Wednesday, August 22, 2012

အမှုစစ်ဆေးနေစဉ်အတွင်း စစစ ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမှုအား သေမှုသေခင်းအဖြစ် သက်ဆိုင်ရာတရားရုံးမှ အမှုပိတ်၊ အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစားအမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား အာမခံရရှိရန် ကြိုးပမ်း


အမှုစစ်ဆေးနေစဉ်အတွင်း စစစ ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမှုအား သေမှုသေခင်းအဖြစ် သက်ဆိုင်ရာတရားရုံးမှ အမှုပိတ်၊ အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစားအမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား အာမခံရရှိရန် ကြိုးပမ်း  

Wednesday, 22 August 2012 09:53
အမှုစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားခဲ့သည့် မနန်းဝိုးဖန်၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များကို Mr.Namase Motohiko မှ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံရှင်းလင်းခဲ့စဉ်
၂၀၁၂ ခုနှစ် မတ်လအတွင်းက အမှုစစ်ဆေးနေစဉ်အတွင်း အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ အမှုအား သက်ဆိုင်ရာ တရားရုံးမှ သေမှုသေခင်းအဖြစ် ဇွန်လအတွင်းက ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ထို့အပြင် အိမ်ခြံမြေများကို ၀ယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသားအား အာမခံရရှိရေးအတွက် ကြိုးပမ်းနေကြောင်း အဆိုပါ မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရှိရသည်။ 
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အိမ်ခြံမြေနှင့်ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟုဆိုကာ မနန်းဝိုးဖန်ကို ခေါ်သွားခဲ့ပြီး ယင်းညတွင် လုံခြုံရေး အစောင့်အရှောက်များနှင့် နေအိမ်သို့ စာချုပ်စာတန်းများ သိမ်းဆည်းခဲ့ပြီး ရုံးသို့ ပြန်လည်ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း၊ နောက်ထပ်လည်း အစောင့်အရှောက်များနှင့် နေအိမ်သို့ ခေတ္တပြန်ခွင့်ပြုခဲ့ကာ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာန ရုံးပြတင်းပေါက်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ မနန်းဝိုးဖန်သေဆုံးမှုနှင့် ပတ်သက်၍ ကျောက်တံတား ရဲစခန်းမှ သေမှုသေခင်းအဖြစ်ရေး ဖွင့်စစ်ဆေးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးမှမြို့နယ် တရားသူကြီး ဦးဝင်းဇော်ညွန့်က သက်သေများ၏ ထွက်ဆိုချက်များနှင့် မှုခင်းဆရာဝန်၏ ထွက်ဆိုအစစ်ခံချက်တို့အရ မနန်း ၀ိုးဖန် သေဆုံးမှုသည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်မျှ မဟုတ်ဘဲ ၎င်းအလိုအလျှောက် စစစ ရုံး၏ အပေါ်ဆုံးထပ်ပြတင်းပေါက်မှ အရှိန်လွန် ပြုတ်ကျပြီး ကတ္တရာလမ်းနှင့်ထိခိုက်၍ ရရှိသော ဒဏ်ရာများကြောင့် သေဆုံးရသည်ဟု သုံးသပ်ခဲ့ပြီး အမှုပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးဆဲကာလတွင် အဆိုပါရုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူမှာ ဂျပန်နိုင်ငံသား Mr.Namase Motohiko  ဖြစ်သည်။ ၎င်းကိုလည်း အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင်ရောင်းချမှုများ ပြု လုပ်သည်ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ ပြီး ယခုအချိန်ထိ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။  

ပတ်စ်ပို့အမှတ် TK-0071297၊ ဗီဇာအမှတ် A511087 အိမ်အမှတ်---၊ ရွှေဂုံတိုင်လမ်း အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူ Mr.Namase Motohiko  မှာ ၂၀၀၉ ခုနှစ်မှ၂၀၁၂ခုနှစ်၊ ငါးလပိုင်းအတွင်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တရားဝင်လုပ်ကိုင်ခွင့် တင်ပြထား ခြင်းမရှိဘဲ အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင် ကုမ္ပဏီများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစားပြီး အမြတ်တင်ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ၀ယ်ယူရောင်းချရာတွင် ၎င်းပိုင် ဂျပန်ယန်းငွေနှင့် အမေရိကန်ဒေါ်လာငွေများကို တရားမ၀င် လဲလှယ်ရရှိသော မြန်မာကျပ်ငွေများဖြင့် လှိုင်သာယာမြို့နယ်၌ အိမ်၊ ခြံ၊ မြေသုံးကွက်၊ ဒလမြို့နယ်၌ နှစ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၌ စိုက်ပျိုးမြေ(၂၀ ဒသမ ၄၉)ဧက၊ တွံတေးမြို့နယ်၌ ၂၀ ဧက၊ ကျောက်တန်းမြို့နယ်၌ ၁၄ ဒသမ ၃ ဧကတို့ကို ၀ယ်ယူခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန်ကြံစည်၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြထားကြောင်းသိရသည်။

ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန် ကြံစည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  .  .  .
၎င်းကိုအရေးယူပေးရန် စ/---၊ ဦးသန်းအေး၊ ဦးစီးအရာရှိ(စစစ) ရန်ကုန်တိုင်းဒေသကြီးမှ တရားလို ပြုလုပ်တိုင်တန်းမှုအား လှိုင်သာယာ ရဲစခန်း လ(ပ)၅၂၁/ ၂၀၁၂ အရေး ပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ဇ)ဖြင့် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
ယင်းအမှုအား လှိုင်သာယာတရားရုံးမှ လက်ရှိအချိန်ထိ တရား လိုဘက်မှ ဦးသန်းအေးကို အမှုချိန်း ခြောက်ကြိမ်စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စစ်ဆေးရန် သက်သေ ၆၈ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
အဆိုပါ ဂျပန်နိုင်ငံသား၏ အမှုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှလည်း စိတ်ဝင်စားမှုရှိနေပြီး အမှုစစ်ဆေးနေစဉ်အတွင်း ဂျပန်သံရုံးမှ ပထမအတွင်းဝန် Mr.Hidehiko kobayashi ကိုယ်တိုင်လာရောက် နားထောင်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံသားသည် လက်ရှိအချိန်တွင် ကျန်းမာရေး ချို့ယွင်းလျက်ရှိပြီး အင်းစိန်အကျဉ်းထောင် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကာ အဆိုပါဆေးရုံမှသက်ဆိုင်ရာ ဆရာဝန်ကြီးများကလည်း အထူးကုနှင့်ပြသရန် လိုအပ်သည်ဟုပြောကြောင်း ဂျပန်နိုင်ငံသားနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ 
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှတာဝန်ရှိသူ ဦးစိုင်းစောသန်းမြင့်က ''အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စစ်ဆေးနေတဲ့ ကာလအတွင်းမှာ အဲဒီတိုက်ပေါ်က နေပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်အမှုကို သက်ဆိုင်ရာက သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ပြီးတော့ စစ်ဆေးခဲ့တယ်။ ပြီးတော့ သေမှုသေခင်းနဲ့ပဲ အမှုကိုပိတ်လိုက်တဲ့ အကြောင်းရင်းတွေအပြင် သူ့ရဲ့အမျိုးသား Mr.Hidehiko kobayashi ကို စ.စ.စက ခေါ်ယူစစ်ဆေးနေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ပါတီအနေနဲ့ အမြဲတမ်း စောင့်ကြည့်နေပါတယ်။ လွှတ်တော်မှာလည်း အခုအချိန်မှာ ဒီကိစ္စထက် ဦးစားပေးဆွေးနွေးရမယ့် အကြောင်းအရာတွေရှိနေတဲ့အတွက် အခွင့်အရေးရတာနဲ့ ဒီကိစ္စအစအဆုံးကို အမှန်အတိုင်းပြန်ဖြစ်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီးသားပါ''ဟုပြောကြားခဲ့သည်။
ဆက်လက်၍''သေဆုံးသွားတဲ့ ကောင်မလေးရဲ့ မိသားစုဝင်တွေက တိုင်းရင်းသားတွေဖြစ်တဲ့အတွက် မြန်မာစကား လုံးဝမတတ်တဲ့အပြင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဖိအားတွေရှိတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ ဒေသကို ပြန်သွားတယ်။ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေအသေးစိတ်ကို အသေအချာ မသိသေးပေမယ့် ဒီအမှုနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က အဆိုပါဂျပန်နိုင်ငံသားသည် သေဆုံးသူ မနန်းဝိုးဖန်နှင့် ရှမ်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ ရပ်ကွက်မြို့နယ် တာဝန်ရှိသူများရှေ့မှောက်တွင် တရားဝင် လက်ထပ်ထားသူဖြစ်ပြီး လှိုင်သာယာမြို့နယ်တွင် နန်းဦးအမည်ဖြင့် ကုမ္ပဏီဖွင့်လှစ်ကာ အိမ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး နန်းဝိုးဖန်းအမည်နှင့် ၀ယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မနန်းဝိုးဖန်၏ ဖြစ်စဉ်ကို ကျောက်တံတားမြို့နယ်တရားသူကြီး ဦးဝင်းဇော်ညွန့်က သေမှုသေခင်းဖြင့် စစ်ဆေးအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 
Comments 
 
0 #10 U TUN 2012-08-23 09:31
တရားရေးပတ်သတ်လို့ ကိုယ့်တွေ့လေ ပြောပြဦးမယ်
တလောက ကျနော့်တူဝမ်းကွဲတစ်ယောက် အမှုဖြစ်ပါတယ်. ဖြစ်တဲ့အမှုမှာ ကျနော့်တူက လွန်ပါတယ် .. ထောင်ကျနိုင်တဲ့ အခြေအနေလည်းရှိပါတယ် ကျနော့်ညီမ ဒီအမှုကို လိုက်ပေးဖို့ ပြောလာပါတယ် အမှုကလည်း ကိုယ့်ဘက်က အမှား နောက်ပြီး ဆွေမျိုးအရင်းကြီးကိုလည်း အမှုလိုက်ဖို့က မဖြစ်(ဆရာဝန်များတွင်လည်း ထိုသို့ဖြစ်ပါသည် အမျိုးနေမကောင်းပါက ကိုယ်တိုင်ဆေးမကုပါ) ကျနော်လည်း အမျိုးတော်နေသောကြောင့် အမှုအား လိုက်ပါရန် မဖြစ်ကြောင်း ပြောလိုက်ပါတယ် .. သူတို့လည်း မကျေမနပ်နဲ့ ပြန်သွားပါတယ် နောက်ပိုင်းကြားရတာက အမှုပွဲစား
တစ်ယောက်ဆီရောက်သွားတယ်လို့ ကြားရပါတယ် (အဲအမှုပွဲစားက တရားရုံးက မလာရ ဆိုပြီး အမိန့်ထုတ်ခံထားရသူ
ပါ။) သည်အကြောင်းကို ကျနော့်ညီမကို သတိပေးပေမဲ့လည်း ကျနော့်စကား အရာမထင်တော့ပါ။ ဒီလိုနဲ့ အမှုက တရားရုံးရောက်လာပါတယ်။ ရုံးက ခင်တဲ့တရားသူကြီးတွေကိုလည်း ဒီအကြောင်း မပြောပါ။ နောက်ဆုံး ကျနော့်တူ အမှုက လွတ်သွားပါတယ်။ ဟာဒါနဲ့ အံ့သြလွန်းလို့ စုံစမ်းကြည့်တော့ အမှုပွဲစားက တရားရုံးတာ မသွားရတာဗျ တခြားနေရာတွေ ရောက်တယ်လေ။
ဒီတော့ အမှုပွဲစားက ရဲနဲ့ ဥပဒေအရာရှိတင်ညှိပြီး အမှုကို လက်တစ်လုံးခြားလေး လှည့်ပစ်လိုက်တယ်.. သက်သေတွေကို မသိမသာလေး ဖျက်ပစ်လိုက်ပါတယ်... သက်သေခံဥပဒေပါ ပြဌာန်းချက်နဲ့ မညီတဲ့ အချက်တွေကို တရားရုံးကို ဇောင်းပေးတင်ပြပါတယ် ( မျက်မြင်သက်သေကဗျာ..
တရားခံက ရိုက်တယ်လို့ မြင်ပါတယ် ပြောတာကို .. တခြားလူတွေ
ပြောလို့ သိတယ် ဆိုတဲ့ ပုံစံမျိုးလေး ပြောင်းလိုက်တာပါ) တရားသူကြီးကလည်း ဥပဒေနဲ့ မညီတော့ လွှတ်ရတော့တာ ပါပဲ
ဒီမှာတင် တစ်ဖက်နစ်နာသူက တိုင်ပါလေရော ။ တရားသူကြီးခင်မျာ လည်း အချောင် ရှင်းလိုက်ရတယ်.(ပိုက်ဆံလည်း မရဘဲနဲ့) အဲတရားသူကြီးက နောက်မှ ကျနော့်တူ ဆိုတာ သိသွားပြီး အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်. သူလည်းအပြင်က အဖြစ်မှန်ကို သိတဲ့ အကြောင်း... ဒါပေမဲ့ တရားစွဲအဖွဲ့အစည်းတွေက တင်ပြချက်၊ အမှုတွဲမှာပေါ်တဲ့အချက်
တွေကိုဘဲ ဆုံးဖြတ်ရတာ ဖြစ်လို့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ဘဲံဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပြောပြပါတယ်။ သူ့ကို နည်းနည်းပါးပါး
တောင် လာမသိတတ်တဲ့ အကြောင်းလဲ ပြောပါတယ်။ ကျနော် မျက်နာပူပူနဲ့ဘဲ ဟုတ်ကဲ့လို့ ပြန်ပြောလိုက်ရပါတော့တယ်ဗျာ
 
+56 #9 klvnaung 2012-08-22 18:30
ဟယ်....စသုံးလုံးက သိပ်တော်တာပဲ။
သန်းေ=ကြီး မတော်မတရား ယူသွားတဲ့ပစ္စည်းတွေကို စုံစမ်း စစ်ဆေး ဖမ်းဆီးပေးပါလား။
အားလုံးပြန်ရရင် တိုင်းပြည်အတွက် သိပ်..သိပ်...သိပ်ကိုအကျိုးရှိမှာ အသေအချာပါပဲ။
 
+23 #8 Sat Nwe Kyaw 2012-08-22 15:56
အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင်ရောင်းချမှုများ ပြု လုပ်သည်ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ ပြီး
ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန် ကြံစည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း . . .
မန္တလေးမြို့၊မြရည်နန္ဒာ ရပ်ကွက်အတွင်းရှိ လယ်ယာမြေများ၊ မြေလွတ်မြေရိုင်းများတွင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရှင်းလင်းရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြောင်း

????? Law enforcement ???? apply for everyone ????? No one above the law ????

really ??? :-| :-|
 
+32 #7 Mandalaythar 2012-08-22 14:19
Quoting POUT BAW:
-----------------------------------------------------------
ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန် ကြံစည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း . . .
---------------------------------------------------------------------
တရုတ်တွေလိုတရားဝင်နေထိုင်ပြီးကောင်းရောင်းကောင်းဝယ်လုပ်ရင်လဲတော်ပါသေးရဲ့။
အခုဟာကတိုင်းတပါးကလာပြီးဗမာအပြိုစင်ကိုခြေတော်တင်၊ငွေမဲကိုငွေဖြူလုပ်၊မတရားစီးပွားရှာတော့......
ပြင်းပြင်းထန်ထန်အရေးယူပေးပါ။
အရေးထဲဒီတယုတ်ကအမှတ်ဝင်ယူနေပြန်ပြီ။ စိတ်ညစ်ရတဲ့အထဲ။
 
 +66 #6 Mandalaythar 2012-08-22 14:16
မြေကွက်ဝယ်တာကိုများ စစစကခေါ်စစ်ဖို့လိုလို့လား။ ပြီးတော့လှိုင်သာယာ၊ဒလ၊ကျောက်တန်းစတဲ့နေရာတွေပါ။
ဒီ့ထက်မက၀ယ်ထားသူတွေအများကြီးပါ။ ပြီးတော့ဈေးမြင့်တဲ့ပြည်လမ်းလိုမျိုး၊Downtownမြေနဲ့
စက်မှုဇုံမြေ မျိုးတွေဝယ်ထားတဲ့လူတွေကရော?
သူတို့ကိုမှဘာလို့ခေါ်စစ်ရတာလဲ။
အောက်ကcommentများထဲကလို လိုတမျိုး၊မလိုတမျိုးပါလား။
ဒါလားစစ်မှန်သန့်ရှင်းတဲ့ဥပဒေ။ ဥပဒေဆိုတာလူတစ်ဦးတစ်ယောက် ထဲအတွက်မဟုတ်ပါဘူး။
တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံးကိုထိန်းသိမ်းကာကွယ်လွမ်းခြုံ ပေးတဲ့စနစ်ပါ။ ဒါမှစစ်မှန်တဲ့ဥပဒေဖြစ်မှာပါ။
မကြားချင်တာတွေကြားကြားနေရတာစိတ်ညစ်တယ်ဗျာ။
 
+46 #5 chawthu 2012-08-22 13:40
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအကြောင်းလည်း အားလုံး သိတဲ့အတိုင်းပဲဟာ..... ဘယ်တုန်းကများ တရားမျှတစွာ စီရင်နိုင်ခဲ့ကြလို့လဲ.....။ သိပ်တော့ မထူးဆန်းပါဘူးနော့်......။ တာဝန်ယူမှု မရှိတဲ့ အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေကြောင့် လူ့အသက်တစ်ချောင်း မသေသင့်ပဲ သေခဲ့ရတာကိုတော့ အတော်စိတ်မကောင်းဘူး.....။
 
+67 #4 thudokhit 2012-08-22 12:21
ခံလိုက်အုံးပာာ ဂျပန် နိုင်ငံသားရေး၊
မြန်မာလူမျိုးကတော့ ရိုးနေပြီး ခံရတာများလို့၊
လို/မလိုရင်တစ်မျိုး တော်ကြာတစ်မျိုး ပါးစပ်ဥပဒေ နိုင်ငံတော်မှ ကြိုဆိုပါ၏
 
+76 #3 Zawtika 2012-08-22 11:22
၂၀၁၁ ခုနှစ်ရှေ့ပိုင်း ပြည်ပ တွင် ကျွန်ခံ သွားကြသော မြန်မာ များသည်လည်း ၎င်းတို့ ပိုင် နိုင်ငံခြား ငွေများကို တရားမ၀င် လဲလှယ်ရရှိသော မြန်မာကျပ်ငွေများဖြင့် မြေကွက်များကို ၀ယ်ယူခဲ့ကြကြောင်း၊
ထို လုပ်ဆောင် များသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန် ကြံစည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြကြောင်း
ထို သူများကို
- လို လျှင် လို သလို လွှတ်ထားပြီး
- မလိုလျှင် မလို သလို ဖမ်းဆီးထိန်းသိမ်းအရေးယူမည် ဖြစ်ပါကြောင်း ...
 
+88 #2 Zawtika 2012-08-22 11:00
မြန်မာနိုင်ငံ အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာန
မြန်မာနိုင်ငံ ပြည်သူရဲတပ်ဖွဲ့
မြန်မာနိုင်ငံ တရားရေးဌာန တို့ ပူးပေါင်း ဆောင်ရွက်ကြရာ
ဂျပန်နိုင်ငံသား Mr.Namase Motohiko မှာ လူစင်စစ်မှ ငါးသလောက်ပေါင်း ဖြစ်သွားပါကြောင်း....
 
-125 #1 POUT BAW 2012-08-22 10:53
-----------------------------------------------------------
ဂျပန်နိုင်ငံသား၏ ဆောင်ရွက်မှုများသည် မြေကွက်များ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ အယုံအကြည်များ ပျက်ပြားစေသည့်အပြင် အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှုတို့ကို ထိခိုက်စေရန် ကြံစည်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း . . .
---------------------------------------------------------------------
တရုတ်တွေလိုတရားဝင်နေထိုင်ပြီးကောင်းရောင်းကောင်းဝယ်လုပ်ရင်လဲတော်ပါသေးရဲ့။
အခုဟာကတိုင်းတပါးကလာပြီးဗမာအပြိုစင်ကိုခြေတော်တင်၊ငွေမဲကိုငွေဖြူလုပ်၊မတရားစီးပွားရှာတော့......
ပြင်းပြင်းထန်ထန်အရေးယူပေးပါ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။