အာဏာပိုင် နှင့် စီးပွားရေးသမား ပူးပေါင်းသည့် မျှစ်ခြောက်လုပ်ငန်းကြောင့် ဝါးမျိုးများပြုန်းတီး
မျှစ်ခြောက်
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၆ရက်နေ့ အောက်တိုဘာ ၂၀၁၂ —
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြို့နယ်ဥက္ကဌကိုယ်တိုင်
တရုတ်ကုန်သည်များနှင့်ပေါင်းကာ တရက်လျင် မျှစ်စို ပိဿာ ချိန်
ထောင်ချီဝယ်ယူအခြောက်ပြု ရောင်းချနေသဖြင့် ဝါးမျိုးပြုန်း တီး လာကြောင်း
စုံစမ်းသိရှိရပါသည်။“နမ္မတူသားတွေ သောက်သုံးရေဖြစ်တဲ့ နမ့်လချောင်း ရေထွက်ပေါက်နဲ့ တလျှောက်မှာ မျှစ်တွေကိုတူးရောင်းကြတယ်။ မျှစ်ခြောက်လုပ်ပြီး တရုတ်ကုန်သည် တွေဆီရောင်းတာလေ။ တရုတ်ပြည်ပို့တယ်တဲ့။ တနေ့တနေ့ ပိဿာချိန် ၅ ထောင် ၆ ထောင်ထက်မနည်း ယူရောင်းနေတော့ ဒီနှစ်ထဲမှာ ရာသီဥတု
ဆိုးဆိုးဝါးဝါးဖောက်ပြန်လာတာတွေ့ရတယ်။ နမ့်လချောင်း ရေအရမ်းနည်းသွားတယ်။ ရာသီဥတုပူတယ်။ မိုးလဲ နည်းတယ်” နမ္မတူဒေသခံ စိုင်းခမ်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ယခုကဲ့သို့ မျှစ်စိုများကို တရုတ်ကုန်သည်များထံရောင်းချနေသည်မှာ လွန်ခဲ့သော ၅ နှစ်ကတည်းက စတင်လာ ကြောင်း၊ တရက်လျှင်ပိဿာချိန် ၅၀ဝ၀ မှ ၆၀ဝ၀ အတွင်းရောင်းဝယ်မှုရှိနေသဖြင့် မကြာခင်ဝါးမျိုးသုဉ်းမည်ကိုလည်း စိုးရိမ် လာကြကြောင်း ရပ်မိရပ်ဖတဦးကလည်း ပြောပါသည်။
“မြို့နယ်အုပ်ချုပ်ရေမှူး ဦးညွန့်ငွေရယ်၊ သစ်တောဌာနက မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းဦးရယ်၊ မြို့နယ်တရားသူကြီး အဖွဲ့ ရယ်၊ မန်တုံက ဥပဒေအရာရှိရယ် တရုတ်ကုန်သည်တွေနဲ့ပေါင်းပြီး မျှစ်ခြောက်လုပ်တဲ့လုပ်ငန်းလုပ်နေတယ်။ တဖက်ကလဲ ဝင်းမြင့်မိုရ် သတ္တုတွင်းက ဝါးတွေကိုခုတ်ပြီး သူတို့သတ္တုတွင်းမှာသုံးနေတော့ မပြုန်းဘဲခံနိုင်မလား။ အဲတာကိုလူကြီးသူမ တွေက စိတ်ပူနေကြတယ်” ဟု အဆိုပါ ရပ်မိရပ်ဖက ဆက်လက်ပြောပြသည်။
နမ့်လချောင်းသည် အင်္ဂ္လိပ်များအုပ်ချုပ်စဉ်ကာလက “ဒေသခံများ၏ သောက်သုံးရေ” ဟုဆိုကာ အဆိုပါ ချောင်းဘေး တ လျှောက် ကျွဲနွားထိန်းကျောင်းခြင်းကိုပင် ပိတ်ပင်ပေးခဲ့သည်။ ကျန်းမာရေးအတွက် ချောင်းရေသန့်ရှင်းရေး၊ ရေထွက် ပေါက်နဲ့ ချောင်းတလျှောက်ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်ပေးခဲ့သည်ဟု ရပ်မိရပ်ဖများကဆိုသည်။
“ အခုလာတဲ့ အာဏာပိုင်တွေက နမ္မတူကို ခေတ္တခဏဘဲ။ ဇရပ်လို တဲလိုဘဲ သဘောထားပုံရတယ် ၊ ဒါကြောင့် ဒီမှာနေတဲ့ လူထုအတွက် နောင်ရေးကို သူတို့မစဉ်းစားပေးဘူး။ မဆင်မခြင် ခွင့်ပြုလိုက်တာဘဲ” – ဟု ဘုရားဒကာလည်းဖြစ်သော အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောပြသည်။
မျှစ်စိုရောင်းဝယ်မှုကြောင့် ဝါးမျိုးသုဉ်းမည့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မည့်အရေး လွှတ်တော်ထဲသို့ ကျားဖြူပါတီ လွှတ်တော်အမတ် နန်းခမ်းအေးက တင်ပြပေးမှုကြောင့် ယမန်နှစ်က ခေတ္တရပ်ဆိုင်းသွားခဲ့သည်။ မျှစ်များအား နမ့်လ ချောင်းတလျှောက်၌အပြင် နမ္မတူချောင်းတလျှောက်၊ နမ့်ယော်ချောင်းတလျှောက်၊ မန်စံဒေသ၊ လွယ်တောက်ဒေသ၊ သိန္နီ မြို့ မိုင်းလီဒေသတို့မှလည်း တူးယူရောင်းချနေကြကြောင်း ဒေသခံ ခေတ်ပညာတတ်လူငယ်တဦးဖြစ်တဲ့ စိုင်းအေးက ပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment