SSPP/SSA တပ်သား ၅၀ ခန့်အား သောင်းကျန်းသူဟုဆိုကာ အစိုးရတပ်ဖမ်းဆီး
အဖမ်းခံရ SSPP/SSA ၏တပ်သားများ
သျှမ်းသံတော်ဆင့်သတင်းဌာန. ၃၀ရက်နေ့ အောက်တိုဘာ ၂၀၁၂ —-
ရွှေလီမြစ်ဝှမ်းဒေသအတွင်းလှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA
၏တပ်သားအယောက် ၅၀ ခန့်အား ဖမ်းဆီး၍ ၄င်းတို့ အားလည်း သောင်းကျန်းသူဟု
မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်း ဌာနက ယမန်နေ့က စွပ်စွဲလိုက်ပါသည်။
“အဖမ်းခံရတာ က ရွှေလီမြစ်ဝှမ်းဘက်လှုပ်ရှားတဲ့ ကျနော်တို့ တပ်ဖွဲ့တွေလေ။ ကျနော်တို့က အပစ်ရပ်ထားတဲ့တပ်ဖွဲ့ ဘဲ။ လူ အယောက် ၅၀ မှာ သေနတ် တစ်လက်ဘဲကိုင်ထားတယ်။ ကျနော်တို့ကို သူတို့က ရန်သူလို့သတ်မှတ်ရင်လဲ မတတ်နိုင်ဘူး။ လုပ်စရာရှိတာ ဆက်လုပ်သွားရမယ်။ ဒါက ကျနော်တို့သျှမ်းပြည် ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေဘဲ။” – ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်းဌာနက – ‘သောင်းကျန်သူများ၏ လုပ်ရပ်အား လက်မခံ၊ နှစ်မြို့ခြင်း မရှိသည့် ဒေသခံများမှ နယ်မြေခံပြည်သူ့စစ်နှင့် တပ်မတော်စစ်ကြောင်းများအား သတင်း အတိအကျပေးခဲ့ မှုကြောင့် ၂၀၁၂ အောက်တိုဘာ ၂၆ ရက် နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိပ်တိုက်ပစ်ခတ်မှုကြောင့် တပ်မဟာ ၁ ဝမ့်ဟိုင်း မှ တပ်သားနှစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိကြောင်း၊ စုစုပေါင်း ၄၈ ဦး အားအစိုးရတပ်မှ အရှင်ဖမ်းဆီးခဲ့ကြောင်း’ – မြဝတီသတင်းဌာနက ရေးသားပါသည်။
အစိုးရတပ်ထိန်းသိမ်းခဲ့သော သျှမ်းပြည်တပ်မတော်သားများမှာ အောက်တိုဘာ ရ ရက် ကချင်ပြည်နယ် မန်စီမြို့နယ် ကုန်းခမ်းကျေးရွာအနီး စစ်ရေးသင်တန်းကျောင်းဆင်း ရဲဘော်သစ် ၄၄ ဦးပါဝင်ကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားမြို့နယ်အတွင်းမှ အဓမ္မစုဆောင်းခံရ သူများဖြစ်သောကြောင့် ရဲတပ်ဖွဲ့မှတဆင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေးသွား မည်ဖြစ်ကြောင်း လည်း မြဝတီသတင်းဌာနက ရေးသားထားပါသည်။
“ကျနော်တို့နဲ့ အစိုးရတပ်အကြားအပစ်ရပ်တယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားတယ်။ အဲဒီ တုန်းက ၅ ရက်အတွင်း အစိုးရကကျနော်တို့နယ်မြေထဲကနေ တပ်ဆုတ်ပေးမယ်ပြောတယ်။ တပ်မဆုတ်ပေးတဲ့ အပြင် ကျနော်တို့ကိုရန်ရှာတိုက်ခိုက်ခဲ့တာ တိုက်ပွဲပေါင်း ၄၀ ကျော်သွားပြီ” – ဟု ပြောခွင့်ရဗိုလ်မှူး စိုင်းလ ကပြော ပါသည်။
သျှမ်းပြည်မြောက်ပိုင်း နှင့် သျှမ်း – ကချင်နယ်စပ်တဝိုက်၌ မြန်မာအစိုးရအား UNFC တပ်ဖွဲ့ဝင်များဖြစ် သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ ပူးပေါင်းတိုက်ခိုက်နေသည်ဟု ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF က သတင်းထုတ်ပြန်ထားပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment