Sunday, February 10, 2013

ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည်




ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည် 


Moe MaKa News, 10February 2013  —-
ယနေ့တိုင်းပြည်တွင် ကားနှင့်ဆိုင်ကယ်တိုက်၍ သေဆုံးရသည့်အရေအတွက်မှာ ပြည်တွင်းစစ်တွင် သေနေသည်ထက် မလျော့ပေ။
တိုင်းသူပြည်သားများ၏အသက်ရှင်မှုကို ကာကွယ်ပေးရန်မှာ နိုင်ငံတော်အစိုးရ၏တာဝန်ပင်။ နိုင်ငံတော်အစိုးရ၏တာဝန်ဆိုသည်မှာ မျှတသည့်ဥပဒေ၊ သင့်လျှော်သည့်ဥပဒေပြဌာန်း၍ ယင်းဥပဒေကို သေချာလိုက်နာကျင့်သုံးမှုကို ဆိုပေသည်။ ဥပဒေတခု အရင်းပြု၍ ခုဆယ်ရာထောင်သောင်းမှသည် သိန်းပေါင်း သိန်းသန်းကုဋေဖြစ်ဖို့လုပ်သည်ကို မဆိုလိုပေ။

ထို့ပြင်တဝ တိုင်းသူပြည်သားများ လူလိုနေနိုင်အောင် လူနှင့်တူအောင် လူ့ဂုဏ်ရှိအောင် နေနိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့်တာဝန်လည်း ရှိပေသည်။
လူ့နှင့်တူအောင်ဆိုသည်မှာ အနိမ့်ဆုံးအားဖြင့် အသက်ရှင်ဖို့အတွက် စားနပ်ရိက္ခာလုံလောက်ရမည်။ တနပ်လျော့စားခိုင်းသော ဝန်ကြီးကား ကိုယ့်ရာထူးကို ပြာလူးခြင်းဟု ဆိုရချေတော့မည်။ ကိုယ့်တိုင်းသူပြည်သားများ လူရာဝင်အောင် ထမ်းဆောင်ရမည့်ကိုယ့်တာဝန်ကို မေ့နေဟန်တူပေသည်။ အမိုက်ရိုင်း အထွားကျိုင်းဆုံးမှာ လယ်သမားရေးရာတာဝန်ယူပြီး လယ်သမားများကို အငတ်ခံခိုင်းသည့် အချက်ဆိုးကြီးပင်။ သို့သော် လယ်ယာ ဆည်မြောင်းချောင်းကန်ကိုအကြောင်းပြု၍ သူကိုယ်တိုင်၏ချမ်းသာမှုနှင့် တရက်ကို အနပ်ပေါင်းမည်မျှစားထားသည်ကိုမူကား လှစ်ဟပြဖို့သတ္တိကတော့ မရှိပြန်ပေ။
လူ့ဂုဏ်ရှိဖို့မှာ ဖွံ့ဖြိုးမှဖြစ်မည်။ တိုးတက်မှဖြစ်မည်။
လျှပ်စစ်မီးမရှိလျှင် ဒီခေတ်တွင် ဘာတိုးတက်မှုမှ မရှိနိုင်ချေပြီတည်း။
သို့အတွက် ထွက်သမျှ ဂက်စ်များကို လက်လွှတ်စပယ်ရောင်းစားသူများ၊ ထွက်လာသည့် လျှပ်စစ်မီးကို ဂြိုဟ်တုနှင့် စကြာဝဠာအနှံ့သွားနေကြသောနိုင်ငံများကို ရောင်းစားလေသူ decision maker မျာ၊ လျှပ်စစ်မီး မလာရင် ဖယောင်းတိုင်ထွန်းနေဟု ဆိုလေသည့် မင်းတိုင်ပင်ကြီး၊ တိုင်းပြည်သားများ လူလိုနေနိုင်ရန် လုပ်ဆောင်ပေးရမည့်သယံဇာတများကို ခွေးငတ်မစင်မြင်သကဲ့သို့ အငမ်းမရ ကိုယ်ကျိုးစီးပွားအတွက်သာ ထုတ်ခုတ်ရောင်းစားကြသော အချုပ်၊ အရှုပ်၊ အပြုတ်များနှင့် ခရိုနီ ခရိုနက် ခရိုပျက် ခရိုဆွေး ခရိုအလှေးများ တို့သည် လူသားဖြစ်မှုအပေါ်  အဓမ္မကျင့်ခဲ့သူများဟု ဆိုထိုက်ပေသည်။
တိုင်းပြည်သယံဇာတများသည် ပြည်သူပြည်သားတို့၏ဘဝတိုးတက်ရေးအတွက်မဟုတ်မူ၍ သူဌေးပြည့်တန်ဆာ ဆင်ဖို့၊ သူဌေးသား ပြိုင်ကားစီးဖို့၊ မော်ဒယ်တွေနှင့် ပျော်တယ် ပျော်တယ်လေလေဖို့၊ သူဌေးမိသားစု အာဘွားလုပ်ဖို့အတွက်သာဖြစ်နေရရှာသည်။
အင်္ဂါဂြိုဟ်ကိုပင် ဝယ်နိုင်လောက်သောငွေကြေးများကို လာဘ်စား၊ သတ်စား၊ ဖြတ်စားလုပ်ထားသော ဝိသမများသည်လည်း ပြည်သူသားတို့၏လူသားဖြစ်မှုကို ဓမြတိုက်ထားသူများဖြစ်ပေသည်။ ဒင်းတို့ကြောင့်ပင် တိုင်းသူပြည်သားများ ပြားပြားဝပ်နေကြရခြင်း၊ လူ့ဂုဏ်မဲ့နေရခြင်း၊ လူရည်မှိန်နေရခြင်းဖြစ်လေသည်။
လူအမည်တပ်ခံရဖို့၊ လူပီသဖို့ဆိုလျှင် ဖွံ့ဖြိုးမှုရှိရမည်။ ဖွံ့ဖြိုးဖို့မှာ ဆက်သွယ်ရေးသည် အဓိကဖြစ်သည်။ ဆက်သွယ်ရေးဆိုရာတွင် လမ်းပန်းဆက်သွယ်ရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စာဆက်သွယ်ရေးစသဖြင့်ရှိရာ ယင်းတို့စံချိန်မမီတိုင်း မသေသင့်ဘဲ သေကြရသည်။ ပြည်သူပြည်သားများမှာ အသတ်ခံနေရသည်ဟုပင် ဆိုရချေတော့မည်။ လူငယ်များမှာ မလေသင့်ဘဲ လေကြရသည်၊ ဆက်သွယ်ရေးနုံချာမှုကြောင့်ပင် အတတ် ပညာများ လူစဉ်မီအောင် မရကြ။
ထို့ကြောင့် ဆက်သွယ်မှုညံ့ဖျင်း၊ နှောင့်နှေးစေသူမှန်သမျှသည် လူ့ဖြစ်မှု၊ လူပီသမှုကို ကြံရည်ညှစ်သကဲ့သို့ ညှစ်ထုတ်ကြသူများဖြစ်ကြချေ၏။
ကလေးသူငယ်လေးများနှင့် အမျိုးသမီးငယ်လေးများသည်ပင်လျှင် တရက် ၁၆ နာရီလောက် အလုပ်ခိုင်းစေခံနေရသော ကျွန်ုပ်တို့နိုင်ငံတော်တွင် ၊ လူဖြစ်မှုကို သေးသိမ်နုံ့နဲ့စေသူများ၊ လူ့ယဉ်ကျေးမှုကို ညစ်ကျူစေသည့်သူများ လွှတ်တော်ထဲရှိနေသည်မှာလည်း ရွှေဖလားတွင် လဒနားသကဲ့သို့ အော့နှလုံးနာစရာ ကောင်းလှပေသည်။
ယင်းလူ့လဒခေါ် လူ့အရည်အရောင်မရှိသူများလွှတ်တော်တွင်းရောက်နေခြင်းမှာလည်း လူ့အရည်ရှိသူတွေက ရွေးခွင့်မရ၊ ရွေးချင်စရာမကောင်းလောက်အောင်အခြေအနေတွေကြောင့်သာ ဖြစ်လေသည်။ ယင်းလူမရွေးသည့် လူမွှေးမပါတို့တွင် လူစိတ်လူအသိနှင့် လူ့ဥပဓိလည်း ယနေ့ထိမပြနိုင်၊ နောင်လည်းပြနိုင်ချေမမြင်ရကား ယင်းတို့နှင့် ပတ်သက်သော လစာနှင့် လွှတ်တော်ကုန်ကျမှုများကို ပြည်သူလူထုဖွံ့ဖြိုးရေး၊ လူရည်လူရောင်ပြောင်ရေးအတွက် ပြောင်းလဲသုံးစွဲသင့်ပေပြီ။
လူသားဖြစ်မှုပြည့်ဝဖို့ရာတွင် လွတ်လပ်ခွင့်သည် လွန်စွာမှ အရေးကြီးလေသည်။ လွတ်လပ်မှုမရှိလျှင် လွတ်မြောက်မှုလဲ မရနိုင်ပေ။ လွတ်မြောက်မှုမရှိခြင်းသည် ဒုက္ခသံသရာလည်ခြင်းပင်ဖြစ်ရာ ပုဒ်မ ၁၈ စသဖြင့် လွတ်လပ်ခွင့်ကိုဟန့်တားသူများကား လူသားသုခကို ကွယ်ဝှက်သူများသာ ဖြစ်ချေတော့သည်တကား။
ချုပ်ချယ်ဖိနှိပ်မှုတို့၌ သစ္စာတရားမထွန်းကားသလို လူစွမ်းလူစ ပြခွင့်မရရာ၌ ဘုရားမပွင့်နိုင်ပါ။
အစိုးရတရပ်သည် လူ့လွတ်လပ်မှုကို အဘယ်မျှ တန်ဖိုးထား လေးစားသနည်းဆိုသည့်အပေါ်တွင် နိုင်ငံသားတို့၏ဂုဏ်ရည်နှင့် သုခသည် တည်ရှိနေပေလိမ့်မည်။
နိုင်ငံသားတဦးကို နိုင်ငံသားအခွင့်အလမ်းများတန်းတူမပေးဘဲ လူဖြစ်ကျိုးနဲအောင်လုပ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များကို ပြင်ဖို့လိုပေသည်။ ဥပဒေသည် လူ့ဂုဏ်ရည်ကို ညိုးမှိန်အောင်လုပ်ခွင့်မရှိပေ။ ဥပဒေက လူ့အနေကို လွှမ်းမိုးနေခြင်းသည် ဥပဒေပြုသူတို့၏ သဒ္ဓါ၊ ပညာနုံချာမှုပင် ဖြစ်ပေတော့သည်။ ကျိုးစားက ဘုရားဖြစ်နိုင်သည်ဆိုသော်ငြား လက်ရှိဖွဲ့စည်းပုံဥပဒေမျိုးနှင့်ဆိုလျှင် မြန်မာတိုင်းသားများ ဘုရားဖြစ် မည့်ထဲ မပါနိုင်ပေ။ အကြောင်းမှာ ဖွဲ့စည်းပုံသည် လူစွမ်းလူစပြခွင့်များစွာကို အပတ်တကုတ် ဖျက်ဆီးထားသော ကြောင့်ပေတည်း။
လူ့အဖွဲ့အစည်းလေးများထူထောင်၍ လူ့ဘောင်ကို ချီးမြောက်ခွင့်ပိတ်ပင်ထားခြင်းမှာလည်း အလွန်တရာမှ ရွံရှာဖွယ်ကောင်းလေသောအသုဘမှုကြီးပင်။
လူမှုကူညီရေးဖွဲ့လျှင် အစိုးရကို ငါးသိန်းပေးရမည်ဆိုသည်။ ငတ်ကြီးကျစရာရှားလို့ဟုပင် ဆိုရမည်။ မသာချပေးမည့်သူဆီက ပိုက်ဆံတောင်းသည်။ လူနာပို့ပေးမည့်သူဆီက ပိုက်ဆံတောင်းသည်။ သွေးလှူမည့်သူဆီက ပိုက်ဆံတောင်းသည်။ ကယ်ဆယ်ရေးလုပ်မည့်သူဆီက ပိုက်ဆံတောင်းသည်။ ပညာဒါနသင်ပေးမည့်သူဆီက ပိုက်ဆံတောင်းသည်။ ဆေးကုပေးမည့်သူဆီက ပိုက်ဆံတောင်းသည်။ ကျောင်းဆောက်မည့်သူဆီက ပိုက်ဆံတောင်းသည်။
ဤလူမှုအကူအညီပေးသူများဆီက ခွက်ကျကောင်းသလော။
ကိုယ်တာဝန်ရှိပြီး ကိုယ်မလုပ်နိုင်သည့်အလုပ်များကို ကြားဝင်လုပ်ဆောင်ပေးသည့်သူများကို ဖမ်းဆီးချိမ်းချောက်မှုများလည်း ရှိပေသေးသည်။ အံ့လောက်ဖွယ် မြန်မာ့အစိုးရပါပေ။
လူသားဖြစ်မှုကို နည်းမျိုးစုံထုနှက်ရိုက်ဖျက်နေသောအမနုဿများ ပါးလျားပျောက်ကွယ်ပါစေသတည်း။
(မောင်လူရေး)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။