ငြိမ်းချမ်းရေးလော- ဇယားရွှေ့ ခြင်းလော- ခွင်ဖန်ခြင်းလော
by Myat Thi Ha on Sunday, February 10, 2013 at 1:27pm ·
မာတလိ (မဲဆောက်)
-၁၁- ၂ -၂၀၁၃
" ငြိမ်းချမ်းရေး ဆိုတာ- ဘာလဲဗျာ ၊ ရှင်းရှင်းပြောရရင် သူတို့ပဲ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ပြီး မြို့ ပေါ်တက် သေနတ်တွေ တကားကားနဲ့ စီးပွါးရေးတွေ လုပ်လိုက်ကြ၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ ကြီးတွေမှာ တက်ပြီး သောက်စား ပျော်ပါးလိုက်ကြ၊ အဝေမတည့် -မပြေလည်တော့ စစ်ပြန် တိုက်လိုက်ကြ လုပ်နေတာ၊ တိုင်းရင်းသား ပြည်သူတွေက မြေဇာပင် ဖြစ်နေကြရတာ " လို့ ထုတ်ဖော်ပြောဆိုတယ်။
သမိုင်း တကျော့ ပြန်တယ်ပဲ ဆိုရမလား၊ သံသရာ တပတ်လည်တယ်ဆိုရမလား၊ အဟောင်းက အသစ် တဖန် ပြန်ဖြစ်တတ်တယ် ပြောရမလား၊ တချိန်တုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ပြောခဲ့ ဆိုခဲ့၊ လုပ်ကိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး စကား၊ ငြိမ်းချမ်းရေး အသံ တွေဟာ မြန်မာပြည် ခေတ်စားနေတဲ့ အချိန် ကာလ ဖြစ်တယ်။
ငြိမ်းချမ်းရေး စကားမှ ခုချိန်မှာ မပြောရင် နှလုံးသား မဲ့တဲ့ လူသား တယောက်လို ဖြစ်နေတယ်။အချိန်အခါချင်းမတူတော့ ဖြစ်တဲ့ အကြောင်းအရာချင်းတော့ မတူ ဘူးပေါ့။
ဟိုတုန်းက ဆရာကြီး သခင် ကိုယ်တော်မှိုင်းတို့ ပြောခဲ့အချိန်က ဘက် ၂ ဘက်မှာ-
လူကြမ်းက ၀န်ကြီးချုပ် ဦးနု(ပထစ) အစိုးရ
လူထုမေတ္တာ အထားခံရတာက-- ကွန်မြူနစ်(အဓိက အုပ်စုကြီး) ကြား ဖြစ်တယ်။
ကွန်မြူနစ် နောက်မှာ တရုတ်၊ရုရှားနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေက အခြေအနေကို ကြည့်ပြီး ၀ိုင်းရံထားတယ်။
ဒီနေ့  ငြိမ်းချမ်းရေး အော်နေတာက ကိုမြအေးတို့ ဦးဆောင်တဲ့ ရှစ်ဆယ့်ရှစ် အုပ်စုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များဖြစ်တယ်။
လူကြမ်းက-- သမ္မတ ဦးသိန်းစိန်နဲ့ ဦးသန်းရွှေ ကြိုးကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်ေးအာင်လှိုင် ရဲ့ စစ်တပ် ဖြစ်တယ်။
လူထုမေတ္တာ အထားခံရတာက-- တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ။
ကေအိုင်အေ။- ကချင် ဘက်မှာတော့ တိုင်ရင်းသား လက်နက် ကိုင်တပ်ဖွဲ့ တွေစုထားတဲ့ အုပ်စုနဲ့ တရုတ် ပေါက်ဖော်ကြီးက ဘေးက ၀ိုင်းရံ ပေးထားတယ်။
ခက်တာက အစိုးရက တမျိုး၊ လက်နက်ကိုင် တိုင်းရင်းသားမျိုးချစ် ဆိုသူတွေက တမျိုး၊ အမေရိကန် နဲ့ မဟာမိတ်တွေက တမျိုး၊ တရုတ် ပေါက်ဖော်ကြီးက တမျိုး အမြင်မတူစွာ ပြောဆိုနေကြတဲ့ အချိန်လည်း ဖြစ်တယ်။
မြန်မာပြည်မှာ တော်လှန်ရေး သမား အမည်ခံ သူပုန် တွေ ဘယ်လိုပေါ်လာသလဲ၊ ဘယ်လို ရပ်တည် နေကြသလဲ၊ ဘယ်ကိုဦးတည် နေကြသလဲ၊ ကိုယ့် လူမျိုး အကျိုးကို ဦးစားပေး-မပေး ကိုတော့ ဖုံးကွယ်ပြီး သံသမန် စကားတွေနဲ့ ကိုယ်အသာ ရအောင် ကမ္ဘာနဲ့ မြန်မာပြည်သားတွေကို မလိမ့် တပတ် ပြောဆိုနေကြတာ မြင်ရတယ်။
မြန်မာပြည်မှာ သူပုန်(ခေါ်) တိုင်းရင်းသား လက်နက်ကိုင် မျိုးချစ် တော်လှန်ရေးသမားတွေ ဘယ်လို စပေါ် လာသလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောသံ အလွန်ရှားပါးနေတယ်။ မသိလို့တော့ မဟုတ်တန်ရာ။
အင်အယ်လ်ဒီက ဦးဝင်းတင်၊ ဦးတင်ဦး တို့ ၊ တခြား ၀ါရင့် ရှေ့ မှီနောက်မှီများဖြစ်ကြတဲ့ ဦးသုဝေတို့ ၊ လူငယ်တွေ လေးစားခံရတဲ့ ပီကျူ့  လိုခေါ်တဲ့ ပြည်သူ့  တိုးတက်ရေး ပါတီကကျောင်းသား ခေါင်းဆောင်ဟောင်းကြီး ကိုလှရွှေ တို့ မသိလို့ မပြောကြတာ မဟုတ်တန်ရာ။
အမှန် တရားနဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် လက်နက် ကိုင် သူပုန်ထ တော်လှန်ရေး လုပ်ခဲ့ကြတာ အကြောင်း ၂ ချက်ရှိတယ်။
၁။ နိုင်ငံရေး အယူအဆ အရ တောခိုတဲ့ အုပ်စု။
ကွန်မြူနစ် ဖြူ (သခင်သန်းထွနးအုပ်စု)၊ ကွန်မြူနစ် နီ( သခင်စိုး အုပ်စု) စသည်တို့ ဖြစ်တယ်။
အလယ်ရိုးမကနေ တရုတ်ပြည်နယ်စပ်ရောက်။ ခုတော့ ခေါင်းဆောင်ပိုင်းတချို့  တရုတ်ပြည်မှာ ခိုလှုံ နေကြတယ်။
၂။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို စာတမ်းပါ အချက်တွေအတိုင်း ခံစားခွင့် မရရှိလို့ တောခိုတဲ့ အုပ်စု။
ကချင်။ ကရင်၊ ရခိုင်၊ ကယား၊ ကရင် ၊ ရှမ်း စတဲ့-စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တယ်။
ဦးနုက နိုင်ငံတော်ကို ဗုဒ္ဒဘာသာဝင်နိုင်ငံ အဖြစ် ကြောငြာဖို့ စကားစပြောလို့ ခရစ်ယာန် ဘာသာဝင်အချို့ ပါတဲ့ ကချင်နဲ့ ကရင်တို့ က စတယ်လို့ လဲ ရှေ့ လူကြီး သူမ နိုင်ငံရေး သိမှီလိုက်လို့ ပြောခဲ့တာလဲ ရှိတယ်။
ဘာပဲဖြစ်တဲ့ ဒီနေ့ ခေတ်မှာတော့ တိုင်းရင်းသား လက်နက် ကိုင် သူပုန်မှန်သမျှဟာ ပင်လုံစာချုပ်ပါ အချက်ကို လက်ကိုင်ထားပြီး တညီ တညွှတ်ထဲပြောဆိုနေကြပါပြီ။ ဘိန်းချက် ပြီ သူဌေးဖြစ်ကြံခဲ့တဲ့ လော်စစ်ဟန် တိုလဲ ဒီစကားပြောခဲ့တာပါ။
ရှမ်းသမ္မတနိုင်ငံ ကြေငြာပြီး သူကိုယ်သူ ရှမ်းခေါင်ေးဆာင် သမ္မတကြီးအဖြစ် ကမ္ဘာသိ ကြေငြာခဲ့ပြီးမှ အမေရိကန် က မူးယစ်ရာဇာအဖြစ် ကြေငြာ လူဆိုးစာရင်းထုတ် ၊ အမေရိကန်က ဖမ်းဖို့ ပြင်မှ ဦးသန်းရွှေ နဲ့ လက်ဝါးရိုက် အလင်းဝင် လုပ်ခဲ့တဲ့ ဘိန်းဘုရင် -ခွန်ဆာလဲ တိုင်းရင်းသား အခွင့် အရေးဆုံးရှုံရလို့ ဆိုပြီး ပြောခဲ့တာပဲ။
မြန်မာပြည်သား ကိုးကန့် နဲ့ ၀အမည်ခံ တရုတ် အရေခွံလဲ တရုတ်တွေကလဲ ပင်လုံ အခွင့်အရေး ကိုပြောတာပဲ။
ကိုးကန့် နဲ့ ၀ ဘာတွေဆိုတာ လူတိုင်းသိသလို သူတို့ ဘိန်းစိုက် ဘိန်းထုတ်ပြီး တရုတ်အကူအညီနဲ့ ရပ်တည်နေတာလဲ မြန်မာ အပါ အ၀င် တကမ္ဘာလုံးက သိကြတယ်။
ဗိုလ်ချုပ်မှူးကြီး အမည်ခံ စားဖားကြီးသန်းရွှေတို့ ၊ လာဘ်စားမှုနဲ့ ထောင်နှစ် (၄၀ ) အချခံရတဲ့ ၀န်ကြီးချုပ်ပြုတ် ခင်ညွန့် တို့ ဝေစုဘယ်လောက် ခွန်ဆာ ဆီက ရလိုက်တယ်ဆိုတာ ဘယ်သူမှ မခန့် မှန်းနိုင်ကြဘူး။
တိုင်းရင်းသား အခွင့်အရေးကို ပင်လုံ စာချုပ် အကြောင်းပြပြီးအော်ဟစ်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြန်ကြည့်ရင် တော်လှန်ရေးရံပုံငွေ အကြောင်းပြပြီး သစ်တောတွေ စိတ်ကြိုက် ခိုးထုတ် ရောင်းချကြတယ်။
ကျောက်မျက်ရတနာတွေ၊ ဓါတ်သတ္တု တူးဖော်ပြီး အိမ်နီးချင်းနိုင်ငံတွေဆီ ရောင်းချခဲ့ကြတယ်။
ဘိန်းစိုက် ဘိန်းထုတ် ဘိန်းရောင်း ကြတယ်။
ဒီရောင်းရငွေတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘယ်လို ပိုင်ဆိုင်မှုတွေ ယူခဲ့ကြသလဲ။
စစ်တပ်မှာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မှာပဲဖြစ်ဖြစ်၊ "တပ်သား ချိုင်းထောက်၊ ဗိုလ်ချုပ် တိုက်ဆောက် " ဆိုတာ ကြည့်တတ်ရင် မြင်နိုင်တယ်။
စစ်တပ် အစိုးရ လက်ထက် အဆက်ဆက်မှာ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် ရန်သူကိုမွေးတယ်။
ရန်သူရှိမှ တိုက်ပွဲ ရှိမယ်။ တိုက်ပွဲရှိမှ စစ်တပ်က လုပ်ငန်း အပြကောင်း ပြီး တိုင်းပြည် ကယ်တင်ရှင်နေရာ ယူထားနိုင်မှာကိုး။
သူပုန်တွေ ဘက်ကလည်း ပင်လုံစာချုပ် အကြောင်းပြ တိုက်ပွဲဖော်။ တိုက်ပွဲရှိမှ စစ်ပြေး ဒုက္ခသည် ဖော်လို့ ရမယ်။
စစ်ပြေးဒုက္ခသည်ရှိမှ မျိုးချစ်စိတ် အပြကောင်းမှာ ဖြစ်ပြီး မိတိုတို့ နယ်မြေမှာ လူထု ထောက်ခံမှုရမယ်။ ဒီအပေါ်မှာ စစ်ရေး တိုးချဲ့မယ်။
ရံပုံငွေအတွက် သစ်တော သယံဇာတ ထုတ်ရောင်းမယ်။ ဘက် ၂ ဘက်လုံး လုပ်ကွက် လှလှလေး တွေနဲ့ ဂွင်(ခွင်) ကိုတည့်လို့။
၂၀၁၃ ဖေဖော်ဝါရီ (၂) ရက်နေ့ ညပိုင်း ဦးကျော်ဇံသာရဲ့ ဗွီအိုအေတိုက်ရိုက် လေလှိုင်းမှာ ရွှေလက်နဲ့ ခေါ်လို့ မလာရင် "ငြိမ်းချမ်းရေးကို ရွှေလက်နဲ့ ခေါ်လို့ မလာရင် ကျည်ဆံကျွေးသင့်တယ် " လို့ ပြောခဲ့တဲ့ အမတ်မင်း ဦးလှရွှေနဲ့  ငြိမ်းချမ်းရေး တောင်းဆို လှုပ်ရှားသူများ အဖွဲ့က ကိုမြအေးတို့ ထိပ်တိုက် တွေ့ ကြတယ် ။
ကိုမြအေးက " ကိုယ့်အခွင့် အရေးရဖို့ တောင်းဆိုတဲ့ ၊အင်အားနည်းတဲ့ ကချင် လက်နက်ကိုင်တွေ ဘက်က ကူညီပြောဆိုရမယ်။ ဒုက္ခ ပင်လယ်ဝေနေတဲ့ ကချင် ပြည်သူတွေ ဘက်က ငြိမ်းချမ်းရေးရဖို့၊ စစ်ပွဲတွေ ရပ်ဖို့ တောင်းဆို ရပ်တည်ရမယ်" လို့ ပြောဆိုတယ်။
အမတ်မင်း ဦးလှရွှေက "စစ်ပွဲ မရပ်တာဟာ ဦးဂမ်ရှောင်တို့ က ကိုယ့် သမိုင်းကို ဖုံးကွယ်ချင်လို့ ငြိမ်းချမ်းရေး မလိုချင်တာ ဖြစ်တယ်။ စပေါ့ဆိုတဲ့ မှော်ရွာ အနီးမှာ ရင်း(၆) ရင်းမှူး ဘ၀နဲ့ ၁၉၈၉ တုံးက ကချင် တရွားလုံးက လူတွေ ရာချီပြီးသတ်ခဲ့တယ်။ နောက်မှ ဦးစီးချုပ် ဖြစ်ခဲ့တာကိုး။ ဦးဂမ်ရှောင်ဟာ ဒီသမိုင်းဆိုး အရိပ်မဲ ကို သူ မပေါ် စေချင်ဘူး။ မြစ်ဆုံ စီမံကိန်း လုပ်ဖို့ တရုတ် ကို စတင် ခေါ်လာတာ ကချင် စစ်ဗိုလ်ချုပ်တွေ (ကေအိုင်အေ) ဖြစ်တယ်။ စတီဗင်လောက ကြားပွဲစား လုပ်တယ်။ မြစ်ဆုံ စီမံကိန်း ပြီးလို့ ရလာမယ့် ခံစားရပိုင်ခွင့် နှစ် ၃၀ အပေါ် အကျိုးအမြတ် ခွဲဝေကြရာမှာ အငြင်းပွားကြပြီး တဲ့နောက် ကေအိုင်အေက မြစ်ဆုံမှာ ရှိတဲ့ စတီဗင်လော(ခေါ်) ထွန်းမြင့်နိုင် ရုံးကို စတင် မိုင်းနဲ့ ခွဲတယ်။ နောက်တော့ တိုက်ပွဲတွေ ဆိုက်တိုက်ဖြစ်လာတယ်။ တကယ်တော့ စီးပွါးရေး အဝေမတည့် လို့ ကချင်စစ်ဖြစ်တယ်ဆိုတာ မောင်မြအေး မသိထာလား၊ မလေ့လာရသေးတာလား" လို့ ပြန်ပြောတယ်။
မန္တွှလေးသား ကိုသက်ထွန်းအောင်ကတော့ သူတို့ တိုက်နေတာ အကြောင်း သုံချက်ရှိတယ်။
(၁) ကေအိုင်အေ မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိဟန်မတူဘူး။
(၂) သူတို့ ရဲ့ အိမ်နားနီးချင်း အင်အားကြီး နိုင်ငံကြီးကို သူတို့ ကြောက်နေရတယ်။
(၃) တိုက်လို့ နိုင်ရင်- ကိုယ်ပိုင် ပြဌာန်းခွင့်ရမယ်။ မနိုင်လို့ ရှိရင်တောင်မှ နိုင်ငံကြီးထဲမှာ သူတို့ ခိုလှုံခွင့် ရမယ် ဆိုတာ ဖြစ်တယ်။
အိမ်နီးချင်း နိုင်ငံကြီးက ကျနော်တို့ နိုင်ငံကို မငြိမ်သက်အောင်လုပ်မယ်။ မငြိမ်းသက်မှုက စစ်တပ် အင်အားကြီးမှုကို လျှော့ပါးသွားစေမယ်ဆိုပြီး စည်းချက် ၀ါးချက်ညီညီ လုပ်နေတာ ဖြစ်တယ်။ ကျနော်ကေအိုင်အို ကိုမေးချင်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ရက်နဲံ ရွှေလီ ငြိမ်ချမ်းရေး ဆွေးနွေးပွဲကို ခေါင်းဆောင်ဆိုသူ မတက်တာလဲ။ တခြားသူတွေ ငြိမ်းရေး ရကုန်ပါလျှက်နဲ့ သူ တဖွဲ့ ထဲ ဘာလိုံ ကျန်ခဲ့တာလဲ ဆိုတာ မေးချင်တယ်လို့ ရင်ဖွင့်ရှာတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတုံးမှာတောင် တရုတ် ကားပြာကြီးတွေနဲ့ နေ့ စဉ် အစီးရေ ရာချီပြီး မြန်မာ့ သစ်တွေ တရုတ်ပြည်ထဲ ဆက်တိုက် ထွက်နေတယ်။
ကေအိုင်အေ က ရောင်းတာလား၊ မင်းအောင်လှိုင် စစ်တပ်က ရောင်းတာလား ၀န်မခံကြသေးဘူး။
အင်တာနက် သတင်းတွေမှာ အထောက်အထား ပုံတွေနဲ့  မြင်နေရတယ်။
အစိုးရ သစ်တော ဌာနက အရာရှိကြီးတဦးကတော့ သူတို့ကို လုံခြုံရေး အစိုးရ ဘက်က ပေးတာ မရှိလို့ သွားရောက် စစ်ဆေး အရေးယူတာ မလုပ်တာလို့ ထုတ်ဖော်ပြောဆိုတယ်။
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကတော့ စာပေဟောပြောပွဲမှာ" ငြိမ်းချမ်းရေး ဆိုတာ- ဘာလဲဗျာ ၊ ရှင်းရှင်းပြောရရင် သူတို့ပဲ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ပြီး မြို့ ပေါ်တက် သေနတ်တွေ တကားကားနဲ့ စီးပွါးရေးတွေ လုပ်လိုက်ကြ၊ ရန်ကုန်၊မန္တလေးစတဲ့ မြို့ ကြီးတွေမှာ တက်ပြီး သောက်စား ပျော်ပါးလိုက်ကြ၊ အဝေမတည့် -မပြေလည်တော့ စစ်ပြန် တိုက်လိုက်ကြ လုပ်နေတာ၊ တိုင်းရင်းသား ပြည်သူတွေက မြေဇာပင် ဖြစ်နေကြရတာ " လို့ ထုတ်ဖော်ပြောဆိုတယ်။
ကချင်အရေး -စစ်တပ် ငြိုငြင်မှာ စိုးလို့ လက်ရှောင်နေတယ်လို့ အစွပ်စွဲ ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဟိုနိုလူလူ -ဟာဝိုင်ယီ ငြိမ်းချမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Pillars of Peace အဖွဲ့ကြီး မှ ကျင်းပတဲ့ အခန်းအနားမှာ ကချင် စစ်ပွဲအတွက် --
" တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ဟာ ပြဿနာကို ဖန်တီးနေသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်။ သူတို့ လုပ်ရပ် သူတို့ပဲ အဆုံးသတ် ပြေငြိမ်းမှ ငြိမ်းချမ်းရေး ရမယ်" လို့ ထုတ်ဖော်ပြောဆိုတတယ်။
နောက်တဆက်တည်း--
-- ကချင်ဒေသ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ ပြည်သူတွေ ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ မြေဇာပင်ဖြစ်ပြီး အတိဒုက္ခ ရောက်နေရတဲ့ အကြောင်း ၊
-- ပဋိပက္ခကို ဖန်တီးသူတွေအနေနဲ့ အဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့လိုကြောင်း၊
-- “တွေ့ဆုံ စကားပြောတယ်ဆိုတာ တဘက်နဲ့တဘက် အပေးအယူလုပ် ညှိနှိုင်းတာမျိုး ဆိုတာကို သူ့ဘက်က အကြိမ်ကြိမ် ရှင်းပြခဲ့တဲ့အကြောင်း၊” -၊
-- အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက မေတ္တာထားဖို့နဲ့ သတ္တိရှိဖို့၊ တခြား အရာတွေကို ပိုပြီး ဦးစားပေးနေတာကြောင့် အပြစ်မဲ့ပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို မရနိုင်တာ ဖြစ်ကြောင်း ပြောပါတယ်။
KIOနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ရွှေလီမြို့ Jing Cheng ဟိုတယ်တွင် ဆက်လက် တွေ့ဆုံ ဆွေးနွေးရေး သဘောတူညီခဲ့တယ်လို့ တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃ ခုနှစ် တွင် သတင်းများ ပေါ်လာပြန်တယ်။
တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက် တရုတ် ဗဟိုအစိုးရဘက်မှ ကြားဝင် ဆောင်ရွက်ပေးခြင်း ဖြစ် တယ်။
KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော အဖွဲ့နှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ပြီး အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်း၊ မွေးမြူရေး ဝန်ကြီး ဦးအုန်းမြင့်နှင့် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ အစရှိသူတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်း ဖြစ်တယ်။
လေ့လာသူများအဖြစ် တရုတ်အစိုးရ နိုင်ငံခြားဆက်ဆံရေးရုံးမှ သံအမတ်ကြီး Mr Luo Zhaohui၊ ကရင်အမျိုးသား အစည်းအရုံး KNU မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း၊ အဖွဲ့ဝင် တဦး၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS-SSA မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့ဝင် နှစ်ဦး၊ ချင်းအမျိုးသား တပ်ဦး CNF တို့မှ ဦးဗစ်တာဗျက်လျန်နှင့် မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ တို့ တက်ရောက်ခဲ့ ပြီး တရုတ်အစိုးရဘက်မှ လုံခြုံရေး အထူးတင်းကြပ် ထားကြောင်း သိရတယ်။
ဘာပဲပြောပြော မိုင်းပေါင်းများစွာ လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖော် နေတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေဟာ ဦးသန်းရွှေ ကြိုးကိုင်တဲ့ မင်းအောင်လှိုင်ရဲ့ စစ်တပ်၊ ကေအိုင်အေ၊ တရုတ်နဲ့ လက်နက်ကိုင် လူလည်တွေ က "ဘူမသိ ဘမသိ သနားစဖွယ် ငတုံးများ " အဖြစ် ပြုံးကြည့် ခံရခြင်းမှ လွတ်မြောက်ကြ ပါစေလို့ ဆုမွန်ကောင်း တောင်း နေရင်းဖြင့်-->
လူအချင်းချင်း လှည့်ပတ်ခြင်း --ကင်းရှင်းကြပါစေ။
ငြိမ်းချမ်းရေးအဖွဲ့တို့ မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း --အေးချမ်းကြေပါစေ။
လေးစားစွာဖြင့်

No comments:
Post a Comment