Tuesday, August 28, 2012

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း


တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တွေ့ဆုံခြင်း


The Voice Weekly , 27August 2012  —–
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဖွဲ့စည်းထားသော ရေးရာ ကော်မတီများ၊ ကော်မရှင်များမှာ ပြည်ထောင်စု အဆင့် မဟုတ် ဟူသော ဆုံးဖြတ်ချက် အပေါ် လွှတ်တော်က ဥပဒေနှင့် မညီညွတ် သဖြင့် ခုံရုံးအဖွဲ့ကို စွပ်စွဲ ပြစ်တင်ရန် ဆုံးဖြတ်ခြင်း၊ အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် နည်းလမ်းကို ရွေးချယ် စေလိုခြင်း၊ခုံရုံး အဖွဲ့က နုတ်ထွက်မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခြင်းတို့ ဖြစ်နေပြီး ယင်းအပေါ် သဘောထား အမျိုးမျိုး ဖြစ်ပေါ်နေရာ ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် The Voice Weekly တို့ တွေ့ဆုံကာ ရှေ့နေ တစ်ဦး၏ ဥပဒေ ရှုထောင့်မှ အမြင်ကို တွေ့ဆုံ မေးမြန်း ဖော်ပြ အပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးနဲ့ လွှတ်တော်အကြား အခုဖြစ်နေတဲ့ ပြည်ထောင်စု အဆင့် မရှိကြောင်း ခုံရုံး ဆုံးဖြတ်ချက်နဲ့ နောက်ဆက်တွဲ ပြဿနာ တွေကို ဘယ်လို မြင်ပါသလဲ။
UKN : အခု ဖြစ်နေတဲ့ ပြဿနာက အစက ပြန်ကောက်ရရင် အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုရေး အာဏာဖြစ်တာ၊ ခုံရုံးနဲ့ ပြဿနာ မဟုတ်ဘူး။ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်က ကော်မတီ၊ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ်သလား၊ မဖြစ်ဘူးလား။ ပြည်ထောင်စု အဆင့် ဖြစ်ခဲ့ရင် ဘာ အကျိုး သက်ရောက်မှု ရှိလာမလဲ၊ မဖြစ်ခဲ့ရင် ဘာဖြစ်မလဲ အဲဒါ အဓိကပဲ။ တချို့က ပြောတယ်။ ပြည်ထောင်စု အဖွဲ့ဝင် ဖြစ်ခဲ့ရင် တိုက်တစ်လုံး ရမယ်။ ကားသုံးစီး ရမယ်။ ဒါက အဓိက ဆွေးနွေးရမယ့် ပြဿနာမဟုတ်ဘူး။ ပိုက်ဆံရှိရင် တိုက်နှစ်လုံးလည်း ပေးလို့ရတယ်။ အဓိကမကျဘူး။ အဓိကက ဘာတုန်း ဆိုရင် ပြည်ထောင်စုအဆင့် ရှိတဲ့ အဖွဲ့ဆိုရင် သူရဲ့လုပ်ပိုင်ခွင့်က ပြည်ထောင်စု အဆင့်နဲ့ လျော်ညီတဲ့ လုပ်ပိုင်ခွင့် ဖြစ်မယ်။ပြည်ထောင်စု အဆင့်မရှိ ဘူးဆိုရင် သူ့ရဲ့လုပ်ပိုင်ခွင့်က နိမ့်သွားမယ်။ ကျွန်တော်တို့ Check and Balance စနစ်အရ ပြည်ထောင်စု အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထိန်းညှိ ပေးရမယ့် အဖွဲ့တွေ ပြည်ထောင်စု အဆင့်ထက် နိမ့်လို့ မရပါဘူး။ အခုဖြစ်နေတဲ့ ပြဿနာကို ဘယ်သူက စတာလဲ ဆိုတော့ နိုင်ငံတော် သမ္မတ ကိုယ်စား၊ အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်တာ။ ဒါကြောင့် အုပ်ချုပ်ရေး အဖွဲ့ အစိုးရက လျှောက်ထားသူ၊ လျှောက်ထား ခံရသူက လွှတ်တော် နှစ်ရပ်ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကလျှောက်ထား ခံရသူ။ ဒါကြောင့်မို့လို့ ကြားနာတဲ့ နေရာမှာ ပြည်ထောင်စု အစိုးရဘက်က ရှေ့နေချုပ်က ပြောတယ်။ အမျိုးသား လွှတ်တော်အတွက် ဒုတိယ ဥက္ကဋ္ဌက ပြောတယ်။ ပြည်သူ့လွှတ်တော် အတွက် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောတယ်။ ပြဿနာ ဖြစ်တဲ့ ဘက်နှစ်ဖက်က အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခု စဖြစ်ကြတာ။ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရဲ့ လျှောက်လဲချက် ထဲမှာ လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရေးသားထားတယ်လို့ လျှောက်လဲတယ်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့ ပြည်သူ့လွှတ်တော် ဥပဒေကို ကိုးကားပြီးတော့ လျှောက်လဲတယ်။

ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေမှာ လွှတ်တော် ဖွဲ့စည်းတဲ့ ကော်မတီ၊ကော်မရှင် တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့ လျှောက်လဲတယ် အားကိုးအားထား ပြုတဲ့ ဥပဒေ နှစ်ခု ရှိသွားပြီ ဖြစ်တဲ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်း ကိုးကား ထားတယ်။ပြည်ထောင်စု အစိုးရ ဘက်ကတော့ အခြေခံ ဥပဒေကို ကိုးကားပြီး အငြင်းပွားတယ်။ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥပဒေတွေမှာ အတော့်ကို ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုတာ ဘာလဲဆိုတာ အတော့်ကို ရှင်းလင်း ရေးထားတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့
-ပြည်ထောင်စု အစိုးရအဖွဲ့၊
-အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊
-နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး၊
-ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊
-ပြည်ထောင်စု စာရင်းစစ်ချုပ်၊
-ပြည်ထောင်စ ရာထူးဝန် အဖွဲ့၊
-ပြည်ထောင်စု လွှတ်တော်၊
-ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့်
ကော်မတီ၊ ကော်မရှင် အဖွဲ့တို့ကိုလည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်း
ဟု ဆိုလိုသည်လို့ ဖော်ပြထားတယ်။

ဒီကနေ့ တည်ဆဲဖြစ်နေတဲ့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေတွေမှာ အဲဒီဥပဒေ သုံးခုစလုံးမှာ လွှတ်တော် အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ကော်မရှင် တွေဟာ ပြည်ထောင်စု အဆင့်အဖွဲ့ ဖြစ်တယ်လို့ ဥပဒေ ပြဋ္ဌာန်းထားတယ်။ အဲဒါ ငြင်းလို့ မရဘူး။ ဒီဥပဒေ သုံးခုမှာ ပြည်ထောင်စုရှိတဲ့ အဖွဲ့အစည်းတွေလို့ သတ်သတ်မှတ်မှတ် အဓိပ္ပာယ် ဖွင့်သလိုမျိုး ၂၀ဝ၈ အခြေခံ ဥပဒေမှာ ရှိသလား။ ရှိခဲ့ရင် အခြေခံ ဥပဒေမှာ ပါတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ လွှတ်တော် ဥပဒေ သုံးခုလုံးမှာပါတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ယှဉ်ကြည့်ရမယ်။ မတူဘူး ဆိုရင် ဖွဲ့စည်းပုံကို ယူရမယ်။ တူနေရင် ပြောစရာမရှိဘူး။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ် ထဲမှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဘယ်ကဲ့သို့သော အဖွဲ့အစည်းကို ဆိုလိုသည်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ခုံရုံးရဲ့ သုံးသပ်ချက် ထဲမှာလည်း လွှတ်တော် အသီးသီး၏ ဥပဒေများတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလို့ အနက် အဓိပ္ပာယ် ဖွင့်ဆို ထားသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်ထောင်စု အဆင့် စကားရပ်နှင့် စပ်လျဉ်း၍ အနက် အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိလို့ ရေးထားတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စု အဆင့်ဆိုတဲ့ စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုထားတာ မပါဘူး။ လွှတ်တော် ဥပဒေတွေမှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းကို ဘာတွေလဲ ဆိုတာ ပါတယ်။မပါတာနဲ့ ပါတာဟာ ဆန့်ကျင်တယ်လို့ ပြောလို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တစ်မျိုး လွှတ်တော်ဥပဒေ မှာတစ်မျိုး ကွဲပြားနေရင် မတူဘူး ဆန့်ကျင်နေတယ် လို့ပြောလို့ ရတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀ဝ၈ မှာ ပြဋ္ဌာန်းထားတာ။ လွှတ်တော်အသီး သီးရဲ့ ဥပဒေတွေက ၂၀၁၀ မှာ ပြဋ္ဌာန်း ထားတာ။ ၂၀ဝ၈ အခြေခံ ဥပဒေ ပြီးမှ ပြဋ္ဌာန်းထားတာ။ ၂၀ဝ၈ အခြေခံ ဥပဒေနဲ့ ဟိုရှေးက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်နေရင် ပျက်တယ်။ မဆန့်ကျင် သရွေ့ ဆက်ပြီး သုံးရမယ်။ဒါ အခြေခံ ဥပဒေ ပုဒ်မ ၄၄၆လို့ ဥပမာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် ၃၅၄ အရ ဆန့်ကျင်နေတယ်။လွှတ်တော် ဥပဒေတွေဟာ ၂၀ဝ၈ နောက်မှာပြတာ။ အရေးကြီးဆုံးက လွှတ်တော် ဥပဒေတွေ ပြဋ္ဌာန်းတဲ့ နိဒါန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၄၃ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည် ဖော်ရေးတွင် လိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်း များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဒီဥပဒေကို ပြဋ္ဌာန်းသည်။ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက် ရသည့်လုပ်ငန်းစဉ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဆောင်ရွက်သည်ဟု မှတ်ယူရမည်။ အခြေခံ ဥပဒေ အသက်ဝင် တာက ၂၀၁၁ ဇန်နဝါရီ ၃၁ ကျမှ အသက်ဝင်တာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သောနေ့မတိုင်မီ ဥပဒေပြုရေး၊အုပ်ချုပ်ရေး တရားစီရင်ရေးလုပ်ငန်းစဉ်ချောမွေ့စွာ ဆောင်ရွက်ဖို့ အသွင်ကူးပြောင်းရေး ကာလအတွက် ရည်ရွယ်ပြီးပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေဟာ ဒီအခြေခံဥပဒေအရ ဆောင်ရွက်တာတဲ့ ၂၀၁၀ မှာထုတ်ပြန်ခဲ့တဲ့ လွှတ်တော်ဥပဒေတွေ ဟာ Part of Constitution တဲ့။
အခိုင်အမာအကိုးအကားဥပဒေတွေမရှိဘဲ အခြေခံဥပဒေခုံရုံးက စွဲယူ ဆုံးဖြတ်ခဲ့တာ။ အခြေခံဥပဒေမှာ ဘယ်အဖွဲ့အစည်းက ပြည်ထောင်စု အဆင့်အဖွဲ့အစည်းလို့ မရေးဘူး။ဒါကို ကြီးကြီးကျယ်ကျယ် မဖြစ်အောင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းလမ်းရှာလိုက်တဲ့အခါမှာ အခြေခံဥပဒေအရ သမ္မတကြီးကဖွဲ့တဲ့ အဖွဲ့အစည်းတွေ၊အခြေခံဥပဒေတွေအရ ဖွဲ့ရမယ်လို့ သတ်မှတ်တဲ့ အဖွဲ့အစည်းတွေ အဲဒီအဖွဲ့အစည်းတွေ အားလုံးသည် ပြည်ထောင်စု အဆင့် အဖွဲ့စည်းများဖြစ်တယ်။ ထိုနည်းတူစွာ ဒီ Constitution ရဲ့ တစ်စိတ် တစ်ဒေသအဖြစ် အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ Run နိုင်အောင် ကြိုတင်ပြင်ဆင်တဲ့ ပြဋ္ဌာန်းထားတဲ့ လွှတ်တော် ဥပဒေမှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သတ်မှတ်ထားတဲ့ လွှတ်တော်ကော်မတီတွေလည်း ပြည်ထောင်စုအဆင့် အဖွဲ့ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ရင်ဒီလိုပြဿနာမပေါ်ဘူး။ အခြေခံဥပဒေ အသက်ဝင်အောင်နဲ့ အသွင်ကူးပြောင်းရေးကာလ အောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ဥပဒေတွေကို Honor လုပ်တဲ့သဘော ဖြစ်နေတယ်။
လွှတ်တော်ရေးရာကော်မတီ၊ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် နဲ့မညီဘူး။ မှားတယ်လို့ ပြောလို့ရအောင် အခြေခံ ဥပဒေမှာ ရှာလို့ကိုမရဘူး။ အခြေခံဥပဒေရဲ့ ဘယ်ပြဋ္ဌာန်းချက်နဲ့ မညီတာလဲ။ လွှတ်တော်ဆိုတာ ပြည်သူက ရွေးချယ်ထားတာ။ ပြည်သူ့လွှတ်တော်ကိုအပြစ်တင်ရင် ပြည်သူကို အပြစ်တင်တာပဲ။ အုပ်ချုပ်ရေးအာဏာပိုင်းဖြစ်တဲ့သမ္မတကြီးအစိုးရအဖွဲ့နဲ့ ဥပဒေပြု လွှတ်တော်တို့ အကြား ဖြစ်တဲ့ ပြဿနာ ဖြစ်သော်လည်း ခုံရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက်ခုံရုံးနဲ့ လွှတ်တော်ဖြစ်တဲ့ ပြဿနာ၊ကျွန်တော့်သဘော ထားကတော့ ဒီအထိကို ရောက်ဖို့မသင့်ဘူး။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲဆိုတာ စဉ်းစားဖို့လိုတယ်။အခြေခံဥပဒေခုံရုံးဆိုတာ တစ်ရုံးတည်း နဲ့ နောက်ဆုံးရုံး။စည်းနှောင်အားကြီးတဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ရှုထောင့် ပေါင်းစုံက စဉ်းစားဖို့လိုပါတယ်။ဥပဒေတွေ ဆင်ခြင်တုံတရားတွေကို ရှေ့မှာ ထားမှဖြစ်မှာပါ။ ဖြစ်နိုင်သမျှနောက်ဆက်တွဲ ပြဿနာမပေါ်အောင် ဆုံးဖြတ်ရမှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေ အားလုံး ပြည်ထောင်စုအဆင့်ဖြစ်သလို လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင်တွေကိုလည်း ပြည်ထောင်စုအဆင့်ရှိတဲ့အဖွဲ့အစည်းဖြစ်တယ် လို့ ဆုံးဖြတ်ခဲ့လို့ ရှိရင် တိုင်းပြည်ပျက်မှာလား။ အခြေခံဥပဒေခုံရုံးက စွဲယူ ဆုံးဖြတ်လို့ ပြဿနာတက်တာ။ တကယ်လို့များ ဒီဆုံးဖြတ်ချက်အတည် ဖြစ်တဲ့အတွက် နာခံလိုက်ရင် Check and Balance စနစ်ပျက်သွားမယ်။
Voice : အချို့လည်း သုံးသပ်ကြတာက ကော်မတီ၊ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် ပေးလိုက်ရင် ကော်မတီ၊ကော်မရှင်တွေက ပြည်ထောင်စု ဝန်ကြီးတွေကို အချိန်ပြည့်ခေါ်ယူ မေးမြန်းတာမျိုး လုပ်နေရင် သူတို့ ပင်မတာဝန်တွေ မထိခိုက် စေဘူးလားလို့ပြောတာ တွေ့ရတယ်။
UKN : အဲဒီလိုလွှတ်တော်ကဖွဲ့စည်းတဲ့ရေးရာကော်မတီတွေက ဝန်ကြီးတွေကို အမြဲတမ်း ခေါ်ထားရင် ဝန်ကြီးရဲ့အလုပ်တာဝန်လစ်ဟင်းမှာစိုးလို့ဆိုတာက ကျွန်တော့်သဘော ပြောရရင် ဒါကစကားကပ်ြပီး ပြောတာ၊ ရေးရာ ကော်မတီတွေက ကိစ္စရှိရင်ခေါ်ထားမယ်။ ကိစ္စမရှိရင် ခေါ်မှာကိုမဟုတ်ဘူး။ အဲဒါ ပြဿနာမဟုတ်ဘူး။ ဒီရာထူးမှာ တာဝန်ထမ်းဆောင်တဲ့ လူတွေ၊ လွှတ်တော်ရဲ့ Check and Balance လုပ်တာကို လက်ခံရမှာပါ။ ငါတို့က မလာနိုင်ဘူးလို့ ပြောလို့မရဘူး။ အခြေခံဥပဒေကို လက်ခံရင် Check and Balance ကို လက်ခံရမှာ၊ ပြည်ထောင်စု အဆင့် ဖွဲ့လိုက်ရင် ခံစားခွင့် ပေးရတော့မယ်။ ငွေအများကြီး ကုန်တော့မယ်လို့ ပြောလို့မရဘူး။ တိုင်းပြည် အတွက် အလုပ်လုပ်နေတဲ့ သူကို ထမင်းမကျွေး ဘူးလား။သူ့ အိမ်နဲ့ ရုံးနဲ့သွားဖို့ မော်တော်ကား မပေးနိုင်ဘူးလား။ အလုပ်လုပ်နေတဲ့သူ အတွက် Support လုပ်ရမှာပါ။ ပိုက်ဆံကုန်မှာ စိုးလို့ အဆင့် လျှော့ချတယ် ဆိုရင် ဝန်ကြီးဌာနတွေ အများကြီး လျှော့ချလိုက်ပါ။ ဒုတိယ သမ္မတ တစ်ယောက်ပဲ ထား။ ဝန်ကြီးဌာန သုံးဆယ်ကျော် မထားနဲ့ ၁၀ ခုနဲ့လုပ်။ အမေရိကန် ပြည်ထောင်စုမှာ ရှစ်ခုပဲ ရှိပါတယ်။ လိုအပ်ရင် ထားပါ။ ဒီအတွက် ပိုက်ဆံ ကုန်ပါစေ။
တိုင်းပြည်အကျိုး အတွက် လုပ်ပိုင်ခွင့် အာဏာ ပေးရမှာ။ ဒါမှ Check and Balance လုပ်လို့ ရမှာပါ။

Voice : အခြေခံ ဥပဒေ ပြုပြင်တာ ပိုသင့်တော်တယ်လို့ သမ္မတကြီးရဲ့ ထောက်ပြမှု ကိုရော ဘယ်လိုမြင်ပါသလဲ။
UKN : အခြေခံ ဥပဒေ ပြင်ဖို့က ပိုပြီး ကြာနိုင်တယ်။ ပိုပြီး ကြီးကျယ်တယ်။ ခုံရုံး ဆုံးဖြတ်ချက် ချဖို့က ထင်သာမြင်သာ အငြင်းမပွား နိုင်တဲ့ နည်းနှစ်နည်း ရှိတယ်။ ခုံရုံးက သူတို့ ဆုံးဖြတ်ချက် မှားပါတယ်လို့ ကြေညာပြီး နုတ်ထွက် ပေးရတာ။ ဒုတိယနည်း စွပ်စွဲ ပြစ်တင်ပြီး ထုတ်လိုက်တာ။ ဒါလည်း ဆုံးဖြတ်ချက် ပျက်ပြယ်တယ်။ နောက်တစ်နည်းက ခုံရုံးက မိမိ ဆုံးဖြတ်ချက်ကို မိမိဘာသာ ပြန်ပြင်တာ။ ဒီမှာလည်း ပြဿနာ ရှိတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ပြန်ပြင်လို့ ရသလား ဆိုတဲ့ မေးခွန်း ရှိလာနိုင်တယ်။ Review လုပ် သုံးသပ်ပြီး ပြန်ပြင်တာ ရှိတာ။ Constitution ပြန်ပြင်ရအောင် လွှတ်တော် ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စု အဆင့် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပါမှမပါတာ။ ဘာပြင်ရမှာလဲ။ မရှိဘူးလို့ ရေးထားရင် ရှိပါတယ်လို့ ပြင်ရမှာ။

လွှတ်တော်ရေးရာ ကော်မတီ တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ အခြေခံ ဥပဒေမှာ မရေးထားဘူး။ ဘာမှကို မပါဘူး။ မရှိတာကို ဘယ်လိုပြင် မှာလဲ။ ဘာကိုပြင်မှာလဲ။လွှတ်တော် ဥပဒေတွေမှာ ပါတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ ဘယ်အဖွဲ့တွေ ဖြစ်ပါတယ်လို့ အခြေခံ ဥပဒေ ဖြည့်စွက်ချက် အနေနဲ့ ပြဋ္ဌာန်း လိုက်ဖို့ ဆိုတာ ၂၀ဝ၈ ဖွဲ့စည်းပုံ အသက်ဝင်ဖို့ ၂၀၁၀ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေ ပြဋ္ဌာန်း ပေးထား တာပါ။ တစ်ချိန်တည်း မှာ ဒီ ဥပဒေတွေဟာ Part of Constitution ။ အခြေခံဥပဒေတွေရဲ့ အစိတ်အပိုင်းလို့ အသုံးပြုနိုင်တယ်။ အခြေခံ ဥပဒေမှာ ပြည်ထောင်စု အဆင့်နဲ့ ပတ်သက်ပြီး မဖော်ပြထားဘူး။ လွှတ်တော် ဥပဒေ သုံးခုမှာ ပြဋ္ဌာန်းထားတာ မပါတာနဲ့ ဆန့်ကျင်တယ်လို့ ပြောလို့မရဘူး။
Voice : စွပ်စွဲပြစ်တင်ပြီး ဖြုတ်ပစ်တာမျိုး ဓလေ့တစ်ခု ဖြစ်သွားခဲ့ရင် Check and Balance ပျောက် မသွား နိုင်ဘူးလား။ နောက်ပိုင်း လွှတ်တော်နဲ့ ပတ်သက်ရင် မဆုံးဖြတ်ရဲသလို ဖြစ်မသွားနိုင်ဘူးလား။
UKN : Check and Balance သဘောတရားက အခြေခံ ဥပဒေ ခုံရုံးက အဓိက မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ခုံရုံး ဖွဲ့ထားတာ။ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ခုံရုံး မရှိဘူး။ ဒီအာဏာကို တရား လွှတ်တော်ချုပ်ကို ပေးထားတာ။ မမှားအောင် လုပ်ဖို့က သူ့တာဝန်ပဲ။ အကောင်းဆုံး လုပ်ရမှာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဟာ ဘက်လိုက်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်တော် မယုံဘူး။သူတို့ကောင်းမယ် ထင်လို့ လုပ်တာ ဆိုပေမယ့် ပြဿနာ တက်နေပြီ။ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူတွေ တိုက်ရိုက် ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လက်မခံတာ။ ဒီအဖွဲ့တွေ မကြိုက်ဘူးဆိုရင် ပြည်သူတွေ မကြိုက်တာ။ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ကျွန်တော်တို့ တိုင်းပြည်မှာက သမ္မတကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ် ခန့်အပ်တာ။ နိုင်ငံတော် သမ္မတ က ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံ ရတယ်။ဒုတိယ သမ္မတ တွေဟာ နိုင်ငံတော် သမ္မတ ကနေ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်ကို တာဝန် ခံရတာပါ။ တိုင်းပြည် အုပ်ချုပ်ရေး အတွက် သမ္မတကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ပေးထား ပေမယ့် သူရဲ့ဆောင်ရွက်ချက် အားလုံး လွှတ်တော် က တာဝန်ခံ ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အုပ်ချုပ်ရေး ကဏ္ဍကို ဥပဒေပြုရေး ကဏ္ဍက ထိန်းကျောင်းခွင့် ပေးထားတယ်။အမေရိကန်နဲ့ မတူဘူး။ အမေရိကန် စံနှုန်းနဲ့ တိုင်းလို့မရဘူး။ အမေရိကန်မှာ သမ္မတက အမည်စာရင်း သွင်းတဲ့ လူတွေကို ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ ပယ်ချ လို့ရတယ်။ဒီမှာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖော်ပြထားတဲ့ သတ်မှတ် အရည်အချင်းနဲ့ မပြည့်စုံကြောင်း ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ငြင်းပယ်လို့ မရဘူး။ နိုင်ငံတော် အာဏာဟာ မူလပိုင်ရှင် ဖြစ်တဲ့ ပြည်သူတွေ ရွေးချယ် တင်မြှောက် ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကို အပ်နှင်း ထားပြီး ပြည်ထောင်စု လွှတ်တော်က အုပ်ချုပ်ရေး အာဏာကို သမ္မတ ကို ခွဲဝေပေး ထားတာ။ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာ သုံးရပ်စလုံးကို ပြည်ထောင်စု လွှတ်တော်က ပြန်ပြီး ခွဲဝေပေးတာ။ ပြည်ထောင်စု လွှတ်တော်က သမ္မတကို ရွေးချယ်ပေးပြီး အုပ်ချုပ်ရေးပိုင်းကို လုပ်။သမ္မတကြီး အမည်စာရင်း သွင်းတဲ့ တရားသူကြီးချုပ်ကို သဘောတူပြီး တရား စီရင်ရေး ခွဲဝေပေးတာ။ ပြည်ထောင်စု လွှတ်တော်က အားလုံးကို ခွဲဝေပေးတာ။နိုင်ငံတော် သမ္မတဟာ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ် တင်မြှောက်ထားတဲ့ Elected မဟုတ်ဘူး ။ Selected ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးတာ။နိုင်ငံတော် သမ္မတ တစ်ယောက်တည်း က အုပ်ချုပ်ရေး ယန္တရား တစ်ခုတည်းကို ဦးဆောင်တာ သူကြိုက်တဲ့သူတွေ ခန့်ပြီး လုပ်လို့ ရတယ်။ လွှတ်တော်ဆိုတာ တစ်ယောက်တည်း မဟုတ်ဘူး။ တစ်တိုင်းပြည်လုံး လူ ၇၀ဝ လောက် စုပေါင်းတာ။ လူ ၇၀ဝလောက် အပြန်အလှန် ဆွေးနွေးပြီးချတဲ့ ဆုံးဖြတ်ချက်နဲ့ သမ္မတ တစ်ယောက်တည်း ချတာ ကွာပါတယ်။ ဒါကြောင့် လွှတ်တော်က Check and Balance ပျောက်သွားလို့ မရဘူးလို့ ထင်ပါတယ်။

Written by 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။