Friday, August 31, 2012

လူထုဆန္ဒပြပွဲတွေနဲ့ ကြံ့ဖွတ်အစိုးရရဲ့ လွှတ်တော်


လူထုဆန္ဒပြပွဲတွေနဲ့ ကြံ့ဖွတ်အစိုးရရဲ့ လွှတ်တော် 


နေ့သစ် Renaissance,  30August 2012  —-  လက်ရှိဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားတဲ့လက္ခဏာလို့ အသိအမှတ်ပြု ပြောကြတာတွေထဲမှာ ပေါ်ပေါက်တည်ရှိနေလျက်နဲ့ အကြားရနည်းတဲ့ အချက်တချက်ကတော့ သပိတ်မျိုးစုံတခြိမ်းခြိမ်းပေါ်ပေါက်နေတဲ့ ကိစ္စပါပဲ။ စက်ရုံထဲမှာ၊ လယ်ကွင်း ထဲမှာ၊ သတ္တုတွင်းနှုတ်ခမ်းမှာ၊ တက္ကသိုလ်ကျောင်းတွေထဲမှာ၊ လမ်းမတွေပေါ်မှာ၊ စစ်ပြေးဒုက္ခသည်တွေ အကြားမှာ၊ အခု နောက်ဆုံး မီဒီယာလောကထဲမှာတောင် ဆန္ဒပြတာတွေတွေ့နေရပါပြီ။ တချို့နေရာတွေမှာဆိုရင် လယ်သမားတွေဟာ လယ်မြေလုသူတွေရဲ့ ထွန်စက်ရှေ့မှာလှဲအိပ်အသေခံတဲ့ အဆင့်အထိရောက်နေပါပြီ။ သေချာတာက သပိတ်တွေဟာ နယ်ပယ်မျိုးစုံကို လျင်မြန်တဲ့အဟုန်နဲ့ ကျယ်ပြန့်လာနေတယ်။ ကိုယ့်အိမ်ပေါက်ကိုတောင် ရောက်လာနေတယ် ဆိုတာ ပါပဲ။
ဒီလိုဘာမထီစိတ်ဓာတ်နဲ့ ဆန္ဒပြနေချိန်မှာ “လူထုတွေဟာကြောက်နေကြတယ်၊ လမ်းပေါ်မထွက်ရဲကြဘူး” လို့ ပြောခဲ့သူ တွေဟာ ပုဇဉ်းလှံဖျားနား ကျီးကန်းချေးပါဖြစ်နေကြဟန်တူပါတယ်။ ပါးစပ်မှာအာစေးထည့်ထားသလိုဖြစ်နေ ကြပါတယ်။ လူထုတွေကိုလမ်းပေါ်မတက်စေချင်ဘူး၊ လူထုတွေနာမှာစိုးတယ်လို့ ဆိုတဲ့လူတွေကတော့ ဗုံးခိုကျင်းထဲဝင် ပုန်းနေကြပါ တယ်။ တချို့ကတော့ သပိတ်မှောက်သူတွေ သပိတ်မမှောက်ဖို့၊ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်စိန်ကို ခေါင်းကိုက်အောင် မလုပ်ဖို့ ထမင်းငတ်နေသူတွေကို ငတ်တဲ့အတိုင်းအောင့်နေကြဖို့ ချွေးသိပ်နေကြပါတယ်။
ဒီသပိတ်ကိုလှုပ်ရှားမှုတွေ မတူတဲ့လူတွေက မတူတဲ့သဏ္ဍာန်တွေနဲ့ အလေးပေး၊ အလေးထားကြတာဟာ သတိထား စရာပါ။ ပြည်တွင်းပြည်ပမီဒီယာတွေကသတင်းပေးတာ၊ သတင်းပေးခွင့်ရတာကိုသတိထားလိုက်ရင် မတူတဲ့ အမြင်သ ဘောထားတွေကို အထင်းသားတွေ့ရပါတယ်။ ဘယ်သတင်းကိုဖြင့် ထိန်ချင်တာ၊ မှိန်စေချင်တာ၊ ဘယ်သတင်းကိုဖြင့် ဖော်ချင်တာ၊ အထူးဖော်ပြချင်တာ စသဖြင့်အမျိုးမျိုးတွေ့ရပါတယ်။ အစိုးရကလည်း မပြတ်စောင့်ကြည့်အရေးယူ နေတော့ ပြောစရာတွေအများကြီးလို့ ဖြစ်နေပါတယ်။ သူဋ္ဌေးတေဇက လယ်မြေတွေအစိုးရကိုအပ်တယ်ဆိုတဲ့ကိစ္စကို သတင်း ကောင်းသဖွယ်ဖော်ပြကြပေမဲ့ အဲဒီလယ်တွေသူ့လက်ထဲကို ဘယ်လိုရောက်သွားတာလား၊ မိဘအမွေရတာလား၊ ဘယ် သူမှမေးခွန်းမထုတ်ကြပါဘူး။
ဒီလိုအချိန်မှာ နောက်တွေ့ရတဲ့ ထူးခြားချက်တခုကတော့ အဲဒီလူထုတိုက်ပွဲတွေဆီကို နိုင်ငံရေးသမားဆိုသူတွေ (လွှတ် တော်အမတ်ဆိုသူတွေအပါ) ၈၀-၉၀% ဟာ မသွားကြတာပါပဲ။ အစိုးရကလည်း သပိတ်တွေဖြစ်ပေါ်နေတာဟာ သူတို့ ဌာနဆိုင်ရာယန္တရားလည်းမဟုတ်၊ အစိုးရပိုင်စက်ရုံလည်းမဟုတ်တော့ ဒီအတိုင်းပဲပေယျာလကံ ပြုထားပါတယ်။ သူတို့ ပိုင်စက်ရုံတွေ၊ အလုပ်ရုံတွေဆိုလို့ကတော့ ၁၉၇၄ ခုနှစ်တုန်းကလို သပိတ်မှောက်သူတွေကို ပစ်သတ်မှာ မုချပါပဲ။ အခု တော့ လွှတ်တော်ထဲမှာ ဟိုကိစ္စ၊ ဒီကိစ္စတွေ၊ တချို့လည်းရှုံးမယ်မှန်းသိရက်နဲ့ တင်ကြပါတယ်။ ဒါပေမဲ့ အလုပ်သမားအ ရေး၊ လယ်သမားအရေးကိုတော့ ကြားရခဲမျှ ဖြစ်နေပါတယ်။ ဗမာတွေကွမ်းတံတွေးထွေးတာကို တားဆီးရေးကို ဥပဒေ ပြုဖို့ ရေးကြီးခွန်းကျယ်ပြောဆိုနေကြပေမဲ့ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ်ခဲ့တဲ့ လယ်တွေအလုခံကြ ရလို့ငတ်ကုန်ကြ မယ့်အရေးကိုတော့ ဘယ်သူကမှဥပဒေပြုတားဖို့ မစဉ်းစားကြပါဘူး။ ကမ္ဘာမှာ ခေတ်အနောက်ကျဆုံး စက်ရုံအလုပ်ရုံတွေ ထဲမှာ အိမ်သာတက်တာတောင် လစာအဖြတ်ခံပြီးအလုပ်လုပ်နေကြတဲ့ မြို့နေဆင်းရဲသားတွေအတွက် ထမင်း၀၀စားရ စေမယ့် လစာဥပဒေမျိုး ဘယ်သူမှမတင်ကြပါဘူး။ ဂရိခေတ်က လွှတ်တော်တွေထဲမှာ အုပ်စိုးသူ လူတန်းစားက “ဒီမိုက ရေစီကိုကျင့်သုံး”နေစဉ်မှာ ကျွန်တွေဟာကြာပွတ်တွေအောက်မှာ လဲကျသေဆုံးနေကြတယ်ဆိုတဲ့ စကားကိုသတိရမိ စရာပါပဲ။
ဒါဖြင့် အလုပ်သမားလယ်သမားအရေးကို ဘယ်သူကလွှတ်တော်ထဲပို့ပေးမှာလဲ။ အလုပ်သမား လယ်သမား တွေကိုယ် တိုင်က အမတ်ဖြစ်မှပဲသူတို့အသံတွေ လွှတ်တော်ထဲကို ရောက်မှာလား။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့ အတွေ့အကြုံအရ ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ဆိုတာ တော်ရုံ့ငွေအကုန်အကျနဲ့မဖြစ်နိုင်ပါဘူး။ တော်တော် များများဟာဒိုနာတွေ၊ “လှူဒါန်းသူတွေ” ကောင်းမှုနဲ့အမတ်ဖြစ်တာပါ။ အဲဒီတော့ ဒီနေ့အခါမှာ တကယ့်အလုပ်သမား လယ်သမားတွေဟာ လွှတ်တော်နဲ့အလှမ်းဝေးလှတယ်လို့ ဆိုနိုင်ပါတယ်။ ဘ၀အနေနဲ့လည်းဝေး၊ အသံအနေနဲ့လည်း ဝေးလှတာပါ။ မဲထည့် ခိုင်းတုန်းကလောက် မနီးတော့တာ အမှန်ပါပဲ။
ဒါ့အပြင် ကြံ့ဖွတ်အစိုးရရဲ့လွှတ်တော်ကြီးကို အပြင်တနေရာကနေအဆုံးအဖြတ်ပေးနေကြောင်း ဒီတလောမှာ ပေါ်ထွက် လာတာဟာလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ မကြာသေးခင်ကလေးတုန်းကပဲ လွှတ်တော်ထဲမှာ အကြိတ်အ နယ် ဆွေးနွေးဖြေရှင်းရမယ့်အခြေအနေရောက်လာတဲ့အခါမှာ လွှတ်တော်ကိုရပ်ဆိုင်းပြီး တခြားတနေရာမှာ သွားဆွေး နွေးဆုံးဖြတ်ကြတာကို တွေ့ခဲ့ရပါပြီ။ သေချာတာက ပြည်ထောင်စုအဆင့်လို့ပဲခေါ်ခေါ်၊ တခြားဘာအဆင့်လို့ပဲ ခေါ်ခေါ် ဒီလွှတ်တော်ရဲ့အထက်မှာ အဆင့်ဆင့်ရှိနေသေးတယ်ဆိုတာ ရှင်းနေပါတယ်။ အာဏာဟာ သေနတ်ပြောင်းထဲက ထွက် တယ်လို့ မပြောချင်ရင်လည်း မပြောပါနဲ့၊ ဒါပေမဲ့ အာဏာဟာ ဒီလွှတ်တော်ထဲကထွက်တယ်လို့တော့ မပြောရင် ကောင်း မယ်ထင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။