ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်
Yangon Media Group, 30August 2012 —–
ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို စိတ်မောမောနဲ့ စောင့်ကြည့်နေတုန်းမှာ စာရေးဆရာကြီး မြတ်ထန်ရဲ့ နာမည်ကျော် ဝတ္ထုစာအုပ်ကြီးရဲ့အမည်က ခေါင်းထဲ အလိုလိုရောက်လာပါတယ်။ အားလုံးသိပြီးသားစာအုပ်ပါ။ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”။ ဆရာကြီးက လွတ်လပ်ရေးရပြီးစ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကို ရေးသွားတာပါ။ ကျွန်တော်ကတော့ အခု တပ်မတော်အုပ်ချုပ်ရေးက လွတ်မြောက်စ မြန်မာနိုင်ငံရဲ့ ရင်မောစရာ နိုင်ငံရေးအခင်းအကျင်းတွေကို “ ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်” လို့ပဲပြောလိုက်ချင်ပါတယ်။
ပြည်ထောင်စုအဆင့်သတ်မှတ်ရေးနဲ့ပတ်သက်ပြီး အခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ လွှတ်တော် တွေနဲ့ခုံရုံးအကြား အငြင်းပွားလာလိုက်ကြတာ အဲဒီမီးက ငြိမ်းမလိုလိုနဲ့ ပိုပြီးတောင် တောက် လောင်လာတဲ့သဘောရှိနေပါတယ်။ဘယ်ကဘယ်လိုစဖြစ်ပြီး ဘယ်အခြေအနေရောက်နေပြီဆိုတာ စာဖတ်သူ တော်တော်များများကသိပြီးဖြစ်လို့ ကျွန်တော့်အနေနဲ့ အဲဒီအပိုင်းကို အကျယ်ချဲ့မနေချင်တော့ပါဘူး။ကိုယ် ပြောချင်တဲ့အပိုင်းကိုပဲ အလေးပေးဆွေးနွေးသွားလိုပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို အမှန်အတိုင်းသုံးသပ်ရမယ်ဆိုရင် မဏ္ဍိုင်ကြီးသုံးရပ်စလုံးက ဒီမိုကရေစီ အတွေ့အကြုံမရှိကြသေးပဲ လမ်းစမ်းလျှောက်နေကြတဲ့အဆင့်ဖြစ်ပါတယ်။ဒါဟာလဲမထူးဆန်းလှပါဘူး။ လွတ် လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်တစ်ခေတ်ဖြစ်လိုက်သေးပေမယ့် သိပ်တိုတောင်းလှပါတယ်။အုတ်မြစ် တောင်ခိုင်ခိုင်မာမာချမပေးနိုင်ပဲ နိုင်ငံရေးခရီးဆိုးကြီးစခဲ့ပါတော့တယ်။။အဲဒီအချိန်တုန်းက ထဲထဲဝင်ဝင် လုပ်ခဲ့ ကြသူ အတော်များများ လောကကြီးမှာမရှိရှာတော့ပါဘူး။ပြီးတော့ အဲဒီတုန်းကပါလီမန်နဲ့ အခုမျက်မှောက် ပါလီမန်များကလဲ အတော်ကွဲပြားခြား နားနေပြီဖြစ်ပါတယ်။တိုတောင်းတဲ့ပါလီမန်ခေတ်အပြီး ရှည်လျားလှတဲ့ တပ်မတော်အုပ်ချုပ်ရေးစနစ်နဲ့ဆိုရှယ်လစ်စနစ်အောက်မှာ တစ်လှည့်စီနေလာခဲ့ကြရတော့ အခုပွင့်လင်း ခေတ်ကို စလှမ်းတဲ့အချိန်မှာ အားလုံးစမ်းတဝါးဝါးလှမ်းနေတာ သဘောဝကျပါတယ်။ အပြစ်ပြောစရာ လဲလိုမယ်မထင်ပါဘူး။
ဒီလိုအချိန်မျိုးမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့နားလည်သည်းခံပြီး နိုင်ငံတော်ကိုပြန်တည်ဆောက်ကြရမယ့်အချိန်ဖြစ်ပါ တယ်။အဲဒီလိုအစား လက်ညိုးတစ်ငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုံ့ချလာတာမျိုးတွေဟာ အတော့်ကိုအရုပ်ဆိုး စေပါတယ်။အားလုံးမှာ အားနည်းချက်ကိုယ်စီရှိနေကြတာကို အရင်ဆုံးလက်ခံလိုက်ကြဖို့လိုပါတယ်။အားနည်း ချက်တွေကို အကျယ်ချဲ့ပြပြီး အကြီးအကျယ်မငြိမ်းဖွယ်လုပ်နေမယ့်အစား တစ်ဦးတစ်ဖွဲ့ရဲ့အားနည်းချက်တွေ ကို အခြားတစ်ဦးတစ်ဖွဲ့က အပြုသဘောဆောင်ထိန်းကျောင်းပြုပြင်သွားရမှာပဲဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ကိုယ်စားလှယ်တော်ကြီးများက တစ်ဦးချင်းစီ အမြင်များတင်ပြဆွေးနွေးကြတဲ့အထဲမှာ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေးနွေးချက်ကို အတော် လေးသဘောကျမိပါတယ်။ဒေါ်အောင်ဆန်းစုကြည်က
“ကျွန်မတို့ ပြဿနာဖြေရှင်းတဲ့အခါမှာ တကယ့်ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့မီရဲ့လား၊တကယ်ပဲ ပြည်သူ ပြည်သားတွေရဲ့ အေးချမ်းသာယာမှုကို ဦးတည်ရဲ့လားဆိုတာ စဉ်းစားပြီးတော့ဖြေရှင်းရမှာဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းပုံဖြေရှင်းနည်းကမှန်ရင် ကျွန်မတို့နိုင်ငံရဲ့သိက္ခာလည်းတက်လာလိမ့်မယ်။ကျွန်မတို့ပြည်သူတွေက လည်း ဖြေရှင်းပုံဖြေရှင်းနည်းရဲ့ ရလဒ်ကို လေးလေးစားစားနဲ့လက်ခံမှာဖြစ်ပါတယ်`လို့ ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေးနွေးချက်ထဲက ပြဿနာကိုဖြေရှင်းတဲ့အခါမှာ ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာမှုကိုဦးတည်ဖို့လိုတယ်ဆိုတဲ့အချက်ရယ်၊ဖြေရှင်းပုံမှန်ရင် နိုင်ငံသိက္ခာတက်မယ် ဆိုတဲ့ အချက်ရယ်ကို ကျွန်တော်ထောက်ခံလိုက်ပါတယ်။အဲဒီတော့ လက်ရှိဖြေရှင်းနေတဲ့နည်းလမ်းတွေ ဟာ ပြည်သူ ပြည်သားတွေရဲ့အေးချမ်းသာယာမှုကိုဦးတည်နေသလား၊ဒါမှမဟုတ် ဆန့်ကျင်ဖက်ကို ဦးတည်နေပြီလား မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ပြည်သူပြည်သားတွေရဲ့အေးချမ်းသာယာမှုကို ဆန့်ကျင်တဲ့ ဖြေရှင်းမှုမျိုးဆိုရင် တော့ နိုင်ငံ့သိက္ခာကျဆင်းရမယ့်အနေအထားဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများအပိုင်းရဲ့ ပုဒ်မ၁၁၊ပုဒ်မခွဲ(က)မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည် လို့ အတိအလင်းရေးသားထားပါတယ်။အဲဒီအတွက် မဏ္ဍိုင်ကြီးသုံးရပ်ဟာ ဘေးတိုက်ဖွဲ့စည်းပုံ horizontal structure သာဖြစ်ပါတယ်။ အထက်အောက်ဖွဲ့စည်းပုံ vertical structure မဟုတ်ဘူးဆိုတာ ရှင်းလှပါတယ်။အခုလက်ရှိဖြစ်နေတဲ့အနေအထားကို ပွင့်ပွင့်လင်း လင်းသုံးသပ်ပြရရင် အပြန်အလှန်ထိန်းကျောင်းခြင်းဆိုတာထက် သူအသာ ကိုယ်အသာ နေရာယူဖို့ positioning ဘက် ပိုဦးတည်နေသလားထင်မိပါတယ်။
ကျွန်တော်ကလက်ရှိတင်းမာနေတဲ့အနေအထားကို ပျော့ပျောင်းသွားအောင် ဖြေလျော့မပေးနိုင်ဘဲ ဆက်ပြီး ပိုပြီးတင်းမာလာမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ တွေးမိပါတယ်။တွေးမိတဲ့အခါ မတွေးရဲ လောက်အောင်ပါပဲဆိုတဲ့အထိ ဖြစ်လာနိုင်တာတွေကိုတွေးမိပြီး အတော်လန့်ဖျန့်သွားပါတယ်။တကယ့်ကို ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်တွေဖြစ်လာမယ့်အရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ထက် အတွေ့အကြုံ များစွာရှိနေကြတဲ့ ၊ဆင်ခြင်တုံတရားများစွာရှိနေကြပြီးဖြစ်တဲ့ သက်ဆိုင်သူတွေအားလုံးသတိထားနိုင်ကြဖို့ပါ။ ပညာရှိသတိဖြစ်ခဲဆိုသလို ဖြစ်မှာလဲစိုးလို့ပါ။ တိုးရင်းတိုးရင်းနဲ့ အားလုံးအတွက် ထွက်ပေါက်မရှိတော့တဲ့ အနေအထားကိုရောက်သွားရင်ဘာတွေဖြစ်ကြမလဲ အတိတ်ဖြစ်ရပ်တွေနဲ့နှိုင်းယှဉ်သင်ခန်းစာယူကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။
သန်း၆ဝခန့်သော မြန်မာပြည်သူတွေက လက်ရှိပွင့်လင်းစခေတ်ကြီးကို ဆက်လက်တိုးတက်ပွင့်လင်း စေချင်ပါတယ်။ ဆင်းရဲတွင်းမှ အမြန်ရုန်းထွက်ချင်နေကြပါတယ်။အဲဒီအတွက် နောက်ကြောင်းပြန်လှည့်မှာကို စိတ်ပူကြပါတယ်။ နိုင်ငံတကာကလဲ နိုင်ငံရေးနောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်တကြီးရှိနေတုန်းဖြစ်ပါတယ်။ အမေရိကန်နဲ့ဥရောပနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုအချို့ချန်ထားတာ၊အပြည့်ရုပ်သိမ်းမပေးတာ အဲဒိ နောက် ကြောင်းပြန်လှည့်မှာကို စိုးရမ်နေတာကြောင့်ပါ။
ကျွန်တော့်အနေနဲ့တော့ ပြည်သူ့အကျိုး၊မြန်မာနိုင်ငံအကျိုးဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမယ်လို့ ကတိပြုထားခဲ့ကြသူများအားလုံးကို မြန်မာ့နိုင်ငံရေးသမိုင်းမျက်နှာစာအသစ်မှာ အမည်းစက်ကြီးတစ်စက် စွန်း ထင်းအောင်လုပ်ကြမည့်သူများအဖြစ်မမြင်လိုဘဲ တိုးတက်သော ခေတ်သစ်သမိုင်းကိုတည်ဆောက်မည့်သူများ အဖြစ်သာ မြင်တွေ့လိုကြောင်းပါ။
ကိုကို(စက်မှုတက္ကသိုလ်)
၃၀၊သြဂုတ် ၂၀၁၂
No comments:
Post a Comment