တပ်မှူးဖြုတ်ရွှေ့မှုကြောင့် ဝ နယ် ဟိုင်းဝေးလမ်း စီမံကိန်းရပ်ဆိုင်းထားရ
ပန်ဆန်းမြို့တော်
သျှမ်းသံတော်ဆင့်သတင်းဌာန. ၃၁ရက်နေ့ အောက်တိုဘာ ၂၀၁၂ —-
အင်အားကြီးတပ်မဟာတခု၏ တပ်မှူးအား အုပ်ချုပ်ရေးပိုင်းသို့
ပြောင်းရွှေ့လိုက်သည့် နောက်ပိုင်း တနှစ်ခန့် တည် ဆောက်လာသည့် ဝ နယ်အတွင်း
အဓိက ဟိုင်းဝေးကြီးလမ်းတခု ရပ်ဆိုင်းထားရကြောင်းနီးစပ်သည့် အသိုင်းအဝိုင်း
ကပြောပါသည်။“တပ်မှူးအိုက်ဆုကို အုပ်ချုပ်ရေးပိုင်းကိုပို့လိုက်တာ ဩဂတ်စ်လတုန်းကလေ။ ဖေါက်လုပ်နေဆဲ ၄ လမ်းသွားလမ်းမကြီး က ၁၀ ကီလိုမီတာလောက်ဘဲပြီးသေးတာ။ အခုရပ်ကုန်ပြီ။ ခန့်မှန်းအရှည်က ၂၀ဝ ကီလို မီတာပေါ့။ အခုဆောက်လုပ် ရေးကားတွေလဲ ပန်ဆန်းဘက် အကုန်ယူသွားပြီ” – ဟု အမည် မဖေါ်လိုသည့် ဝ အရာရှိတဦးက ပြောပါသည်။
ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ တပ်မှူး လီအိုက်ဆု ခေါ် စိုင်းဆုအား ပန်ဆန်း ဌာနချုပ်မှ ရာထူးဖယ်ရှားပြီးနောက်ပိုင်း တည်ဆောက်ဆဲဖြစ်သည် ၅ နာရီခရီး ကားမောင်းရသည့် မိုင်းလား နယ်မြေမှ မိုင်းဖျန် – ဟိုတောဝ်း – မိုင်းပေါက် – ပန်ဆန်း လမ်းစီမံကိန်းလည်း ရပ်ဆိုင်းသွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါ သည်။
ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း မိုင်းပေါက်မှ မိုင်းဖျန်၊ ထိုမှတဆင့် မိုင်းလားထိန်းချုပ်နယ်မြေ၏ နယ်စပ် အထိ ၅၀ ကီလိုမီတာမှာလည်း လမ်းကောင်းဖြစ်သဖြင့် ၁ နာရီအကြာလောက်သာ ကားမောင်းရ၏။ မိုင်းဖျန်မှ မိုင်းလားနယ်စပ် အထိ ၁၀ ကီလိုမီတာသာဝေးသည်ဟု မိုင်းလားဒေသခံတဦးကပြော၏။
“ဒါပေမယ့် မိုင်းပေါက်ကနေ ပန်ဆန်းအထိက ၃ နာရီလောက်အထိမောင်းရတယ်။ လမ်းမကောင်းသေးဘူးလေ။ မိုင်းလားနယ်စပ်ကနေ ပန်ဆန်းအထိဆိုရင် ၅ နာရီလောက်မောင်းရတယ်” – ဟု ၄င်းကဆက်လက် ပြောပြသည်။
ရာထူးပြောင်းရွှေ့ခံရသော စိုင်းဆု၏ ကန်းဆူးကုမ္ပဏီမှ အသုံးပြုနေသော ကားများမှာ ဟုန်ပန်းကုမ္ပဏီမှ ကားများဖြစ် ကြောင်း၊ လမ်းဖောက်လုပ်ခြင်းရပ်တန့်လိုက်သည်နှင့်ကားများကို ဟုန်ပန်းက ပန်ဆန်းအနီး နားလောတ်ရွာသို့ ပို့ထား သည်ကိုတွေ့ရကြောင်း၊ နားလောတ်မှ မန်းဆိုင် (ဝ ထိန်းချုပ်နယ်မြေနှင့် မြန်မာစစ်တပ်ထိန်းချုပ်နယ်မြေနယ်စပ်) အသွားလမ်းကို ဆက်လက် ဖောက် လုပ် သွားမည်ဟုလည်း ကြားသိရကြောင်း ၄င်းကဆက်လက်ပြောပြသည်။
လမ်းဖောက်လုပ်မှု ရပ်နားခြင်းသည် ဩဂတ်စ်လ နှောင်းပိုင်းက လီအိုက်ဆု ရာထူးမှလျှော့ချ ခံရခြင်းနှင့် ပတ်သက်ခြင်း ရှိမရှိကိုမူ မသိရသေးပေ။ လီအိုက်ဆုသည် မူးယစ်ဆေးဝါးနှင်ပတ်သက်၍ ထိုင်းနှင့် အမေရိ ကန်မှလိုအပ်နေသော ဝေ့ရှော်ကန်းနှင့် ရင်းနှီးသူတဦးဖြစ်ကြောင်း ဝ တပ်ဖွဲ့ဝင်များကပြောပါသည်။ ၄င်း၏ တပ်မဟာ ၄၆၈ တပ်မဟာမှူး နေရာအား ဝတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်ပေါင်းယိုရှဲန်၏ တူတော်စပ် သည့် မကြာခင်ကထောင်မှထွက်လာသူတာ့ပန်း က အစားထိုး နေရာယူမည် (လတ်တလောအားဖြင့် ၄၆၈ တပ်မှူးဟောင်း စိုင်းဆမ်က ခေတ္တ တာဝန်ယူထားကြောင်း၊ နှစ်ကုန်တွင် ရာထူးအပြောင်းအရွှေ့များ ကို ပြန်လည်စီစစ်သုံးသပ်မည်) ဟုလည်း သတင်းများ ထွက်ပေါ် နေပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ လီအိုက်ဆု ဖယ်ရှားခြင်းခံရမှုသည် စီးပွားရေးနှင့် အခြားကိစ္စရပ်များ ကြောင့်မဟုတ်နိုင်ဘဲ နိုင်ငံရေးကိစ္စနှင့် တိုက်ရိုက်ပတ်သက်နိုင်သည်ဟုလည်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment