မီဒီယာ ဘယ်ဘက်လိုက်မလဲ . . . |
|
|
Written by ဇော်ဇော်အောင် | |
Sunday, 26 August 2012 11:35 | |
၂။ အရင်ခေတ်တွေတုန်းကဆိုရင် ပြောခဲ့တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအာဏာတွေ (အားလုံးကိုပေါင်းပြီး နိုင်ငံတော်အာဏာ state Power လို့ သုံးပါတယ်။) အဲဒီနိုင်ငံတော်အာဏာကို ရယူချင်တယ်ဆိုရင် စစ်တပ်၊ ရဲတပ်စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုသုံးပြီး တစ်နည်းပြောရင် တင့်ကားတွေ၊ အမြောက်တွေ၊ သေနတ်တွေကိုသုံးပြီး အာဏာကိုရယူတယ်။ ရတဲ့အာဏာကိုလည်း တင့်ကားတွေ၊ အမြောက်တွေ၊ သေနတ်တွေနဲ့ ခိုင်မြဲတည်တံ့အောင် လုပ်ရတယ်။ ချုပ်ပြောရရင် အင်အားသုံးတယ်။ ရက်စက်ကြမ်းကြုတ်တယ်။ အဲသလို လက်နက်အင်အားသုံးပြီး လက်ရှိအစိုးရတစ်ရပ်ကို ဖြုတ်ချတာ၊ ဖယ်ရှားတာကို အားလုံးသိတဲ့အတိုင်း ''အာဏာသိမ်းတယ်''လို့ ခေါ်တယ်။ အသုံးတွင်နေတဲ့ ဝေါဟာရက . . . Coup detat လို့ ခေါ်တယ်။ မူလ ပြင်သစ်စကား။ အသံထွက်က (ကူးဒေတာ)။ ကျွန်တော်တို့ဆီမှာ (ကု-ပ်) လုပ်တယ်လို့ (ပစောက်အသံထွက်) နဲ့ ပြောနေကြတယ်။ ထားပါတော့။ ဒါအရေးမကြီးပါ။ အရေးကြီးတာက အစိုးရတစ်ရပ်ကို ရုတ်ခြည်းဗြုန်းခ နဲဖြုတ်ချလိုက်တာ မမျှော်လင့်ဘဲ အလစ်အငိုက်မှာ လှုပ်ရှားဆောင်ရွက်လိုက်တာ၊ လက်နက်အင်အားသုံးတာတွေဟာ ''ကူးဒေတာ''ရဲ့ လက္ခဏာတွေ ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီလိုအာဏာကို ရပြီးတဲ့နောက်မှာလည်း ရတဲ့အာဏာတည်တံ့ခိုင်မြဲအောင် လက်နက်အင်အားကိုပဲ သုံးတယ်။ လူတွေကို မလှုပ်နိုင်အောင် အကြောက်တရားကိုဖန်တီးပြီး အုပ်ချုပ်တယ်။ အာဏာကို ထိန်းသိမ်းတယ်။ အခု ခေတ်မီတိုးတက်လာတဲ့အခါမှာ... အဲဒီလိုစစ်တပ်၊ ရဲတပ်၊ တင့်ကား အမြောက်၊ သေနတ်တွေမသုံးတော့ ဘူး။ မီဒီယာကိုပဲ အပိုင်ကိုင်ထားပြီး အာဏာတည်မြဲအောင် လုပ်တယ်။ ဘာအဓိပ္ပာယ်ကို ပြောချင်သလဲ။ မီဒီယာဟာ တင့်ကားတွေ အမြောက်တွေထက် တန်ခိုးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ၃။ မီဒီယာဆိုတာ ဘာတုန်း။ အားလုံးသိပြီးသား မဟုတ်လား။ သိပြီးသားထပ်ပြောတော့ လျှာရှည်သလို ဖြစ်မနေဘူးလား။ တစ်ခုတော့ရှိရဲ့။ ဒီနေ့ ထင်ရှားတဲ့ အယ်ဒီတာချုပ်တစ်ယောက်က အင်တာဗျူးတစ်ခုမှာ ''မီဒီယာ'' Media နဲ့ ''မီဒီယမ်'' medium မှားဖြေတယ်။ အဲဒါကို ဂျာနယ်အယ်ဒီတာကလည်း ဒီအတိုင်း ထည့်ပေးလိုက်တယ်။ နည်းနည်း အရုပ်မဆိုးဘူးလား။ ထားပါတော့။ ကျွန်တော်ပြောချင်တာက သိသလိုလို မသိသလိုလို ယောင်ဝါးနေကြတာ ဖြစ်တတ်ပါတယ်။ နောင်အခါကျရင် လူငယ်လူတော်ကလေးတွေ တက်လာမှာပါ။ သူတို့ လက်ထက်ကျရင် အဆင်ပြေမှာပါ။ ဒါကြောင့် ထားလိုက်ပါတော့။ ကျွန်တော်တို့နဲ့ဆိုင်သလောက် ပြောမယ်ဆိုရင် ၁။ သတင်းစာ၊ ၂။ ဂျာနယ်၊ ၃။ မဂ္ဂဇင်း၊ ၄။ ရေဒီယို၊ ၅။ ရုပ်မြင်သံကြားဆိုတဲ့ ငါးခုကိုရှိတယ်။ (ဒီမီဒီယာငါးခုဟာ အဓိကအားဖြင့် သတင်းအချက်အလက် information ပေးတဲ့ မီဒီယာတွေ ဖြစ်ပါတယ်။ ဂျာနယ်လစ်ဇင် Journalism ခေါင်းစဉ်ကြီးအောက်မှာ ထားတတ်ကြပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသူတွေ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေကို ဂျာနယ်လစ် Journalist လို့ ခေါ်ပါတယ်။ ''သတင်းသမား''လို့ ဘာသာပြန်ချင်ပါတယ်။ ဒါကိုပဲ ''မီဒီယာသမား''လို့ သုံးနှုန်းတတ်ပါတယ်။ ဂျာနယ်လစ်ဇင်းနဲ့ မီဒီယာ၊ ဒီဝေါဟာရနှစ်ခုဟာ အရောရော အထပ်ထပ်ရှိပြီး သဘောတူတာ သုံးတတ်ကြပါတယ်။) ဆက်ပြောရမှာက . . . အထက်မှာ ပြောခဲ့သလို တန်ခိုးကြီးတဲ့ ဒီမီဒီယာသမားတွေဟာ ဘာလုပ်သလဲ။ ဘာလုပ်လို့ သူတို့ဟာ တင့်ကားတွေ၊ အ မြောက်တွေထက် တန်ခိုးကြီးရတာလဲ။
၅။ ကမ္ဘာကျော်တဲ့ အဖြစ်အပျက် သာဓက တစ်ရပ်ရှိပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ ''ဖောက်ကလန် စစ်ပွဲ'' Falklands War မှာ အင်္ဂလန် ဗြိတိန်သျအစိုးရဘက်က မရပ်တည်ဘဲ သတင်းအမှန် အဖြစ်အပျက် အခြေအနေမှန်တွေကို ရေးသားထုတ် ဝေတဲ့အတွက် ဘီဘီစီ BBC သတင်းဌာနကြီးနဲ့ ဗြိတိသျှအစိုးရ အချေအတင်ဖြစ်ကြတယ်။ အစိုးရက ''ဘီဘီစီ''ဟာ ဒီအရေးအခင်းမှာ နိုင်ငံတော် (ဗြိတိသျအစိုးရ)ဘက်က ရပ်တည်ပြီးရေးဖို့က အဓိကတာဝန်ပဲ၊ အစိုးရကိုပဲ ထောက်ခံရေးသားရမယ်လို့ ဆိုလာတယ်။ ''ဘီဘီစီ''က . . . အကြွင်းမဲ့ဘက်မလိုက်ခြင်း absolute impantiality ကို ငြင်းပယ်တယ်။ ''ဘက်''ကတော့ လိုက်ရမှာပဲ။ ဘယ်ဘက်က လိုက်ရမလဲ။ ၁။ အမှန်တရား၊ မှန်ကန်ခြင်း၊ ၂။ တရားမျှတခြင်း။ ၃။ တရားဝင်ခြင်း (matters of truth, justice, and legality) ဆိုတဲ့ ကိစ္စတွေဘက်က လိုက်ရမယ်။ အင်္ဂလန် ဗြိတိသျှ အစိုးရက ဖောက်ကလန်ကျွန်းကို စစ်တိုက်တာ ၁။ မမှန်ဘူး။ ၂။ မတရားဘူး၊ ၃။ တရားမ၀င်ဘူးဆိုရင် မီဒီယာသမားဟာ သူ့သဘာဝအရ အင်္ဂလိပ် အစိုးရဘက်က မလိုက်နိုင်ဘူး။ အစိုးရဘက်က မရပ်တည်နိုင်ဘူးလို့ ''ဘီဘီစီ''က ကြေညာရေးသားတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကျော်ပါတယ်။ မီဒီယာသမားတွေရဲ့ ဂုဏ်ရောင်ထွန်းပြောင်တဲ့ ကိစ္စကြီးလည်း ဖြစ်ပါတယ်။ သမိုင်းလည်း ၀င်ပါတယ်။ စကားသုံးကို ပြန်ချုပ်ရရင် ၁။ မီဒီယာဆိုတာ အင်မတန် တန်ခိုး သတ္တိ ကြီးမားတယ်။ ၂။ မီဒီယာ သမားဟာ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကို ဦးထိပ်ထားတယ်။ ၃။ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကိစ္စမှာ အခြားတစ်ဖက်နဲ့ ယှဉ်လာရင် မီဒီယာသမားဟာ လူထုဘက်က ရပ်တည်ရမယ်။ လူထုဘက်ကပဲ နေရမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ရဘူး။ လူထုမျက်နှာပဲ ထောက်ရမယ်လို့ . . . အကျဉ်းချုပ် တင်ပြခဲ့ပါတယ်။ |
No comments:
Post a Comment