ရေနံ နိုင်ငံရေး၊ ပိုက်လိုင်း နိုင်ငံရေး
DVB News, 9February 2013 —– မေလကျရင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စဖွင့်တော့မယ်၊ နောက်နှစ်ကျရင် ရေနံပိုက်လိုင်းနဲ့ အပြိုင် ဓာတ်ငွေ့ပိုက်လိုင်းလည်း လိုက်ဖွင့်တော့မယ်။ ဒါဟာ တရုတ်စွမ်းအင်လုံခြုံရေးနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေးအတွက် အလှည့်အပြောင်း ဖြစ်လာတော့မယ်လို့ နိုင်ငံတကာ သတင်းဆောင်းပါးတွေ ဖတ်ရပါတယ်။
တရုတ်-မြန်မာ ရေနံပိုက်လိုင်းက မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကနေ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၁ ထောင်နီးပါး (တရုတ်ဘက်ကတော့ ကီလိုမီတာ ၈၀ဝ နီးပါးလို့ဆို) လောက် ရှည်လျားပါတယ်။
မီဒီယာတွေမှာ အများဆုံး တွေ့ရတဲ့ ကိစ္စကတော့ “မလက္ကာအကျပ်အတည်း” ပါပဲ။ အတိုချုပ်ကေတာ့ အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်ပြည်ကို ရေနံတင်သင်္ဘောတွေနဲ့ သယ်တဲ့အခါ မလင်္ကာရေလက်ကြားကို ဖြတ်ရတယ်။ ဒီနယ်မြေဟာ အမေရိကန်ရေတပ်နဲ့ ဂျပန် ရေတပ်တွေ စိုးမိုးထားတဲ့ ပင်လယ်ပြင်ဖြစ်နေတယ်။ တရုတ်အတွက် နောက်ကျောမလုံဘူး၊ အခုတော့ ကျောက်ဖြူကနေ ယူနန်အထိ ကုန်းတွင်းကနေ ပိုက်လိုင်းသွယ်နိုင်လို့ တရုတ်အတွက် စိတ်အေးရပြီ။ မလက္ကာအကျပ်အတည်း ပြေလည်သွားမယ်လို့ ဆိုကြပါတယ်။ တကယ်တမ်း ကျတော့ ထင်သလောက်မဟုတ်ပါဘူး။
ဆင့်ပါးစပ်နှမ်းပက်သလိုပါပဲ။ တရုတ်မြန်မာ ရေနံပိုက်လိုင်းကနေ ပို့နိုင်တဲ့ ပမာဏဟာ ၂၀ဝ၉ ခုနှစ်အတွင်း မလက္ကာ ရေလက်ကြားကို ဖြတ်သန်းပြီး တရုတ်ပြည်ကို တင်ပို့နေတဲ့ ရေနံပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၃၀ မှာ တိုးပို့ရမယ့် ပမာဏနဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်းပဲ ရှိမယ်။ ဒါကြောင့် တရုတ်-မြန်မာပိုက်လိုင်းဟာ မလက္ကာလမ်းကြောင်းအတွက် အစားထိုးစရာ မဖြစ်နိုင်ပါဘူး။
မလက္ကာလမ်းကြောင်းမှာ အမေရိကန်က ဒုက္ခပေးမှာကို စိုးရိမ်လို့ မြန်မာပြည်ကနေ ပတ်သယ်ဖို့ ကြိုးစားတယ်ဆိုတာကလည်း တကယ်တော့ အဓိပ္ပာယ်မရှိလှပါဘူး။ အရေးအကြောင်းရှိရင် အမေရိကန်က တရုတ်-မြန်မာပိုက်လိုင်းကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ဆိုလိုတာက ပိုက်လိုင်း တလျှောက်က Pump Stations တွေ အများကြီးထဲက တခုကိုပဲ လေကြောင်းကနေ တိုက်ခိုက်လိုက်ရင် ရေနံနဲ့ ဓာတ်ငွေ့ပို့တာတွေ ရပ်လိုက်ရနိုင်ပါတယ်။ (အကယ်၍ ဒီလို တိုက်ခိုက်ခံရလို့ ယန္တရားတွေကို အစားထိုးမယ်ဆိုရင် အနည်းဆုံး တနှစ်လောက် အချိန်ကြာပြီး ဒေါ်လာသန်းချီ ကုန်ကျနိုင်ပါတယ်) ဒါကြောင့် စွမ်းအင်လုံခြုံရေးရှုထောင့်ကနေ ပြောမယ်ဆိုရင် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ ဘာမှ အရေးမပါလှပါဘူး၊ မလုံခြုံပါဘူး။
စီးပွားရေးရှုထာင့်ကကြည့်ရင်တော့ ယူနန်ပြည်နယ်ဆိုတာက ရေနံချက်စက်ရုံတွေရှိတဲ့ တရုတ်ပြည် အနောက်မြောက်နဲ့ တောင်ပိုင်းဆီကဆိုရင် အစွန်းပိုင်းကျနေပါတယ်။ ရေနံအခက်အခဲဟာ ယူနန်ပြည်နယ် ဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်နေပါတယ်၊ မြန်မာ-တရုတ် ပိုက်လိုင်းကနေ ရေနံစိမ်းတွေ တင်ပို့နိုင်ရင်တော့ ယူနန်ပြည်နယ်မှာပဲ ရေနံချက်စက်ရုံတွေ ဆောက်ပြီး ရေနံလည်း အလုံအလောက် ဖြစ်လာနိုင်မယ်။ ကုန်ကျစရိတ်လည်း လျှော့ချနိုင်မယ်။ ရေနံချက်စက်ရုံက ထွက်တဲ့ ဘေးထွက်ပစ္စည်း (ဥပမာ ဓာတ်မြေဩဇာ) တွေကိုလည်း ဆေးရွက်ကြီးလုပ်ငန်းမှာ အသုံးပြုနိုင်လို့ အကျိုးရှိမယ်။ (စီမံကိန်းအရ မြန်မာ-တရုတ် ပိုက်လိုင်းပြီးသွားရင် ယူနန် ရေနံချက် စက်ရုံကနေ နှစ်စဉ် ရေနံနဲ့ တခြား ဆက်စပ်လောင်စာတွေ တန်ချိန် သန်း ၂၀ လောက် ထုတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်) အနီးအနားက စီချွမ်းနဲ့ တခြား ပြည်နယ် ၃ ခုကိုလည်း ပို့နိုင်မယ်။
မြန်မာပြည်က ဘာရမှာလဲ။ သေချာတာတခုကတော့ ပိုက်လိုင်းဖြတ်သန်းခအနေနဲ့ နှစ်ပေါင်း ၃၀ လုံးလုံး မြန်မာပြည်က ပိုက်ဆံရမယ်။ ဓာတ်ငွေ့ပိုက်လိုင်း တခုတည်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရပါမယ်။ (ဝန်ကြီးတယောက်ပြောတဲ့ တရုတ်ကို ပေးရမယ့် အကြွေးသန်း ၃၃၀ဝ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်) ဒီငွေတွေကို ဘယ်လိုသုံးမလဲ ဆိုတာကတော့ အကောင်းမြင်ဖို့ ခဲယဉ်းပါသေးတယ်) ပိုက်လိုင်းနဲ့ အတူ မြန်မာပြည်မှာ ဆိပ်ကမ်းတွေ (မဒေးကျွန်းမှာ)၊ ကားလမ်း၊ ရထားလမ်းတွေကို တရုတ်က တည်ဆောက်ပေးရမယ်။ အခြေခံ အဆောက်အဦပိုင်းမှာ တိုးတက်လာနိုင်ပါတယ်။
အခုဆွေးနွေးခဲ့တာတွေထက် တရုတ်နဲ့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့အကြောင်း ရှိနိုင်ပါတယ်။ အချုပ်ပြောရရင် ပိုက်လိုင်းကြောင့် တရုတ်နဲ့ မြန်မာတို့ကြားက ဆက်ဆံရေးမှာ ဘက်ပေါင်းစုံကနေ အခုထက် ပိုပြီး စည်းနှောင်မိသွားတဲ့ သဘောပါ၊ ဒါဟာ တရုတ်နဲ့ မြန်မာအစိုးရတို့ရဲ့ လက်တွေ့နိုင်ငံရေး ခြေလှမ်းလို့လည်း ယူဆနိုင်ပါတယ်။ တနည်းအားဖြင့် တယောက်ကို တယောက် ချုပ်လိုက်တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ ဥပမာ ဆိုကြပါစို့။ ၂၀ဝ၉ ခုနှစ် ရွှေဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့ရဲ့ အစီရင်ခံစာအရ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းဟာ မြို့နယ်ပေါင်း ၂၂ ခုကို ဖြတ်သန်းသွားမယ်။ အဲဒီအချိန်က ပိုက်လိုင်းတလျှောက်မှာ လုံခြုံရေးယူထားတဲ့ စစ်သည်အင်အားက ၁၃၂၀ဝ (တပ်ရင်းပေါင်း ၄၄ ခု) ရှိခဲ့ပါတယ်။ ဒီပိုက်လိုင်း လုံခြုံရေးကို အကြောင်းပြုလို့ တရုတ်စစ်တပ်နဲ့ မြန်မာ စစ်တပ်ကြားထဲက ဆက်ဆံရေးက အခုထက် ပိုပြီး နီးကပ်လာဖို့ ရှိပါတယ်။ (၁၉၉၀ ကနေ ၂၀ဝ၅ ခုနှစ်အတွင်းမှာ မြန်မာစစ်တပ်က အရာရှိ ၆၆၅ ယောက်နဲ့ အရာခံ ၂၄၉ ယောက်ကို တရုတ်ပြည်မှာ သင်တန်းပေးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို တင်ပို့တဲ့ တရုတ်လက်နက်ပစ္စည်းတွေရဲ့ ၄ ရာခိုင်နှုန်းက မြန်မာစစ်တပ်က ဝယ်ယူခဲ့ပါတယ်)။ စဉ်းစားစရာကောင်းတဲ့ တချက်က မြန်မာအစိုးရအဆက်ဆက်က အသုံးပြုခဲ့တဲ့ တရုတ်နိုင်ဖဲ ကိစ္စ။ (ဗမာပြည်ကွန်မြူနစ်ကို တရုတ်ဖဲနဲ့ အနိုင်တိုက်ခဲ့တာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။) ဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်က တချို့အပိုင်းတွေကို ကချင်နဲ့ ရှမ်းတပ်တွေက စိုးမိုးထားပါတယ်။ ဒီကိစ္စက ပိုက်လိုင်းလုံခြုံရေးရှုထောင့်ကနေ ကြည့်ရင် အန္တရာယ်များလွန်းပါတယ်။ ပိုက်လိုင်းရဲ့ လုံခြုံရေးဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရ တပ်တွေကြားထဲက ဆက်ဆံရေးအပေါ်မှာ မူတည်နေသလို ဖြစ်နေပါတယ်။
ဒါပေမယ့် Transit Pipeline တွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်ရင် ပိုက်လိုင်း ဖြတ်သန်းခွင့်ပြုထားတဲ့ နိုင်ငံက အပေးအယူကိစ္စတွေမှာ အသာစီးယူထားတာ တွေ့ရပါတယ်။ ငွေရေးကြေးရေးကနေ နိုင်ငံရေးအထိ ကျယ်ပြန့်ပါတယ်၊ ဥပမာဆိုကြပါစို့။ ပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြပီး တရုတ်အစိုးရဆီကနေ မြန်မာအစိုးရက ဘာတွေ တောင်းဆိုမလဲ၊ ချေးငွေကိစ္စကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားတဲ့ ကိစ္စတွေ အထိ ဘာမဆို ဖြစ်နိုင်ပါတယ်။
by နေသွင်
ကိုးကား။ ။ Modern China-Myanmar Relation (David I Steinberg and Hongwei Fan)
No comments:
Post a Comment