Wednesday, December 19, 2012

တန်ဖိုးနည်း တံဆိပ်တွေနဲ့ ကွယ်ဝှက်ခံထားရတဲ့ တန်ဖိုးမဲ့ သက်ရှိများ


တန်ဖိုးနည်း တံဆိပ်တွေနဲ့ ကွယ်ဝှက်ခံထားရတဲ့ တန်ဖိုးမဲ့ သက်ရှိများ


Popular News Journal, 19 December 2012  —-
သန့်ရှင်းသောအစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်မှုဟူသော စကားမှစ၍ ခေတ်ကြီးက ယခင် ထက် ပိုလွတ်လပ် ပွင့်လင်းလာ သည်ကတော့ အမှန်။ ဒီမိုကရေ စီ၊ တရားမျှတမှု၊ အဂတိလိုက်စား မှု ကင်းရှင်းရေး၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံဆိုသည့် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသော စကားရပ်များစွာ တို့လည်း ယခု တော့ နေ့စဉ်သုံး ဘာသာစကား အဖြစ် လွတ်လပ်စွာ သုံးစွဲခွင့် ရလာပြီ ဖြစ်သည်။

ထိုနည်းတူ နိုင်ငံတော်သမ္မတ ကြီး၏ ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေး စီမံကိန်းနှင့် ထက်ကြပ်မကွာ လိုက်ပါလာသော စကားတစ်ခု လည်း လက်ရှိ အရပ်သားအစိုးရ လက်ထက်၌ တွင်ကျယ်လာခဲ့ သည်။ ယင်းစကားလုံးမှာ ”တန်ဖိုး နည်း…”။
တကယ်ကြီးလား
သို့သော်…။
”အစိုးရက တန်ဖိုးနည်း လို့ ပြောနေတဲ့ ဖုန်းတန်ဖိုးက ကျွန်တော်တို့ မိသားစုအနေနဲ့ တော့ ထီ ၂ သိန်းဆု ပေါက် သလောက် ရှိပါတယ်” ဟု ပုဇွန် တောင်စာတိုက် မှတ်တိုင် အနီးတွင် ထိုးထားသည့် ဆိုက်ကားပေါ် ထိုင်ရင်း ခရီးသည်မျှော်နေသောကိုကျော်ကြီးက စိတ်မပါလက်မပါ ပုံစံဖြင့် ပြောလိုက်သည်။
သူ့ဘဝအတွက်တော့ ဆိုက် ကားအုံနာခ၊ မိသားစုမီးဖိုချောင် စရိတ်နှင့် ကလေးများအတွက် မုန့် ဖိုးစသည် စသည်တို့ဖြင့် တန်ဖိုး နည်းအရာများ မရှိသလောက်ဟု ဆိုပါသည်။ ”တကယ်တန်ဖိုးနည်း စေချင်တာကတော့ ကျွန်တော်တို့ နေဖို့အိမ်၊အဝတ်အစားနဲ့ စားနေ တဲ့ ထမင်းတွေပါပဲ” ဟု ဦးထုပ်ကို ယပ်တောင်သဖွယ် ကိုင်၍ မျက်နှာရှေ့ တဖျပ်ဖျပ် ခတ်ရင်း ကိုကျော်ကြီး ပြောလိုက်သည့် ဟန်က အလေးအနက် တောင်းဆို သည့်ပုံစံ ဖြစ်သည်။
ထို့အတူ…။
အစိုးရဌာနတစ်ခုတွင် ကြီး ကြပ်ရေးမှူး ရာထူးဖြင့် လစာ ရှစ် သောင်းရသော အသက် ၅၃ နှစ် အရွယ်ရှိ ဦးအောင်ဌေးကလည်း ”မိသားစု လေးယောက်မှာ ဒီဝင် ငွေနဲ့ လောက်ေ အာင် စားနေရ တာ။ ဖုန်းအရစ်ကျတစ်သောင်း မပြောနဲ့။ ငါးထောင်ဆိုလည်းမဝယ်နိုင်သေးဘူး။ လစဉ် အပိုငွေ အထွက်မခံနိုင်ဘူး” ဟု ဆို သည်။  ရသည့်လစာက ရှစ်သောင်း၊ သူတစ်ဦးတည်း၏ အသုံးစရိတ်က တစ်နေ့လျှင် ပျမ်းမျှ တစ်ထောင်။ ဈေးဖိုးက ၂ဝဝဝ။ ဒီနှစ်ခုတင် သူ့လစာထက် ကျော်လွန်နေပြီ ဖြစ်သည်။ တန်ဖိုးနည်းဟူသော စကားသည် သူနှင့် လားလားမှ မဆိုင်ဘိအလား။
”အခုဝန်ထမ်းတွေ လျှော့ မယ်။ နှစ် ၃ဝ အထက် လုပ်သက်ရှိ သူတွေ ပင်စင်ပေးမယ် ကြားလို့ စိတ်ညစ်နေရတယ်။ သားသမီး တွေက မကြီးသေးဘူး။ ကျောင်း တက်နေရတုန်းမှာ ဒီဝင်ငွေတစ်ခု တည်းနဲ့ ရပ်တည်နေရတာ။ တန် ဖိုးနည်း အိမ်ရာကိုတော့မပြောနဲ့။ အနားတောင် မကပ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။
”အစိုးရဝန်ထမ်းလို့ ပြော တော့ ပင်စင်ကို မျှော်ကိုးပြီး အရင်က လုပ်ခဲ့တာပေါ့။ ကိုယ့် အတွက် လုပ်ကွက်လေးရှိခဲ့တုန်းက ဒီအလုပ်တစ်ခုတည်းနဲ့ မိသားစု ချောင်ချောင်လည်လည် ရှိခဲ့တယ်။ နောက်ပိုင်း လုပ်ကွက်မရှိတဲ့အခါ ကြွေးမတင်တဲ့လ မရှိဘူး” ဟုသူက ပွင့်လင်းစွာ ဆိုပါသည်။
“မညီသည့် ချိန်ခွင်လျှာ”
တကယ်တော့ တန်ဖိုးနည်းဟူ သော စကား၏ အနက်က လက်ရှိ အခြေအနေအရ ပြည်သူအများစု နှင့် သက်ဆိုင်ခြင်းမရှိသေးသည်က သေချာပါသည်။ အထူးပြုသုံးစွဲ သည့် အရာများကလည်း မရှိ မဖြစ် မဟုတ်သေးသည့် ဖုန်းနှင့် အိပ်မက်ရန်ပင်ခက်နေသေး သော အိမ်ရာ။ ထိုအရာများပေါ် တံဆိပ် ကပ်ထားသည့် တန်ဖိုးနည်း ခေါင်း စဉ်ကိုလည်း ငွေကြေးတတ်နိုင် သည့် အထက်တန်းလွှာ လူတန်း စားများ အတွက်တော့ ဟုတ်၏ မှန်၏ဟု မြန်မြန်ဆန်ဆန်ထောက်ခံ ပေလိမ့်မည်။
ကိန်းဂဏန်းများ အရမူ မြန် မာ့ဆက်သွယ်ရေးမှ ၂ဝဝ၄ ခုနှစ် တွင် စတင်ရောင်းချခဲ့သည့် ကျပ် ၁၅ သိန်း ၅ သောင်းတန် ဖုန်းများ သည် ပြင်ပဈေးကွက်တွင် ကျပ် သိန်း ၃ဝ ဝန်းကျင်အထိ ဈေးစွာ ခဲ့ပြီး လူတန်းစားတစ်ရပ်အတွက် ဂုဏ်ဒြပ်ထုတ်သည့်ရေပေါ်ဆီ သရေစာ ဖြစ်လာခဲ့သည်။ ထို့ နောက် ၂ဝ၁ဝ ခုနှစ်တွင် ကျပ်ငါး သိန်း။ ယခု ၂ဝ၁၂ ခုနှစ်တွင် ကျပ် ၂၅ဝဝဝဝ တန်  WCDMA နှင့်   ကျပ် ၂ဝဝဝဝဝ တန်  GSM ဖုန်း များ။ သိသိသာသာ လျော့နည်း လာသော တန်ဖိုးများအရမူ လက် ရှိ အခြေအနေကို
တန်ဖိုးနည်းဟု သုံးစွဲခြင်းကို ဖြစ်သင့်သည်ဟု ယူဆနိုင်သော်လည်း ညီမျှခြင်း၏ တစ်ဖက်ရှိ ပြည်သူ၏ အခြေခံ ဝင်ငွေကတော့…။
”တန်ဖိုးနည်း ဆိုတာ သတ် မှတ်ထားတဲ့ အခကြေးငွေကို ဆိုလို တာ မဟုတ်ဘူး။ ဥပမာ ဆန်တစ် ပြည်ကို တစ်ကျပ်နဲ့ ရောင်းမယ်။ ကျွန်တော်တို့ ပြည်သူလက်ထဲမှာ တစ်ကျပ်မရှိရင် ဒါဈေးကြီးတာပဲ။ဆန်တစ်ပြည်ကို တစ်ထောင်နဲ့ ရောင်းမယ်။ပြည်သူ့လက်ထဲ တစ် သောင်းရှိရင် ဝယ်စားနိုင်မယ်။  ဒါဆို ဈေးကျတယ်။ ဈေးကြီးခြင်း မကြီးခြင်းဟာ လူထုရဲ့ တစ်ဦး ချင်း ဝင်ငွေပေါ်မှာပဲ မူတည်တယ်” ဟု ဒီမိုကရေစီအရေး စဉ်ဆက် မပြတ်လှုပ်ရှားမှု အင်အားစု အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က သုံး
သပ်သည်။
၎င်းအပြင် တန်ဖိုးနည်းဖုန်း၊ တန်ဖိုးနည်းအိမ်ရာ စသည်ဖြင့် ထိုစကားများသည် ပြည်သူကို မျက်စိလှည့်နေသကဲ့သို့ ဖြစ်နေ ကြောင်း သူက ထောက်ခံခဲ့ပြီး         ”ကျွန်တော်တို့နိုင်ငံက ဘာမှ ထင်ထင်ရှားရှားနဲ့ အမြင်ရှင်းအောင် မလုပ်ခဲ့ဘူး။နှစ်ပေါင်း ၅ဝ ကျော်မှာ လူထုကို စကားလုံးတွေ နဲ့ပဲ လိမ်ခဲ့တာ” ဟုဆိုပါသည်။
သူက ထပ်လောင်း၍ တန်ဖိုး နည်းအိမ်ရာဆိုတာ တန်ဖိုးတွေ ဘယ်လောက်ပဲ ချပေးချပေး အရစ် ကျစနစ်နဲ့ပဲပေးဦး။ လူတွေရဲ့ဝင်ငွေ ဟာ မဖူလုံခဲ့ရင် ဒီကနေ့ဝင်ငွေ ဟာ နောက်နေ့စားစရာ မရှိရင် တန်ဖိုးနည်းအိမ်ရာပဲ ပြောပြော၊   တန်ဖိုးနည်းဖုန်းပဲပြောပြော စကားလုံးအားဖြင့်သာ စာရွက်ပေါ် မှာ ဖြစ်သွားမယ်။ မအောင်မြင်နိုင် ပါဘူး” ဟု သုံးသပ်သည်။အားလုံးလည်း သိကြပါသည်
အခြားအခြားသော နိုင်ငံများ နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ အနေဖြင့် အရာရာတွင် အဆပေါင်း များစွာ  နောက်ကျ ကျန်နေခဲ့ သည်ဖြစ်ရာ လတ်တလော အခြေ အနေကို အကောင်းမြင်စိတ်လေး ဖြင့်ကြည့်ပါက ဤမျှလောက်ကို ပင် တိုးတက်လာမှုဟုယူသော်ရ နိုင်ပါသေးသည်။ အဘယ်ကြောင့် ဆိုသော် လိုအပ်သူများအတွက်မူ ကြိုးစားခွင့် ရှိသော မျှော်လင့်ချက် အဖြစ် အသုံးဝင်သောကြောင့် ဖြစ် သည်။
”တန်ဖိုးနည်းတယ် ထင်လို့ တော့ မဟုတ်ဘူး။ ဖုန်းအရမ်း ကိုင်ချင်လို့ ဝယ်လိုက်တာပါ။ အလုပ်က တစ်လ ရှစ်သောင်း ရ တယ်။ ဖုန်းဝယ်ဖို့အတွက် အိမ် ကို ၂ လငွေ ပြန်မပေး ခဲ့ရဘူး။ ဒါတောင် ကိုယ်စုထားတဲ့ ငွေနဲ့ မလောက်လို့ သူငယ်ချင်းဆီက ငါးသောင်းကို အတိုးနဲ့ချေး ဝယ်ဖြစ် ခဲ့တာပါ။ ဖုန်းကိုင်ချင်တာနဲ့ အိမ် တွေ၊ အကြွေးတွေ မကြောက်ဘဲ ဝယ်ဖြစ်တာပါ” ဟု မင်္ဂလာတောင် ညွန့်မြို့နယ်မှ ခရီးသွားကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန့်ဇင် ဦးက ပြောသည်။
အစိုးရဝန်ထမ်း လုပ်သက် ၁၈ နှစ်ရှိပြီး လက်ရှိတွင် ဌာနစိတ် မှူး ရာထူးဖြင့် လစာ ၅၉ဝဝဝ နှင့် ဝန်ထမ်းသက်သာ အပိုဆောင်း ကျပ် ၃ဝဝဝဝ ရရှိနေသော ဒေါ် ဆွေဆွေလှိုင် ကလည်း ”ဖုန်း ကတော့ လိုအပ်တဲ့အတွက် ဝယ် ထားဖြစ်တယ်။အရစ်ကျစနစ်နဲ့ပါ” ဟု ဆိုသည်။ ¤င်းအပြင် ”လက် ထဲမှာ စုဆောင်းငွေဆိုတာလည်း လုံးဝမရှိပါဘူး။ သူတို့က တန်ဖိုး နည်း ဆိုပေမယ့် ကိုယ့်အတွက် ကတော့ တန်ဖိုးမှ မနည်းတာလေ။ တစ်စတစ်စ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေမှာ ကိုယ့် လစာများ ဘယ်လောက်အ ထိ ပြောင်းလဲမလဲလို့တော့ မျှော်လင့်နေ မိတယ်”ဟု အစိုးရဝန်ထမ်းပင် ဖြစ်သူ ခင်ပွန်းသည်နှင့် နှစ် ယောက်ပေါင်း ဝင်ငွေအရ မိသားစု ရပ်တည်မှုကို တွက်ချက်ပြရင်း ၄င်းက ဆိုပါသည်။
အဆိုပါ ပုဂ္ဂိုလ်များနည်းတူ လိုအပ်ချက်အရဖြစ်စေ၊ အများ အားကျ၍ ပေါ်ပင်သုံးစွဲခြင်းဖြစ်စေ လက်ရှိဈေးနှုန်းများက တန်ဖိုး နည်းဟု မဆိုသာသော်လည်း ယခင်ထက် စာလျှင် လက်လှမ်း၍ မမီတမီ အခြေအနေဖြစ်လာသည် ကတော့ ငြင်းမရ။”ချက်ချင်း လုံးခနဲ ပေးပြီး တော့ မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ အရင် နှုန်းထက်စာရင်တော့ နည်း နည်းမျှော်မှန်းလို့ ရလာတာပေါ့ လေ။ ခုအရစ်ကျတွေလည်း လုပ် လာတော့ ဝယ်ဖို့ စဉ်းစားနေတယ်။ ဒီထက် ဈေးကျဖို့လည်း ကြားနေ တော့ စောင့်ကြည့်ဦးမယ်ဗျာ။ဖုန်း ရှိရင်တော့ကိုယ့်အလုပ်က တစ်ပန်း သာတာပေါ့” ဟု လစာ ၁၅ဝဝဝဝ နီးပါးရရှိနေသော အသက် ၃ဝ ဝန်းကျင် မားကက်တင်းဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
အမှန်ဆိုရပါလျှင် မြန်မာ နိုင်ငံတွင် ဖုန်းဟူသည် အားလုံး အတွက် မရှိမဖြစ် လူသုံးကုန်ပစ္စည်း အဆင့်သို့ မရောက်သေးပါ။ သို့ သော် အသုံးဝင်သော ဆက်သွယ် ရေးဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်နေရာ အိမ်နီးချင်းနိုင်ငံများနှင့် အလွယ်တကူနှိုင်းယှဉ်နိုင်သော အချိန်တွင် ခေါင်းစဉ်တပ်ထားသော တန်ဖိုးနည်းစကားနှင့်အညီ ဖြစ် သင့်သည်ဟု များစွာသော ပြည်သူ တို့က ထောမနာပြုကြသည်။
“လိုအပ်နေတာဘာလဲ”
”တကယ်တော့ တန်ဖိုးနည်း ဖုန်းနဲ့ အိမ်ရာတွေထက်လက်ရှိမှာ ပညာရေးနဲ့ ကျန်းမာရေးက ပို အရေးကြီးတယ်။ မရှိဆင်းရဲသား တွေက အသိဥာဏ်နည်းလို့ ပိုခံစား ရတယ်။ တန်ဖိုးနည်း အိမ်ရာ ဘယ်လောက်ဆောက်ဆောက် လူတိုင်းကို မပေးနိုင်ဘူး။ကျန်းမာ ရေး၊ ပညာရေး၊ လူတိုင်းအတွက် လိုအပ်တယ်” ဟု Lucky Bag ပလတ်စတစ် လုပ်ငန်းရှင် ဦးလှ  ဝင်းက သုံးသပ်သည်။
ဒီမိုကရေစီအရေး စဉ်ဆက် မပြတ် လှုပ်ရှားမှု အင်အားစု ခေါင်းဆောင် ကိုထင်ကျော်က လည်း ”ဒီ မိုကရေစီကို သွားနေတဲ့ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့က လူထုကို အဆင်ပြေ အောင် လုပ်ပေးချင်တယ် ဆိုရင် တော့ ခရိုနီတွေထိန်းချုပ်ထားတဲ့ စီးပွားရေးတွေ လျှော့ချရမယ်။ ပြည်သူတွေရဲ့ ဝင်ငွေကို နိုင်ငံ တကာ မဟုတ်တောင် ထိုင်းနိုင်ငံ လောက် အလုပ်အကိုင်ပေါအောင် လုပ်ပေးရမယ်။ ကြိုးနီစနစ်ကို ဖျောက်ရမယ်။ အမိန့်ပေး အမိန့်ခံ ပုံစံမဟုတ်ဘဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရမယ်။
ထိန်းချုပ်ထားတဲ့ ဥပဒေတွေကို ဖြေလျှော့ရမယ်။ လူထုရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းတဲ့အခါ လေ့လာစုံစမ်းပြီး နှစ်ဖက်ညီမျှအောင် ဖြေရှင်းပေးရ မယ်။ နိုင်ငံသားတွေအပေါ် စာနာ စိတ် ထားရမယ်။ ဖြေရှင်းတဲ့နေရာ မှာ ရာထူး၊ တာဝန်ကို မကြည့်ဘဲဘက်မလိုက်ဘဲ ဖြေရှင်းရမယ်။       တစ်ဦးတစ်ယောက်၊ အရင်တုန်းက အာဏာရှိတဲ့၊ ပတ်သက်တဲ့ သူတွေ ကို ကာကွယ်နေတယ် ဆိုရင် လူထုရဲ့ နေထိုင်မှု၊ အဆင့်အတန်းက မြင့်လာမှာ မဟုတ်ဘူး။ ပြဿနာ ပဲ ပတ်ချာလည်နေမှာ” ဟု သုံး သပ်သည်။
၎င်းအပြင် ”တိုင်းရင်းသား လူမျိုးတွေ စားဝတ်နေရေးက အခြေခံကျတယ်။ အဲဒီကိစ္စ မပြေ လည်သေးသရွေ့ ဘယ်ပုံစနစ်ပဲ ကြွေးကြော်နေ ကြွေးကြော်နေ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု သူက ထပ်လောင်းပြောသည်။သေချာသည်ကတော့ နိုင်ငံ ၏ တစ်ဦးချင်း ဝင်ငွေက လွန်စွာ နိမ့်ပါးနေပါသေးသည်။ လက်ရှိ လစာ သတ်မှတ်ချက်အရ ပုဂ္ဂလိက ကုမ္ပဏီများတွင်ပင် အနိမ့်ဆုံးအဖြစ် ကျပ် ၄ဝဝဝဝ ဝန်းကျင်သာရရှိနေသူ များစွာ ရှိနေသေးပြီး ရန်ကုန်ကဲ့သို့ မြို့ပြတွင်တစ်ဦးချင်း၏ နေ့စဉ် အသုံးစရိတ်မှာပျမ်းမျှ ကျပ် ၃ဝဝဝ နီးပါး မဖြစ်မနေ ကုန်ကျနိုင်ရာ ခရီးစရိတ်၊ ထမင်းစရိတ်နှင့် အခြား ဗာဟီရ စရိတ်များအရ ဆိုပါလျှင် ထိုဝင်ငွေနှင့် ၄င်းတို့၏ ရပ်တည်မှု ကပြဿနာအစစ်ဖြစ်သည်။  စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ၊ စာရေးစာချီများနှင့် အထွေထွေလုပ်သား များအတွက်တော့ လက်ရှိ တန် ဖိုးနည်းဟူသော ခေါင်းစဉ်အောက် မှအရာများသည် ၄င်းတို့ကို လှောင် ပြောင်နေသကဲ့သို့ပင် ဖြစ်နိုင်ပါ သည်။
မီဒီယာလုပ်ငန်းတစ်ခုတွင် ဒီဇိုင်နာအဖြစ် ရပ်တည်နေသော အသက် ၂၇ နှစ်အရွယ်ရှိ ကိုထွန်း ကျော်အောင်ကတော့ ”ပြည်သူ တွေ အတွက် အဓိက လိုအပ်ချက် ဆိုတာမှာ အခြေခံလုပ်ခလစာ တွေကို တိုးမြှင့်ပေးဖို့၊ ဝန်ထမ်း တွေကို အလုပ်ရှင်တွေကတာဝန် ယူမှု အပြည့်အဝရှိဖို့၊ အာမခံချက် ပေး နိုင်ဖို့၊ ဘဏ်တွေကလည်း ပူး ပေါင်းပါဝင်လာဖို့ ရှိရမယ်” ဟု သုံးသပ်သည်။
”အစိုးရ လုပ်နေတဲ့ ဆင်းရဲမွဲ တေမှု ပပျောက်ရေး အောင်မြင်မှု ရှိ၊မရှိ ဆိုတာကို နယ်တွေ သွား ကြည့်စရာ မလိုပါဘူး။ ရန်ကုန်ရဲ့ မြို့စွန်တွေမှာ ကြည့်ရင် မြင်နိုင် တယ်။ တာလပတ်မိုး ပလတ်စတစ် ကာနေရတဲ့ အိမ်တွေ အများကြီး တွေ့ရမယ်။ တကယ်ကအလုပ်လို အပ်ချက်တွေ မြင့်မားနေတယ်။ တစ်ဦးချင်း လုပ်ခလစာတွေ တိုးမြင့်လာဖို့ လိုတယ်။ အလုပ်ပေး နိုင်မှုကို အစိုးရအနေနဲ့  အရေးကြီး ဆုံး အချက်တစ်ခုအဖြစ် ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်” ဟု ¤င်းက ထပ်လောင်းဆိုပါသည်။
တန်ဖိုးနည်းဟူသော စကား အမှန်တကယ် သက်ဝင်ရန်မှာ အနိမ့်ဆုံးဝင်ငွေအားဖြင့် ဖူလုံရုံမျှ မက ပိုလျှံသည့်ဝင်ငွေဖြင့် လိုအပ် သည့် အရာများအား လက်လှမ်းမီ ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေ ရှိမှသာ ဖြစ်နိုင်မည်ဖြစ်သည်။  ”တန်ဖိုးနည်း အိမ်ရာတစ်ခုရဲ့ တန်ဖိုးက သိန်း ၁ဝဝ အောက်ပဲ ဖြစ်ရမယ်။ ဥပမာ သိန်း ၈ဝ လောက် ဆိုရင် ပထမဆုံး သွင်းရ မယ့် အရစ်က ၈ သိန်း၊ ဒါမှ မဟုတ် ငါးသိန်းလောက်ပဲ အရစ် ကျ သွင်းခိုင်း၊ နောက်ပိုင်းသွင်းရမယ့် အရစ်တွေကလည်း တစ်လကို၃၊ ၄ သောင်းလောက်ပဲ ဖြစ်သင့် တယ်။ ပြီးတော့ တကယ်နေရေး အတွက် အခက်အခဲဖြစ်နေတဲ့ အစိုးရ ဝန်ထမ်းတို့ ကုမ္ပဏီဝန်ထမ်း တို့ လက်ထဲ တကယ်ရောက်အောင် လုပ်သင့်ပါတယ်” ဟု စိုင်းခွန် နောင် အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်မှ စီမံမန်နေဂျာ ဦးရန် အောင်ကသုံးသပ်သည်။
လက်ရှိ အခြေအနေအရ အဆိုပါ အနေအထားမှာ ခက်ခဲ သေးသည်ဟု ဆိုနိုင်သော်လည်း ပြည်သူ အများစုလိုအပ်ချက်အရ မူ ¤င်းက ”အဓိက ကတော့ နိုင်ငံ တော် အစိုးရကစီမံကိန်းတွေ ဆွဲ ကတည်းကပွင့်လင်းမြင်သာရမယ်။ ရေရှည်အကျိုးကို ကြည့်ပြီးလုပ်ရ မယ်။ တကယ်နေမယ့်သူတွေ၊ နေ သင့်တဲ့သူတွေကို ဦးစားပေးပြီး ချ ပေးသင့်ပါတယ်” ဟု ဆိုသည်။
“ဘဝသံသရာ”
ဈေးကို ပတ်နေခဲ့သည်က နှစ် ခေါက်ရှိပြီ။ ဆိုင်တစ်ဆိုင်ရှေ့ ဝင် ရပ်လိုက်၊ လက်ထဲက ပိုက်ဆံကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်နှင့်  ခုထိတော့ သူမ ဆုံးဖြတ်ချက် မချနိုင်သေးပါ။
နှစ်ယောက်စာ ထမင်းချိုင့်  ထည့်ရန်နှင့် အလုပ်ပြန် ညစာ အတွက် ကာမိစေရန် သူမခေါင်းထဲ အပြေး အလွှား တွက်ချက်နေရစမြဲ ဟု မားကက်တင်းဝန်ထမ်း တစ်ဦး ဖြစ်သူ အသက် ၂၅ နှစ် ဝန်းကျင်ရှိ   မခိုင်ခိုင်မော်က ဆိုပါသည်။ ယခုလည်းသူမလက်ထဲမှငွေသုံးထောင် နှင့် သူမတို့ လင်မယား ထမင်းချိုင့်၊ ညစာနှင့်အသွားအပြန် စရိတ်တို့ အပြင် နည်းနေပြီဖြစ်သော ဆန် အတွက်သူမဆုံးဖြတ်ရခက်နေခြင်း ဟု ပွင့်လင်းစွာ ပြောပါသည်။
”ဆန်က ပြည်လိုက် ဝယ်ထား တာလေ။ နှစ်ယောက်ပေါင်း လစာ က နှစ်သိန်းလောက်ဆိုပေမယ့် အိမ်လခ၊ စားစရိတ်တွေနဲ့ ပိုက် ဆံ မချေးရတဲ့ လမရှိပါဘူး။ ကျွန်မ နိုင်ငံရေး နားမလည်ပါဘူး။ ဒါပေမဲ့ ကုန်ဈေးနှုန်းကိုတော့ ဘာဖြစ်လို့ တန်ဖိုးနည်းဖြစ်အောင် မလုပ်တာ လဲလို့ မေးချင်တယ်”ဟု သူမက ခပ်ဆတ်ဆတ်လေသံဖြင့်ဆိုသည်။
ထို့နောက် ဆုံးဖြတ်ချက် ပြတ် သားသွားသည့်ဟန်ဖြင့် ဘဲဥသည် ရှေ့ သူမထိုင်ချလိုက်ပါတော့သည်။ ကျပ်တစ်ရာဖြင့် နှစ်ယောက်ဆွဲနိုင် သော ဘဲဥတစ်လုံးကတော့ အမှန် ပင် တန်ဖိုးနည်းနေသေးသည် မဟုတ်ပါလား။
သတင်းအချက်အလက် ။ ။  အောင်ဇော်၊ ဝေယံမိုးမြင့်၊ ဝေမာထွန်း၊ အိမ်စည်စိုးစံ
ရေးဖွဲ့သူ-အောင်ခွန်းဆက်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။