Wednesday, December 12, 2012

တကယ်ကြီးလား


Tuesday, December 11, 2012

တကယ်ကြီးလား

By Nyo Gyi

‎" ဟုတ်ကဲ့ပါ ခင်ဗျ "
 

ထင်သလောက်လည်း မစိုးရိမ်ကြပါနဲ့ဗျာ။

ခင်ဗျားတို့ နောက်ကြောင်းတွေ ပြောပါများမှပဲ သြော်... ငါ့နှယ်... တကယ်ပဲ တို့တိုင်းပြည်ကြီး နောက်ကြောင်းပြန်ရောက်နေပလား၊ နောက်ကြောင်း ပြန်လှည့်နေပလား အောက်မေ့ရတယ်။ ဒါနဲ့ ရှေ့  ကြောင်းကရော ဘယ်တော့ရောက်မယ် ခင်ဗျားတို့ မှန်းထားသတုန်း။

လမ်းကြောင်းပေါ်ရောက်နေပတဲ့လား။ ဟုတ်လား။ တကယ်ကြီးလား ဟင်။
... မြန်မာပြည်မှာ (၇၀) ရာခိုင်နှုန်းက တောနေတောင်သားတွေပါ။ မြန်မာပြည်မှာ ဆင်းရဲသားဘယ်နှစ်ရာခိုင်နှုန်းရှိသလဲတော့ အတိအကျမသိရဘူးပေါ့လေ။ ဆင်းရဲနေတာပဲ သိတယ်။
၂၀၁၅ ခုနှစ်မတိုင်ခင်မှာ အားလုံး ငြိမ်ကြ၊ ဘာမှ မပြောနဲ့၊ ဘာမှ မလုပ်နဲ့၊ စောင့်ကြည့်ကြ။ ဒီလိုလား။

ရှိပြီးသား ပြဿနာတွေ ရှင်းဖို့ ဘယ်လောက်ကြာအောင် ထပ်စောင့်ရဦးမှာလဲဟင်။ တကယ် သိချင်လို့ မေးတာပါ။ (ဥပမာ- ပြည်သူပြည်သားများ တစ်ဦးချင်း ၀င်ငွေနည်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှု၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးနေတဲ့ ကိစ္စတွေ၊ တရားဥပဒေ ပီပီပြင်ပြင် မစိုးမိုးသေးတဲ့ ကိစ္စ... စသည်)

စောင့်ကြည့်မနေနိုင်အောင် ဘယ်သူတွေက ပြဿနာအသစ်တွေ ဖန်တီးနေပါသလဲ။
(ဥပမာ- ကချင်၊ ရခိုင်၊ လက်ပံတောင်းတောင်အရေးများ... စသည်)

ထင်သာမြင်သာကိစ္စတွေကိုပဲ ပြောကြည့်တာပါ။ မထင်သာ မမြင်သာကိစ္စတွေဖြစ်တဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ... စသည် ကို ထည့်ပြောရရင် ဆုံးမှာတောင် မဟုတ်ဘူး။
ထားပါတော့။
အဲတော့ ကျွန်တော်တို့လို သာမန်ပြည်သူပြည်သားတွေက ဘာလုပ်ရမှာလဲဟင်။ ခေါင်းဆောင်ကြီးတွေကို ၀န်းရံကြ၊ ပံ့ပိုးကြ။ ဒီလိုလား။
တကယ်ပြောတာပါ။ ဘာလုပ်ရမှန်းမသိလို့၊ လည်ထွက်နေလို့ မေးတာပါ။
တိုင်းပြည်တိုးတက်ကြီးပွားငြိမ်းချမ်း စည်ပင် ခန့်ညားဖို့ ဘယ်လောက်စောင့်ရမယ်ဆိုတာရယ်... ဘယ်လိုစောင့်ရမယ်ဆိုတာရယ်... ပြောကြပါ။ စောင့်နိုင်ပါတယ်။ စောင့်ပါ့မယ်။
ခင်ဗျားတို့ပြောတဲ့အတိုင်း စောင့်နေရင်းနဲ့ ဒီအတိုင်း ဒုံရင်း ဒုံရင်း ဆိုရင်ကော ခင်ဗျားတို့ပြောခဲ့တဲ့ စကားတွေအတွက် ဘယ်သူက ဘယ်လို တာဝန်ယူမှာလဲ ဟင်။
ပြန်မမေးနဲ့။ စောင့်ဆိုစောင့်။ ဒီလိုလား။ ဟုတ်ပါပြီဗျာ။ စောင့်ပါ့မယ်။ စောင့်ပါမယ့်။
ပြောကြပါဗျာ။ သိတဲ့သူတွေ များများပြောကြစမ်းပါဗျာ။
ကျွန်တော်ကတော့ ကိုယ့်တိုင်းပြည် စည်ပင်ကြီးပွားတိုးတက်ခန့်ညားငြိမ်းချမ်းစေချင်တာပဲ သိတယ်။
လုပ်ပါဦး။ အချိန်လေး လုပ်ပါဦး။ ဘယ်လောက် ထပ်စောင့်ရဦးမှာလဲဟင်။ တကယ်သိချင်လို့မေးတာပါ။ မေးခွင့်ပေးပါဗျာ။ သောက်မြင်မကပ်ကြပါနဲ့။ တကယ်သိချင်လို့မေးတာပါ။ ဘယ်လို။ အချိန်ကတော့ ခန့်မှန်းလို့မရဘူး။ သူ့ဖာသာဖြစ်သွားမှာပဲ။ အဲ... မဖြစ်ရင်လည်း မဖြစ်ဘူး။ ဒီလိုလား။ ဘယ့်နှယ့်ဟာကြီးတုန်း။ ဘယ်လိုလုပ်ရမတုန်း။
အရစ်ရှည်တာ မဟုတ်ပါဘူးဗျာ။ ကျွန်တော် စောင့်နိုင်ပါတယ်။ စောင့်ပါ့မယ်။ နိုင်ငံ့အရေးအရာဆိုတာ တိတိကျကျရှိတာမဟုတ်ဘူး။ မှန်းလို့မရဘူး။ ဒီလိုလား။ စောင့်ပါ့မယ်ဗျာ။ ကျွန်တော်လည်း လည်ထွက်နေပြီဗျာ။
ဟုတ်ပါပြီဗျာ။ စောင့်ဆိုစောင့်ပါ့မယ်။ ဦးဆောင်ကြပါ။ လမ်းညွှန်ကြပါ။
စောင့်ပါ့မယ်ခင်ဗျာ...။

ညိုကြီး
၁၂.၁၂.၁၂

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။