကြီးက အခြေအနေတွေကိုမြင်တတ်လိုက်တာ အံ့ပါရော တို့လူထုတွေမမြင်တာ မသိလိုက်တာတွေ သူရေးထားမှ ဗွင်းဗွင်းရှင်းရှင်းကြီးကိုဖြစ်သွားပါရောလား...ကဲလူထုကြီး..ခင်ဗျားတို့လိုချင်နေတဲ့ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိတယ်ဆိုတာ သတိထားမိဖို့ကောင်းပြီ..ကိုဂျင်မီတို့ ဒေါ်ခင်စန်းလှိုင်တို့ထက် ခင်ဗျားတို့ကိုအောင်မြင်တဲ့တိုက်ပွဲဆီ ခေါ်ဆောင်မယ့် ကိုဇော်ဝင်း အားခေါင်းဆောင်တင် ဆက်လက်တိုက်ပွဲဝင်ရန် ဖိတ်ခေါ်ကြပါအံ့.....အော်..ဒါနဲ့ ကိုဇော်ဝင်းက ခေါ်ရင်လာမှာလားဟင်...
September 18, 2012 7:07 PM
Blogger ဘုန်းမြတ်ညို said...
ဝမ်းနည်းဖို့လဲ ကောင်းပါတယ်ဗျာ။ အခုဆိုတောင်သူများဘယ်လို ရှေ့ဆက်ပြီး ဘာတွေလုပ်သွားကျရမယ် ဆိုတာတောင် သူတို့ခမျာမသိရှာဘူး။ ပထမတော့ လူမှုရေးကွန်ယက်တွေ ကျောင်းသားငယ်တွေဦးဆောင်မှုနဲ့ အတော်လေးသူတို့အားရှိတယ် စိတ်အားထက်တန်နေကျတယ် ဒါပေမဲ့ လူထုကသိပ်ပါဝင်မှုမရှိတော့ ထိထိရောက်ရောက်မရှိဘူး။ အခုတော့ စိတ်အားတွေငယ်လို့ ထိုင်ငိုနေကျရုံပဲတတ်နိုင်ကျတော့တယ်...(ညိုကြီး မုံရွာသား)
September 18, 2012 7:12 PM
Blogger yarzar said...
မင်းကိုနိုင်တို့တခါတလေမှားခဲ့ရင်လည်းသူတို့
နှစ်ပေါင်းများစွာထောင်ထဲမှာပေးဆပ်လာခဲ့တာကိုသတိရသင့်ပါတယ်.သူတို့ပါတီ
ထောင်ပြီးလွှတ်တော်ထဲဝင်အမတ်မလုပ်ဘူး.ကိုယ်ဆုရမှာတခုထဲကြည့်ပြီးအချင်းချင်း
သစ္စာဖေါက်ပြီးနိုင်ငံခြားမှာဆုသွားမယူဘူးနော်.သူတို့စိတ်ဓါတ်ဘယ်လိုရှိနေလဲဆိုတာ
သိနေရင်သူတို့မှားခဲ့ရင်တောင်စေတနာအမှားဆိုတာနားလည်စွာနဲ့ထောက်ပြသင့်ပါတယ်.

ဦးသိန်းစိန်ကိုယုံပါတယ်လို့
တဖွဖွပြောနေတာလက်တွေ့အရမ်းယုံနေတာဒေါ်စုပါ.သူ့မပြောရဲတိုင်းအချင်းချင်းတွေ
ရန်သူအား၇အောင်မပြောပါနဲ့..

September 18, 2012 7:35 PM
Blogger Mg Lu Aye said...
It is a pity you don't realise that you are wearing green glasses in making judgement for other people's actions. From a foreign land, you claim you know more about ppl and situation in Myanmar than those 88 student leaders. For me that is incredibly ridiculous. Wake up man! from your communist stupor!
September 18, 2012 8:31 PM
Blogger nga ba said...
ရိုးသားမှုရှိတဲ့ ၈၈အဖွဲ့ရဲ့ ရပ်တည်မှုနဲ့ လုပ်ရပ်တွေကို ထောက်ခံပါတယ်။ အခုချိန်မှာတော့ သူတို့ရဲ့ လုပ်ရပ် မှန်သလား၊ မှားသလားဆိုတာ ယတိပြတ်ပြောဖို့ စောနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပုဂ္ဂလအမြင် သက်သက်အရ ဆိုရင်တော့ ဒီလက်ပံတောင်းတောင် ကိစ္စမှာ နိုင်ငံတော်အဆင့် လူကြီးဆိုသူတွေနဲ့ ဦးသာအေးတို့ ဘယ်လိုပြောပြော.. ဒီပြဿနာဟာ အလွယ်တကူမပြီးဘူး နိုင်ငံတော်အဆင့်ဖြေရှင်းမှ ဖြစ်မယ်.. ဘာညာတွေဟာ ကိုဂျင်မီတို့ ပါးစပ်ကမထွက်ဘဲ ရှောင်လွှဲပြောဆိုသင့်တယ်လို့ ထင်ပါတယ်။ တကယ်တော့ အဲဒီစကား ထည့်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ မုံရွာအာဏာရှင်တွေရဲ့ လုပ်ရပ်ဟာ တိုင်းပြည်အစိုးရက ကမ္ဘာကို ချပြနေတဲ့ ဒီမိုကရေစီပြယုဂ်နဲ့ အကြီးအကျယ် သွေဖီနေတာမို့.. သူတို့အနေနဲ့ အဓမ္မဖမ်းဆီးထားသူတွေကို လွှတ်ကို လွှတ်ပေးရတော့မှာပါ။ မလွှတ်ပေးရင် သူတို့ပြဿနာက သူတို့ကို ပြန်ပြီး ဒုက္ခလှလှကြီး ပေးတော့မှာပါ။ ပြဿနာရဲ့ အကြောင်းအရင်း ဇစ်မြစ်ကို မူတည်ပြီး အဖြေရှာတာမျိုး မဟုတ်ဘဲ အကျိုးတရားအပေါ်မှာ ရှပ်ပြီး အဖြေရှာတဲ့ အကျိုးသပ် အဖြေရှာနည်း ဖြစ်နေတယ်လို့ ထင်ပါတယ်။
အဆင်အခြင်မဲ့စွာ ကမူးရှုးတိုးလုပ်တတ်တဲ့ အာဏာပိုင်တွေကသာ ဗကသအပေါ် ဟိုးဖမ်းဒီစစ်လုပ်ရင် ဖြစ်လာမယ့် ပြဿနာအကြီးစားတွေကို အချိန်မီ တားဆီးလိုက်နိုင်သလို အချုပ်ကျနေတဲ့ လူ၎ယောက်ကို အပြင်ကို ဆွဲထုတ်နိုင်လိုက်တာဟာ လတ်တလော လောင်တဲ့မီးကို ဟန့်လိုက်နိုင်တယ် ဆိုပေမယ့် ဒါဟာ ပြဿနာရဲ့ ပဓါနကျတဲ့ အဖြေမဟုတ်သေးပါဘူး။
မီဒီယာမှာ ပျံ့နှံလာတဲ့ လက်ပံတောင်းတောင်ပြဿနာရဲ့ နောက်ကွယ်ဆိုတဲ့ ဆောင်းပါးတို့... လက်ပံတောင်းတောင် တာဝန်ခံရဲ့ အင်တာဗျူးဆိုတာတွေဟာ ၈၈အဖွဲ့ရဲ့ တားမြစ်တဲ့ စကားတွေကို အခြေခံပြီး ချိန်သားကိုက် တစ်ကွက်တိုးလာတဲ့ ရွှေ့ကွက်တွေလို့ပဲ မြင်တယ်။ ၈၈ အနေနဲ့ ရှဉ့်လည်းလျှောက်သာ ပျားလဲစွဲသာ ပုံစံမျိုး လုပ်လိုက်တယ် ဆိုပေမယ့် တကယ်တမ်းမှာ ပျားအုံကြီးက ကြီးသထက်ကြီးလာလို့ ရှဥ့်က ဘယ်လိုမှ လမ်းဆက်လျှောက်လို့ မရတော့တဲ့ အခြေအနေကို ဖန်တီးသလို ဖြစ်မသွားမလားလို့ စိုးရိမ်စိတ်ဖြစ်မိပါတယ်။
စဉ်းစားဆုံးဖြတ်ပုံတစ်ခုဟာ ကိုယ့်နည်းနဲ့ကိုယ်တော့ မှန်ကောင်းမှန်နေနိုင်ပေမယ့် လူထုနဲ့ကင်းကွာပြီး၊ လူထုကို ကိုယ်စားမပြုတဲ့ စဉ်းစား တွေးခေါ်ပုံဆိုရင်တော့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် မှန်တယ်လို့ မဆိုနိုင်ပါဘူး။
ဒါပေမယ့် ၈၈ အဖွဲ့ရဲ့ ရိုးသားမှုနဲ့ တိုင်းပြည်အပေါ် ထားတဲ့ စစ်မှန်တဲ့ စေတနာကိုတော့ လှိုက်လှဲစွာ ယုံကြည်နေဆဲပါ။ စစ်မှန်တဲ့ ရိုးသားမှုနဲ့ စေတနာဆန္ဒကသာ ဦးဆောင်အဓိပတိ ဖြစ်ခဲ့ရင်တော့ အဲ့ဒီစိတ်စေတနာကပဲ သူတို့ကို အကောင်းဆုံးလုပ်ရပ်တွေ လုပ်ဖြစ်သွားအောင် တည့်မတ် ဆွဲခေါ်သွားပါလိမ့်မယ်။
ပုထုဇဉ်လူသားတွေ ဖြစ်တဲ့အတွက် ၈၈အဖွဲ့အပေါ် ဆောင်းပါးရှင်စိုးရိမ်သလို ကျွန်တော်တို့လည်း စိတ်ပူပန်မိပါတယ်။ ဒါပေမယ့် ၈၈အဖွဲ့ဟာ ဆောင်းပါးရှင် တွေးထင်ထားသလောက် အခြေအနေမဆိုးလောက်ဘူးလို့ ယုံကြည်ပါတယ်။
နောက်တစ်ခုကတော့ အခုဆောင်းပါးရှင် တွေးခေါ်ယူဆထားသမျှဟာလည်း အမှန်နဲ့အမှား ရောထွေးနေနိုင်ပေမယ့်၊
ဒါတွေဟာလည်း ခုချိန်မှာ ၈၈အပေါ် check & balance လုပ်ခြင်းတစ်မျိုး ဖြစ်စေတာမို့ ဒါမျိုးတွေကလည်း လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်စီးခြင်းလို့ မြင်မိပါတယ်။ ၈၈အပေါ် ပြန်လည် ထိန်းကျောင်းမဲ့ အခုလို ဆောင်းပါးတွေဟာလည်း လိုအပ်နေမှာပါပဲ။ စိတ်စေတနာကတော့ စစ်မှန်ဖို့လိုပါတယ်။
လောကလူသားတွေမှာ အလုံးစုံအကြွင်းမဲ့ ပြည့်စုံခြင်းဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူး။ အပြန်အလှန် လေးစား အသိအမှတ်ပြုရင်း ပြုပြင်သွားကြရမှာပါ။ မေတ္တာတရားတွေ အားကောင်းတဲ့ လူ့အဖွဲ့အစည်းကသာ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ မျှော်လင့်ချက်ကို ပေးစွမ်းနိုင်မှာပါ။

September 18, 2012 9:54 PM
Blogger Saw Naung said...
ဇော်မင်းရေ
လူတွေ ကိုယ့်သမိုင်း ကိုယ်ရေးတယ် ဆိုပေမယ့် မှတ်တမ်းတင်တာက ပြည်သူလူထုကြီးနဲ့ ပညာရှင် သမိုင်း ဆရာတွေပါ။ စကားလုံး အမှောင့်အမှားတွေနဲ့ ဘယ်လောက်ဖုံးဖုံး နှစ် ၂၀ ကျော်မှတောင် ၈၈ ဟာ သမိုင်း အရောင်ပြောင်လာတယ်။ ၈၈ က လူသတ်ခဲ့တဲ့ စစ်ဗိုလ်တွေ သူတို့ သမိုင်းဆိုးကို ဖုံး လာရတယ်။ ဒါဟာ ငါတို့လူတွေ သတ္တိ၊ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု နဲ့ စိတ်ရှည်နားလည်မှုကို ပြနိုင်ခဲ့လို့ပဲ။ မင်းမှာ မရှိတဲ့ အရည်အချင်းတွေကို ဘ၀နဲ့ရင်းပြီး သူတို့ တွေပြခဲ့တယ်။ ဒီနေ့လည်း ပြနေဆဲပဲ။ ဂျင်မီ ခုလိုသွားခဲ့တဲ့ အချိန်မှာ သူ့ အတွက် မင်း လို လုံခြုံမှု အာမခံချက် ရှိနေခဲ့တယ် မင်းထင်လား။ လွန်ခဲ့တဲ့ နှစ် ၂၀ သူ ဘယ်လို ထမင်းစား၊ မိသား စု ဘယ်လိုနေခဲ့ကြ၊ ဒီနေ့ သူတို့ တွေ စင်ပေါ်မှာမို့ မင်း မနာလိုရင်သာရှိမယ် သူတို့ မိသားစု တွေ ဘ၀ က စားရေးသောက်ရေး ခက်ခဲနေတုန်းပဲ။ လူပုံအလည်မှာ အ၀တ်အစားလှလှ သိက္ခာ နဲ့ ယုံကြည်ခံရမှု ကြောင့် သွားလေရာမှာ လေးစားခံရချိန် သူတို့ ၈၈ တစ်ဦးချင်းစီရဲ့ မိသားစုတွေ ကိုယ့်ဟာကိုယ် ရုန်းကန်နေရ ဆဲပဲ ဆိုတာ မင်းသိပါတယ်။ ယုံကြည်ချက်နဲ့လုပ်သမျှ ငါတို့လူတွေ အမြဲမှန်တယ်။ ဆုံးဖြတ်ချက် တိုင်း အမြဲမှန်ချင်မှ မှန်မယ်။ စေတနာ နဲ့ အနစ်နာခံမှု က အပြည့်ပဲ။ သေချာတာက သူတို့ မှာ ငွေကြေးနောက် လိုက်မှု (တစ်ဦးချင်း အတွက်၊ အဖွဲ့အစည်းအတွက်) ဘယ်တော့မှ မရှိဘူး။ တိရိစ္ဆာန် အတွေး၊ နအဖ အတွေး နဲ့ ဆယ်သိန်းနဲ့ တန်ဖိုးဖြတ်တာ ကိုက မင်း နားမလည်ပဲပြောတာ မဟုတ်ပဲ ယုတ်မာတဲ့ အတွေး နဲ့ ပြောနေတယ်ဆိုတာ ထင်ရှားနေတယ်။ မင်း ဘာလို့ ယုံကြည်ချက် ကို သစ္စာဖောက်ရဲရတာလဲ။ ငါ အံ့သြ တယ်။ စစ်ဗိုလ်မှာ စစ်ဗိုလ်ယုံကြည်ချက်ရှိတယ်။ သူမှားပါစေ နားလည်နိုင် တယ်။ သစ္စာဖောက် မှာတော့ ယုံကြည် ချက်မရှိဘူး။ မင်းလိုကောင်မျိုး ငါတို့ သွေးမှာ ရှိခဲ့တာ ၀မ်းနည်းပါ တယ်။ တရားတော်အရတော့ မင်း ရှို့တဲ့မီး မင်းပဲပြန်ခံရမှာပဲ။

September 18, 2012 11:23 PM
Blogger dddoe said...
ဇော်ဝင်းကိုစော်ကားတဲ့ ကောင်တွေရဲ့  အသိညာဉ် အဆင့်အတန်းက ခွေးထက်နှိမ့်ကျတယ် ဆိုတာ သူတို့ ရေးတဲ့ ကွန်မန့် ကိုဖတ်ကြည့်တာနဲ့ သိတယ်...အခု လက်ပံတောင်းက ပြည်သူတွေရဲ့  မျက်ရည်တွေဟာ သမိုင်းတွင်မဲ့ မှင်စက်တွေဘဲဆိုတာ အောက်ခြေလွှတ် သွေးနထင် တက်နေတဲ့ သက်ကြီးပု အမြီးနှံ့  တွေတနေ့ မျက်ဝါးထင်ထင်တွေ့ ရလိမ့်မယ်.
September 18, 2012 11:41 PM
Blogger Vai said...
ဇော်ဝင်း ကိုအကြောင်းမသိသူက အထင်ကြီးနိုင်တယ်. သေသွားမယ်. သူနေတဲ့မြို့လေးမှာတောင်နံမည်ကောင်းမရဘူး လူ. ၁၀၀ သူ့နောက်မှာမရှိဘူး ဝေဖန်တာ လွယ်ပါတယ်. အနစ်နာခံ ဘူးလား အဲ မြို့ ကလူတွေ မေးကြည့်  လူသာမာန်လေးပါ. ဘယ်တော့မှလူထုခေါင်းဆောင်မဖြစ်နိုင်ပါ အနစ်နာခံစိတ်က ခေါင်းဆောင်ဖြစ်ဖို့  အ ဓိက လိုအပ်ချက်ပါ. ဇော်ဝင်း. လူထုခေါင်းဆောင်တွေက မင်းထက်သာ လို့ ခေါင်းဆောင်ဖြစ်နေတာ. ကို
ယ့်ကိုကိုသိကွာ. လုပ်ကိုင်ရတာတွေအများကြီး ၈၈မှာဘေးကျပ်နံကျပ်တွေရှိတယ်. သူတို့နေရာမှာဆို မလွယ်တာတွေအများကြီး. သေချာတာတခုတော့ရှိတယ်. ၈၈ လူထုခေါင်းဆောင်

September 19, 2012 12:22 AM
Blogger kyaw lwin said...
ဘာပဲဖြစ်ဖြစ် 88,အဖွဲ့လုပ်စားသွားပြီ
ကဗျာတွေံစာတွေအမြဲရွတ်နေတဲ့မင်းကိုနိုင်
ဘယ်လဲဘာလဲ။

September 19, 2012 12:29 AM
Blogger kyaw lwin said...
ဟေ့vai comment မှာမြန်မာစကားတောင်ဝါကျ
မှန်အောင်မရေးနိုင်တာမရှက်ဘူးလား
၈၈,အဖွဲ့စည်းပွားရေးလုပ်စားနေတာကြပြီ။
US,60,00,000.ကိစ္စရှင်းခိုင်းပါအုံး။

September 19, 2012 1:27 AM
Blogger yoo said...
(လက်ပံတောင်းတောင် လူထုလှုပ်ရှားမှုဟာ ကျနော်တို့ကို သင်ခန်းစာတွေ အများကြီးပေးတယ်။ လက်ပံတောင်း အဖြစ်အပျက်ကို ကျနော်တို့ လေ့လာဖို့ သင်ခန်းစာယူဖို့နဲ့ နောက်နောင်မှာ ဒီလိုအမှားမျိုး ထပ်ပြီး မကြုံတွေ့အောင် ပြင်ဆင်ကြဖို့ လိုပါမယ်။)
ဒီ ကျောင်းသားဟောင်းဆိုတဲ့ ဇော်ဝင်းခင်မျာမလဲ..
သင်ခန်းစာတွေ...ယူပြီးရင်း ယူရင်း...
မဆုးံနိုင်တော့ဘူး..။
သူ့ ခင်မျာ...
နောက်နောင်မှာ ဒီလိုအမှားမျိုး ထပ်ပြီး မကြုံတွေ့အောင်...
လေ့လာရ..၊
သင်ခန်းစာယူဖို့..
ပြင်ဆင်ကြဖို့ လိုကြောင်း..ပြောရနဲ့ ..
သင်ခန်းစာတွေ တစ်ပုံတစ်ခေါင်းနဲ့ 
ချာလပတ်ရမ်းပြီး အပတ်မလည်ဖြစ်နေရရှာတယ်။
ကိုယ်တိုင် ၀င်ဖြေလေမလား..ဆိုတော့လဲ...။
ဒီလိုလဲ မဟုတ်ပြန်ဘူး။
ဒီသင်ခန်းစာ ပြီးတော့...
နောက်သင်ခန်းစာတွေ ပေါ်လာရင်လဲ..
သင်ခန်းစာတွေ..နဲနဲတောင် မဟုတ်ဘူး..
အများကြီးပေးပြန်ပဟေ့..ဆိုပြီး...
ထ ကြူ အုန်းမှာပဲ...။
သူ့ ဒုက္ခကလဲ မသေးဘူး။
သင်ခန်းစာတွေ ပိ ပြီး ကိစ္စချောသွားမှာတောင်
စိုးရိမ်ရတယ်..။
ခင်လို့ ပါ...။

September 19, 2012 1:49 AM
Blogger စက္ကဝါဆာန် said...
ထောက်ခံပါတယ်။
September 19, 2012 6:00 AM
Blogger စက္ကဝါဆာန် said...
ရင်လေးစရာပါလား။
September 19, 2012 6:39 AM
Blogger Thu said...
People are quiet when Ivanhoe Canada) removed Kyesin and Sabe Taung during(1998-2009).
Now raise the voice to China company for Letpadaung Taung.
It shows "Inferiority" of Myanmar spirit to "the West".

September 19, 2012 9:11 AM
Blogger Internetchitthu said...
ဖုန်းမော်အစ
ဝင်းမော်ဦးအဆုံး
ဒါနဲ့ဘဲနိဂုံးချုပ်တော့မှာလား?
နိဂုံးရဲ့နောက်ဆက်တွဲ
ပါဂျောင်က ဟသာင်္တွေရယ်...
ဒီပဲယင်းမှာ စတေးခံရသူတွေရယ်...
အခုကြည့်...
မစန်းစန်းလှ၊ မအိဆွေ
သွဲ့သွဲ့ဝင်းတို့အထိ ခံစားခဲ့ရသမျှ
အဖိနှိပ်ခံတွေအတွက်
ရက်မဆိုင်းနဲ့...
နာရီမဆိုင်းနဲ့...
နားလည်မှု့မယူနဲ့...
သင်ပုန်းမချေနဲ့...
မတူတာဖယ်
တူတာလုပ်မယ်ဆိုလဲ မရှုပ်နဲ့...
လွတ်တော်ထဲလဲ ၀င်မထိုင်နဲ့...
တကယ်မှ မလွတ်လပ်သေးဘဲ
ဘယ်အမျှဝေလို့ ဖြစ်မှာလဲဗျာ...

September 19, 2012 4:25 PM
Blogger ဖိုးလမင်း said...
nga ba ပြောတာ ထောက်ခံတယ်။ ဝေဖန်တာလွယ်တယ် လက်တွေ့ လုပ်တာ မလွယ်ဘူး၊ ၈၈ လုပ်တာ မကောင်းရင် ဝေဖန်နေမယ့်အစာ ဇော်ဝင်း ဘာလုပ်နိုင်လဲ ဘာလုပ်ခဲ့လဲ ဘာလုပ်နေလဲ ဘာလုပ်မှာလဲ ဒါပဲပြောပါ ။ လွယ်တာလုပ်တာ လူညံ့ ခက်တာလုပ်တာ လူတော်ပါ။ လွဏ်းဆွေလည်း ဝေဖန်ပြီးပြီ။ တခြားတစ်ယောက်လည်း ဝေဖန်ထာတာရှိသေးတယ်။ သဘောရိုးနဲ့ check & balance လုပ်ဖို့ ဝေဖန်တာဆိုရင် လက်ခံတယ်။ မနာလိုစိတ်နဲ့ ဆိုရင်တော့ ပလက်လက်လှန်သေးပန်းသလိုပဲဖြစ်မယ်
September 19, 2012 5:44 PM
Blogger Saw Naung said...
လူအကြောင်း ပြောရုံနဲ့ မပြီး ဘူး အကြောင်းချင်းရာကို ပြောမှ ဖြစ်မယ် မို့ ၀င်ပြောပါတယ်။
မြေယာကိစ္စ၊ ပတ်ဝန်းကျင်ကိစ္စ၊ လူမှုကိစ္စ ဒါတွေ မှာ သီးခြား နောက်ခံအကြောင်းတွေ၊ အသေးစိတ် စဉ်းစား လေ့လာရမယ့် အခြေအနေတွေ၊ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မဖြစ်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။
ဧရာဝတီ လို တစ်ဖက် က ငွေကြေး ကိစ္စ (လျှပ်စစ်ရောင်းတာ) နဲ့ တစ်ဖက်က ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လူမှု စီးပွား၊ အမျိုးသားရေး လက္ခဏာ အကျိုးစီးပွား ဖြစ်တဲ့ conflict မှာ တောင် (ကိုယ်တိုင်မပါဝင် ခဲ့သူတွေ မသိရင် သတိထားမိအောင်ပြောရရင်) ပညာရှင်တွေ၊ အနုပညာရှင်/စာပေပညာရှင်/မီဒီယာ နဲ့ ပြည်သူ တွေ၊ ၈၈ နဲ့ NLD အပါဝင် ပြည်တွင်း နိုင်ငံရေးသမားပေါင်းစုံ က အကြီးအကျယ် ကြိုးစားခဲ့ကြတယ်။ သတင်းတွေ အင်တာဗျူးတွေ၊ ဟောပြောပွဲ ဆွေးနွေးပွဲတွေ နဲ့ အချက်ကျကျ ဝေဖန်ကြတယ်။ ဆွေးနွေးအဖြေထုတ်ပြကြတယ်။ ဒီအချိန်မှာ EIA လုပ်ခဲ့တဲ့ Banca ရဲ့ အသေးစိတ် အစီရင်ခံစာကလည်း အဆင်သင့်ရှိနေတယ်။ နိုင်ငံခြားရောက် exile media တွေကလည်း ၀ိုင်းဝန်းပေးတယ်။ နောက်ဆုံးမှာ အပြီးသတ် အောင်မြင်မှု မဟုတ်ပေမယ့် ရပ်ဆိုင်းသွားအောင် လုပ်နိုင်ခဲ့ကြတယ်။ တခြားမှာ အသာထား၊ ရန်ကုန် မှာကို ငါတို့ ရင်ခုန်စွာလှုပ်ရှားခဲ့ကြတာ လ အတန်ကြာခဲ့တယ်။
ဒီနေ့ လက်ပံတောင်း ကိစ္စ၊ မြေယာတွေကို ထိတာ။ ဒါလေးပဲလား။ ကြေးစင်တောင် မှာ အက်ဆစ် စီးဆင်းမှု ကြောင့် ယမားချောင်းထဲ ဒုထ္ထာပေါက်တာက စလို့ ပြဿနာတွေ အိုင်ဗင်ဟို ကတည်းက ရှိခဲ့ပါတယ်။ စပယ်တောင် က စပယ် တွင်း ကြီးဖြစ်နေပြီ။ အသေးစိတ် လေ့လာပြီး ပြောသင့်တာတွေ အများကြီးရှိသေး တယ်။ အချက်အလက် ပြည့်စုံ၊ လူထု ဆန္ဒ အားကြီး လာရင် အောင်မြင်မှာ မုချပါပဲ။ ဒါကို စဉ်းစား ကိုင်တွယ် နေကြတဲ့ လူထုခေါင်းဆောင်တွေကို ရပ်ရွာထဲက လူထုက မကျေလည်တာလည်း ရှိနိုင်တယ်။ ဒါက မကြာခင်၊ စေတနာကို နားလည်လာရင် ပြေလည်သွားကြမှာ။ အဝေးက နေ အားမလိုအားမရ ဖြစ်တာလည်း လက်ခံလို့ရ တယ်။
ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ ကတော့ ပတ်မကြီးထိုးဖောက်နေတာလို့ မြင်လို့ရသလို နိုင်ငံရေးပိုရှုပ်ထွေးအောင်၊ လုပ်နေတဲ့သူတွေ (ဘယ်နည်းနဲ့ဖြစ်ဖြစ်) သိက္ခာကျ၊ စိတ်ဓာတ်ကျအောင် စစ်အာဏာရှင် အလိုကျ လုပ်နေတာလို့ပဲ ဆုံးဖြတ်ရမှာပဲ။ ငါ့ကို မသိလောက်ဘူး၊ လွတ်လပ်တဲ့ တိုင်းပြည်မှာ မို့ ငါ့ကို မထိလောက်ဘူး လို့ မထင်ပါနဲ့။ သမိုင်း က စကားပြောပါမယ်။ မောင်ရင်တို့ တစ်ဦးချင်း ဘယ်သူ ဆိုတာ ပေါ်လာရင်၊ မိဘဆွေမျိုး နဲ့ နောက်မျိုးဆက်တွေ ဆက်ရှိနေမှာ။ မြန်မာပြည်နဲ့ မပတ်သက်ချင် ရင် ကိစ္စမရှိဘူး။ ပတ်သက်လာရင်တော့ ဒီ အပုတ်နံ့ ဟောင်နေမှာပဲဆိုတာ မှတ်ထားကြပါ။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဒေါ်စု နဲ့ မြန်မာ့ သူရဲကောင်း တွေမှာ သမိုင်း ရှိနေပြီ။ ဘ၀နဲ့ အသက်နဲ့ ရေးခဲ့ကြတာမို့ လူထု က ယုံသလို စစ်ဗိုလ်တွေတောင် ဟန်ဆောင်ပန်ဆောင်ပဲဖြစ်ဖြစ် လက်ခံနေကြရတယ်။ မောင်ရင်တို့လည်း ကိုယ့်သမိုင်း ကိုယ်ရေးကြဖို့ပဲ တိုက်တွန်းလိုတယ်။

September 19, 2012 8:10 PM
Blogger saffrontoward said...
အပြုသဘော အကြံပြုတယ် ဆိုတာ ကောင်းပါတယ်။ တိုးတက်မှုကို ဖြစ်စေပါတယ်။ ၈၈ နဲ့ ဗကသ ကို ခွဲတယ် ဆိုရင်တော့ မင်းကိုနိုင် ၈၈ က ဘာတာဝန်ယူခဲ့လဲ အခြား ၈၈ ခေါင်းဆောင်တွေကော ဗကသရဲ့ ဘာတာဝန်ယူခဲ့လဲ ဆိုတာ ပြန်စဉ်းစားကြစေချင်ပါတယ်။
ဖြစ်သင့် ဖြစ်ထိုက်တာ တွေကို ဝေဖန်အကြံပြုကြပါ။ လူတိုင်း အမှားမှ မကင်းနိုင်တာ။
စေတနာ မှန်ဖို့တော့ လိုပါတယ်။
လက်ရှိ ၈၈ ခေါင်းဆောင်တွေက အခြားလူတွေ နိုင်ငံတကာ အတွေ့အကြုံတွေ နိုင်ငံတကာ အဆင့်မှီ ပညာတွေသင်ယူနေတဲ့ အချိန်မှာ သူတို့ရဲ့ အချိန်တွေကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတာပါ။ သူတို့ တတ်နိုင်သလောက် ကြိုးစားနေတာရဲ့ လိုအပ်ချက်တွေကို အခြား ၈၈ ပညာတတ်တွေက အပြုသဘောနဲ့ ဝန်းရံကြ ကောင်းရာ ကောင်းကျိုး ဝေဖန် အကြံပြုကြ ပံ့ပိုးကြရင် မကောင်းပါလားခင်ဗျား။
၈၈ ကတည်းကနေ အခုအချိန်အထိ အကွဲအပြဲသံတွေ ဆက်ကြားနေရတာ နားခါးလှပါပြီ။
Green Leave

September 20, 2012 9:49 PM

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။