ဒီမိုကရေစီလှေကြီးထွက်သင့်ပြီ
အမေရိကကို သမ္မတသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး ရောက်နေသည့်အချိန်တွင် U.N.F.C.နှင့် NCUB ပူးပေါင်းကိုယ်စားလှယ်တို့လည်း ရောက်ရှိလာကြရာ လှို့ဝှက်ချက်တစ်ခုခုများ ရှိလေသလား တွေးမိသည်။ကချင်၌ ပြဿနာမပြီးမချင်း၊ နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မချင်း မြန်မာ့သွင်းကုန်များကို ဖွင့်ပေးရန် မရှိဟု နိုင်ငံရေးပါရဂူများက သုံးသပ်ခဲ့ကြသည်။ ယခုအခါ၌ အဓိကအတိုက်အခံပါတီနှင့်အာဏာရအစိုးရတို့၏ တောင်းဆိုချက်အရ ပိတ်ဆို့မှုကို လျှော့ပေါ့၍ မြန်မာ့သွင်းကုန်ကို လက်ခံတော့မည်ဟု အမေရိကန်က ကတိပြုခဲ့သည်။ မြန်မာထုတ်ကုန်ဆိုသည်မှာ စက်ရုံပစ္စည်းများမဟုတ်၊ တွင်းထွက်ပစ္စည်းများသာ ဖြစ်ဖို့ များသည်။ ယင်းတွင်းထွက်ပစ္စည်းများသည် တိုင်းရင်းသားဒေသများတွင်သာ ရှိသည်က များသည်။ ယင်းကိုညှိုနှိုင်းချင်၍U.N.F.C.နှင့်N.C.U.B.ကိုယ်စားလှယ်တို့ ရောက်နေကြသလား စဉ်းစားစရာဖြစ်သည်။
နောက်တစ်ခုမှာ လက်ရှိပြုပြင်ပြောင်းလဲရေးကို တိုးတိုးတိတ်တိတ် တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ချင်ပုံ ရသည်။ သုံးပွင့်ဆိုင် အမည်မခံသော်လည်း သုံးပွင့်ဆိုင်သဘောမျိုးဖြင့် သမ္မတသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တတိယအဖွဲ့ကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ခဲ့ကြမည်ဆိုလျှင် ပြည်ထောင်စုကြီးအတွက် ကောင်းမှုမင်္ဂလာတစ်ခု ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိပြုပြင်ပြောင်းလဲရေးကို လုပ်သူမှာ သမ္မတသိန်းစိန် ဖြစ်သည်ဟု ဆိုသည်။ သမ္မတသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် သူတို့နှင့် ပူးပေါင်းဆောင်ရွက်သူဖြစ်၍ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်နေမည်ဟု မျှော်လင့်ကြောင်း အာရှအဖွဲ့ချုပ်အင်တာဗျူးမှာ မိန့်ကြားခဲ့သည်။ သူတို့နှစ်ဦးသည် တိုင်းရင်းသားလူမျိုများနှင့်ပတ်သက်လျှင် သဘောထားပျော့ပျောင်းသူများဟု သိရသည်။
သမ္မတသိန်းစိန်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လိုအပ်ပုံကို ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် ပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားလူမျိုးများ၏ အရေးကို ဖြေရှင်းဖို့ လိုအပ်ပုံကို ပြောဆိုခဲ့သည်။ အမှန်တွင် ရောင်စုံသူပုန်ဟု နာမည်ကျော်ခဲ့သည့် မြန်မာ့ပြည်တွင်းစစ်ကြီးသည် ပါလီမာန်ဒီမိုကရေစီခေတ်ကတည်းကပင် တည်ရှိခဲ့သည့်အားလျှော်စွာ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကြီးလည်း ဖြစ်သည်။ ဖဆပလအစိုးရသည် အင်္ဂလိပ်ခေတ်က အရှိန်ဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို လုပ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် ပြာပုံဘဝမှ ထရသဖြင့် အခြေအနေချင်းမတူပါ။ ပြည်တွင်းစစ်ကြီးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။
ထို့ကြောင့် အခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအခြေခံအုတ်မြစ် ခိုင်ခန့်မှာသာလျှင် လိုရာပန်းတိုင်ကို အရောက်သွားနိုင်ပါမည်။ ဥပမာကို ပြရလျှင် ကားတစ်စီးကို စီးရင်း ပြင်သွားမည်၊ ပြင်ရင်း စီးသွားမည်ဟု ပြောခဲ့လျှင် မမှားပါ။ သို့သော် ဘီး၊ အင်ဂျင်၊ ထရန်စမစ်ရှင်၊ ဘရိတ်ကိုကား ခရီးရှည်မထွက်မီ စစ်ရမည်။ ပြင်သင့်သည်များကို ခရီးမထွက်မီ လုပ်ထားလျှင် ခရီးက ပိုလုံခြုံသည်။
အသေးစားပြင်စရာရှိသည်များကို နောက်မှပြင်လျှင်လည်း ဖြစ်သည်။ ပြည်သူ့ထောက်ခံမှုသည် အတက်အကျ ရှိသည်။ ဓာတ်ဆီကဲ့သို့ပင် ဖြစ်သည်။ ကားကိုဓာတ်ဆီရှိသလောက် ရောက်ချင်သည့်နေရာကို မောင်းသွား၍ရသည်။ တောင်ကြီးအသွယ်သွယ် တောမြိုင်လယ်မှာ ဓာတ်ဆီကုန်သွားလျှင် ကားက မည်မျှပင် ကောင်းကောင်း မောင်း၍ မရတော့ပါ။
အမေရိကန်ပြည်ထောင်စု (၃၇)ဦးမြောက်သမ္မတ ရစ်ချတ်နစ်ဆင်က There's one thing solid in the fundamental of politics: What's up today is down tomorrow ဟု ပြောဖူးသည်။ သာမဏေဘဝကတည်းက မှတ်ဖူးသည်ကို ပြန်ရေးချခြင်းဖြစ်၍ လွဲနေလျှင် ခွင့်လွှတ်ပါ။ နိုင်ငံရေးဆိုတာ ဘုတ်ပျံရှုးပျံလို အတက်အကျရှိသည်၊ ယနေ့သမ္မတ မနက်ဖြန်အရပ်သားဖြစ်ချင်ဖြစ်မည်၊ နေ့မြင်ညပျောက်သဘောမျိုး ရှိသည်ဟု ဆိုလိုသည်။ လူထုထောက်ခံမှု ရှိချိန်တွင် သင့်အပြောသင့်အဆိုကို ယစ်မူးစွာ ထောက်ခံကြမည်၊သင့်ကျဆုံးသည့်အချိန်တွင်သင်ပြောခဲ့သမျှသင့်ထံ ပြန်လှည့်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဒီရေတက်ချိန်တွင် ဒီမိုကရေစီလှေကြီး ထွက်ပါ။ လုပ်သင့်လုပ်ထိုက်သည်များကို မနားတမ်း လုပ်ကြပါ။
Ven Ravika o
No comments:
Post a Comment