Friday, August 3, 2012

ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော်အကျပ်တွေ့


ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော်အကျပ်တွေ့:


ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း

သျှမ်းသံတော်ဆင့်သတင်းဌာန.  ၁ရက်နေ့ သြဂုတ်လ ၂၀၁၂  —–  ငြိမ်းချမ်းရေးဆွေးနွေးပြီးသော်လည်း ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော် အနေဖြင့် အကျပ်တွေ့နေ ရကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။
“ အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူလိုက်တော့ ကျနော်တို့ဆီမှာမှီခိုနေတဲ့ ဒုက္ခသည်တွေကို အလှူရှင် တွေက အထောက် အပံ့ ဖြတ်တောက်လိုက်တယ်လေ။ သူတို့ကနေရပ်လဲ မပြန်ရဲသေးတော့ သူတို့ နေ့စဉ်စားဝတ်နေရေးအတွက် ကျနော်တို့ စစ်တပ်က ဦးဆောင်ပြီး စိုက်ခင်းတွေဘာတွေလုပ်ရ တယ်။ ဒါကြောင့်မို့လို့လဲ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ အခုလို ပြဿနာဖြစ်ရတာပါ။ အရင်လ ကလည်း လွယ်ကော်ဝမ်းမှာလဲ ဒုက္ခသည်တွေစိုက်ခင်းနဲ့ပတ်သက်ပြီး ဝ တပ်ဖွဲ့နဲ့ တကြိမ် ပြဿနာ တက်ပြီးပါပြီ” ဟု သျှမ်းပြည်တပ်မတော်မှ အကြီးအကဲတဦးကပြောပါသည်။
ယမန်နေ့က ဝ တပ်ဖွဲ့လှုပ်ရှားသွားလာသည့်လမ်းတလျှောက် စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် ဝ တပ်ဖွဲ့ က ဖြတ်သန်း သွားလာသူများအား တင်းကျပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
ဂျူလိုင်လ ၃၀ ရက်က မိုင်းတုံမြို့နယ် ပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်မဟာ ၇၂၇ က ဒုက္ခသည်များအတွက် စိုက်ခင်းလုပ်ပေးရာတွင် မိမိနယ်မြေအတွင်းကျူးကျော် ဝင်ရောက်သည်ဟုဆိုကာ ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က တပ်အင်အားဖြည့်ဆည်းခဲ့သည်။ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကိုလည်း ဖမ်းဆီးထားသည်ဟုဆိုသော်လည်း ယမန်နေ့က စေ့စပ်ညှိနှိုင်းဆွေးနွေးရန် သျှမ်းပြည်တပ်မတော်မှ လူလွှတ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါတပ်မဟာမှူး စဝ်တင်းခေးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
အလားတူသျှမ်းပြည်တပ်မတော်၏ နမ့်စန်မြို့နယ် မိုင်းစစ်ဒေသရှိ လွယ်ယေးတပ်စခန်းမှ ဂွဏ်းဇိန်း စစ်ကြောင်းကိုလည်း ဖယ်ခုံအခြေစိုက်  စကခ ၇ လက်အောက်ခံ  မိုးဗြဲ အခြေစိုက်  ခမရ ၄၂၂ နှင့်  ဘန်းယဉ် အခြေစိုက် ခမရ ၄၂၅ တို့က ဂျူလိုင်လ ၃၀ ရက်က ဝင် ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ သေကြေ ဒဏ်ရာရမှုနှင့် ပစ္စည်းဆုံးရှုံးမှုများရှိခဲ့ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက် ကပြောသည်။


တိုက်ပွဲဖြစ်ပွားသည့် နမ့်စန်မြို့ လွယ်ယေးနှင့် မိုင်းပန်မြို့ နောင်လုမ် အုပ်စုပြ မြေပုံ

ဂျူလိုင် ၃၁ ရက်မနက်ပိုင်းတွင်မူ မိုင်းပန်မြို့နယ် အနောက်တောင်ဘက်ရှိ နောင်လုမ်အုပ်စု၌ လှုပ်ရှား နေသော သျှမ်း ပြည်တပ်မတော်၏ သစ်တောစစ်ဆေးရေးအဖွဲ့မှ စိုင်းလျဲန်ဦးဆောင်သောအဖွဲ့အား အမည်မသိမြန်မာစစ်တပ်မှ တပ်ဖွဲ့ တဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။
“အခုလို ဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွေအပေါ် ဆန့်ကျင်တယ်။ တိုက်ပွဲတွေဆက်မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းရေး သဘော တူညီချက်အရ တိုက်ပွဲတွေ ရပ်တန်းကရပ်အောင် ဘယ်လိုဖြေရှင်းပေးမလဲ။ ဦးအောင်မင်းဆီကို  စာပေးပို့ထား ပါတယ်” ဟုလည်း အဆိုပါအရာရှိက ပြောသည်။
သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၇၂၇ အခြေစိုက်ရာ လွယ်ဆမ်ဆစ်ပ်တပ်စခန်းတွင် ဒုက္ခသည် ၁၅၀ဝ ကျော်ရှိရာ အပစ်ရပ်ပြီးနောက်ပိုင်း  အများစု ၁၀ဝ၀ ကျော် ゞင်းတို့နေရပ်ပြန်သွားကြပြီး ကျန်ဒုက္ခသည် ၄၀ဝ အနက် ၂၀ဝ  ကျော် မှာမြို့ထဲဆင်းအလုပ်လုပ် ဝင်ငွေ ရှာကြကြောင်း ထို့ကြောင့် စခန်း၌ လူ ၁၅၀ ဝန်းကျင် ကျန်ရှိကြောင်း သျှမ်းပြည် တပ်မတော်အသိုင်းအဝိုင်းကပြောပါသည်။
သျှမ်း-ထိုင်းနယ်စပ်၌ (နာမည်ကြီး ၊ အနေများသောနေရာ၌) အခြေချနေထိုင်သော ဒုက္ခသည်များမှာစာရင်းဟောင်းအရ ၈၀ဝ၀ ခန့်ရှိသည်ဟု သိရသည်။
ゞင်းတို့မှာ -

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း၌    -  ၂၅၀

ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း၌        -  ၂၃၀ဝ

ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း၌         – ၄၀ဝ

ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း၌         – ၁၅၀ဝ

ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း၌        -၂၉၀ဝ

ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း၌             – ၆၂၀

စုစုပေါင်း                             – ၇၉၇၀ ဦးတို့ဖြစ်သည်။
အပစ်ရပ်အဖွဲ့များ၏ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နော်ဝေအစိုးရ၏  Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက်ရိုက်အကူအညီပေးသွားမည်ဟုလည်း သတင်းထွက်ရှိနေပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။