Monday, April 22, 2013

မြန်မာတယ်လီဖုန်း ကဏ္ဍအတွက် Service Provider ရွေးချယ်မှု အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုများ Conflict of Interests အတွက် ဝေဖန်မှုများ ရှိနေ


မြန်မာတယ်လီဖုန်း ကဏ္ဍအတွက် Service Provider ရွေးချယ်မှု အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုများ Conflict of Interests အတွက် ဝေဖန်မှုများ ရှိနေ 

Created on Sunday, 21 April 2013 21:17

telephone-april21
ပြင်ဦးလွင်မြို့ရှိ Yadanarpon Teleport အဆောက်အအုံကို တွေ့ရစဉ်
မြန်မာနိုင်ငံ တယ်လီဖုန်း ကဏ္ဍအတွက် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း (Service Provider) အတွက် တင်ဒါရွေးချယ်မှုတွင် အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interests) အတွက် ဝေဖန်မှုများ ရှိလာခဲ့သည်။
ဧပြီလ ၁၁ ရက်နေ့က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင်နှစ်ခုအတွက် ပဏာမရွေးချယ်ထားသော ကုမ္ပဏီ ၁၂ ခု၏ အမည်ကို ထုတ်ပြန်ခဲ့သည်။
၁၂ ခုတွင် ကိုးခုမှာ နည်းပညာ မြင့်မားသည့် နိုင်ငံတကာ ကုမ္ပဏီကြီးများက သီးသန့်လျှောက်ထားမှု ဖြစ်ပြီး သုံးခုမှာ မြန်မာကုမ္ပဏီများဖြင့် ချိတ်ဆက်လျှောက်ထားသည့် ကုမ္ပဏီများ ဖြစ်သည်။
ကုမ္ပဏီ ၁၂ ခုထဲသာ လျှောက်ထားခြင်း မဟုတ်ဘဲ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၀၀ ၀န်းကျင် ရှိခဲ့သည့် အထဲမှ ပြန်လည်ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ ကုမ္ပဏီများထဲတွင် ပဏာမ စာရင်းအတွင်း ရွေးချယ်မခံခဲ့ရသည့် ကုမ္ပဏီများ ရှိခဲ့ပြီး အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီအချို့၊ လက်ဝါးကြီးအုပ် ကုမ္ပဏီအချို့၊ ပြည်ပကုမ္ပဏီများထဲတွင်လည်း ထိုသို့သော ကုမ္ပဏီအချို့ ပဏာမစာရင်းတွင် ပါဝင်လာခဲ့ရာ ရွေးချယ်မှုတွင် အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interests) အတွက် ဝေဖန်ကြခြင်း ဖြစ်သည်။
မြန်မာကုမ္ပဏီများ ပါဝင်သည့် ရွေးချယ်ခံရသော ကုမ္ပဏီများမှာ နိုင်ငံပေါင်း ၂၂၀ တွင် မြှုပ်နှံလုပ်ကိုင်နေသည့် MTN ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Amara Communications ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ကုမ္ပဏီ၊ စင်ကာပူ အခြေစိုက် Singtel နှင့် မြန်မာနိုင်ငံမှ ကမ္ဘောဇကုမ္ပဏီ၊ Myanmar Telephone Company Limited တို့ ပူးပေါင်းထားသည့် ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ KDDI၊ Sumitomo ကော်ပိုရေးရှင်းတို့နှင့် မြန်မာနိုင်ငံမှ MICTDC၊ A1 Construction တို့ ပူးပေါင်းထားသည့် ကုမ္ပဏီတို့ ဖြစ်သည်။
ပဏာမ စာရင်းတွင် ပါဝင်သည့် မြန်မာကုမ္ပဏီ အချို့အပေါ် အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interests) ရှိ၊ မရှိ ဝေဖန်ခဲ့ကြသည့် အကြောင်းအချက်များမှာ အစိုးရဖြင့် နီးစပ်ခြင်း၊ ပဏာမ စာရင်းအဆင့်တွင်သာ ရှိပြီး အပြီးသတ်စာရင်း မထုတ်ပြန်သေးသော်လည်း အပြီးသတ်ရွေးချယ် ခံထားရပြီးဖြစ်သည့် ကုမ္ပဏီတစ်ခုကဲ့သို့ ကြော်ငြာနေသည့် အချက်များကြောင့်ဟု ဆိုကြသည်။
Amara Communications ကုမ္ပဏီမှာ ယခင် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။
IGE ကုမ္ပဏီမှာ မြန်မာနိုင်ငံ၏ နိုင်ငံတော် စီမံကိန်းများ လုပ်ကိုင်ခွင့် မကြာခဏ ရရှိသည့် ကုမ္ပဏီဖြစ်ပြီး မကြာသေးမီကပင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
ယင်းအပြင် ဘဏ်လုပ်ငန်း၊ စက်သုံးဆီဆိုင် လုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ငန်းဖြင့် ဆက်စပ်သည့် လုပ်ငန်းများ အပါအ၀င် လုပ်ငန်းပေါင်း များစွာကို လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
လက်ရှိတွင်လည်း ပဏာမ စာရင်း၌သာ ပါရှိသည့် အဆင့်၊ အပြီးသတ် မရွေးချယ်ရသေးသည့် အဆင့်၌ပင် ရှိသော်လည်း Amara Communications ကုမ္ပဏီမှာ ၎င်းတို့ဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် MTN ကုမ္ပဏီအမည်အား သင်္ကြန်ကာလအတွင်း အများပြည်သူကြား လှည့်လည်၍ စတင်မိတ်ဆက်နေသည့် အခြေအနေအထိ ရွေးချယ်ခံရရန် သေချာသည့် အနေအထားမျိုးအား ပြသနေခဲ့ပြီ ဖြစ်သည်။
ပဏာမစာရင်းတွင် ပါဝင်သည့် မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော Myanmar Information and Communication Technology Development Corporation (MICTDC) မှာလည်း KMD၊ ရွှေသံလွင်၊ ရတနာပုံ တယ်လီပို့ကဲ့သို့ အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီများဖြင့် စုဖွဲ့ထားသည့် ကုမ္ပဏီဖြစ်သည်။
ရွှေသံလွင် ကုမ္ပဏီဆိုသည်မှာလည်း အစိုးရသစ် လက်ထက်၌ပင် စက်သုံးဆီ မှောင်ခိုမှု ဖမ်းဆီးရမိခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ စီးကရက်နှင့် ဘီယာစက်ရုံ တည်ထောင်ခွင့်ကိုပါ ရယူနိုင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
ယင်းအပြင် ရွှေသံလွင်ကုမ္ပဏီ လုပ်ငန်းရှင် ဦးကျော်ဝင်းမှာ နိုင်ငံတော် သမ္မတ၏ ခရီးစဉ်များတွင်ပါ လိုက်ပါခွင့် ရရှိသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
သင်္ကြန်ကာလ အတွင်းကလည်း ရွှေသံလွင် ကုမ္ပဏီမှ တည်ထောင်ထားသည့် Sky Net ရုပ်သံလိုင်း၏ ရန်ကုန်မဏ္ဍပ်တွင် စီးကရက် မိတ်ဆက်ခဲ့သလို အများပြည်သူ ကြည့်ရှုနေသည့် ရုပ်သံလိုင်းမှ စီးကရက် မိတ်ဆက်ခြင်းအား ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။
KMD ကုမ္ပဏီမှာ ယခုလက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင် ယခင်က ပိုင်ဆိုင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
KMD ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် အတွင်း၌ပင် ကမ္ဘာကျော် အမှတ်တံဆိပ် Intel အား ပြည်တွင်း၌ ဖြန့်ချိခွင့်၊ ထိုင်ဝမ် (တရုတ်တိုင်ပေ) အခြေစိုက် HTC မိုဘိုင်းဖုန်း၏ တရားဝင် အရောင်းစင်တာနှင့် ဆားဗစ်စင်တာ ဖွင့်လှစ်ခွင့်၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော Mobile & IT Mall အား Mandalay 77 Mobile & IT Mall အမည်ဖြင့် မန္တလေးတွင် ဖွင့်လှစ်ခွင့် စသည်ဖြင့် လုပ်ငန်းပေါင်းများစွာ ထပ်မံတိုးချဲ့နိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
အစိုးရသစ် လက်ထက် ရောက်ရှိသည့် အချိန်၌ပင် KMD ကုမ္ပဏီမှာ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရန် ၀င်ငွေခွန် ကြေညာလွှာ မတင်ဘဲ အခွန်ပေးဆောင်သည့် စာရင်းတွင် မပါဝင်ခဲ့သော ဘဏ္ဍာနှစ်များ ရှိခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

ရတနာပုံ တယ်လီပို့ဆိုလျှင် အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်သည်။
MICTDC တွင်ပါဝင်သည့် ကုမ္ပဏီများ အားလုံးအား ဆိုလိုခြင်း မဟုတ်ကြောင်းနှင့် ကုမ္ပဏီအချို့ကိုသာ ထောက်ပြဝေဖန်ခြင်းဟု ဆိုကြသည်။
နိုင်ငံတော် သမ္မတမှ နိုင်ငံခြား ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် စင်ကာပူနိုင်ငံမှ Sintel ကုမ္ပဏီ ပါဝင်လာမှု အပေါ်၌လည်း ဝေဖန်လျက် ရှိကြောင်း၊ ခရီးစဉ်ဖြင့် သက်ဆိုင်ခြင်း မဟုတ်ဘဲ စင်ကာပူအခြေစိုက်သော် လည်းကောင်း၊ စင်ကာပူမှတစ်ဆင့် ၀င်ရောက်သည့် ရင်းနှီးမြှုပ်နှံမှု အချို့သည်လည်းကောင်း မေးခွန်းထုတ်စရာများ ရှိနေ၍ ဝေဖန်ကြခြင်းဟု ဆိုကြသည်။
ကုမ္ပဏီ ၁၂ ခုတွင် ကုမ္ပဏီနှစ်ခုသာ ရွေးချယ်မည့် တင်ဒါခေါ်ယူမှုအား အပြီးသတ် ရွေးချယ်မည့် အဖွဲ့မှာ အစိုးရသစ် လက်ထက်တွင် စီးကရက်၊ ဘီယာ၊ အရက်စက်ရုံများအား ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဖြစ်ကြောင်း သိရသည်။
ပဏာမ ရွေးချယ်သည့် စာရင်းတွင် လုပ်ငန်းအမှန်တကယ် လုပ်ကိုင်လို၍ လျှောက်ထားသည့် အလယ်အလတ် ကုမ္ပဏီများ စုဖွဲ့ထားသည့် ကုမ္ပဏီအချို့ ပါဝင်လာခြင်းထက် အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီ၊ ရွေးချယ်မှုပင် မပြုရသေးသော်လည်း ရွေးချယ်ခံထားရပြီးသည့် အခြေအနေ အသွင်ဖြင့် အများပြည်သူကြား မိတ်ဆက်နိုင်သည့် ကုမ္ပဏီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ အများပြည်သူ လုပ်ကိုင်ခွင့်ရရန် ခက်ခဲသည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ ပါဝင်နေသည့် အတွက်လည်း ယခုရွေးချယ်မှုအပေါ် အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interests) ရှိနိုင်ကြောင်း ဝေဖန်ကြခြင်း ဖြစ်သည်။

Comments  

 
+8 # blackguy 2013-04-22 16:33
ဖုန်းတွေ ၁၅၀၀ကျပ်နဲ့ချပေးတော့မယ်ဆိုလို့ သန်း(၆၀)မြန်မာပြည်သူတွေအတွက် ၀မ်းသာလို့မှမဆုံးသေး...
အော်..သမတ္တရဲ့စေတနာဆိုတာ ပြည်သူတွေအတွက်လား... EMC ဆိုတဲ့ သမတ္တရဲ့ရဲဘော်ရဲဖက်တွေလုပ်ကိုင်တဲ့ ကြံ့ဖွတ်ထောက်ပံ့ရေး ဦးပိုင်စီးပွားရေး အင်အားကြီးအောင် လုပ်ဖို့အတွက်လား...
သမတ္တဂျီးခင်ဗျာ့.. ကျုပ်တို့ပြည်သူတွေကို အမှန်တကယ် စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်တွဲခေါ်နေတာလား...
ဒါမှမဟုတ် မလိမ့်တပတ်နဲ့ ဒီမိုကရေစီအယောင်ဆောင် စစ်အာဏာရှင်လက်အောက်မှာပဲ ဆက်ထားနေတာလား ဆိုတာကို သတ္တိရှိရှိ ရိုးရိုးသားသား အမှန်အတိုင်းကြေငြာ ပေးပါလား...
ကျုပ်တို့ပြည်သူတွေ ရွှေရည်စိမ်လွတ်လပ်ရေးကို ရခဲ့ဖူးတယ်၊ ခုတခါ အာဏာရူးစစ်အာဏာရှင်ဟောင်းတစုအတွက် ရွှေရည်စိမ်ဒီမိုကရေစီိကို ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့...
သမတ္တဂျီးအနေနဲ့ ပြည်သူတွေယုံကြည်အားကိုးမှုရရှိနေတဲ့အချိန်မှာ လူနဲ့စုအာဏာရူးတွေအတွက်မစဉ်းစားပဲ သန်း(၆၀)ပြည်သူတွေအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သင့်ပြီလို့ထင်ပါတယ်...
ကျုပ်တို့ပြည်သူတွေ တကယ်လိုအပ်နေတာက ဗိုလ်ချုပ်အောင်ဆန်းလို ပြည်သူအကျိုးအတွက် တိုက်ပွဲဝင်ခေါင်းဆောင်ကောင်းဆိုတာကို သမတ္တအနေနဲ့သိရှိပြီး သမိုင်းကောင်းရေးထိုးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်...
 
 
+9 # radar 2013-04-22 16:28
မြန်မာ့သမိုင်းအဆက်ဆက်ကို ပြန်လေ့လာကြည့်တော့ ချောတိုင်တက်နေသလို အထက်ကိုမှန်မှန်မရောက် မင်းကောင်းမင်းမြတ် ခေါင်းဆောင်ကောင်းတွေက တိုင်းပြည်နဲ့လူမျိုးအကျိုး အမျှော်အမြင်ကြီးကြီးနဲ့ တိုးတက်မြင့်မားအောင်လုပ်သွားလို့ အရှိန်ရနေတုန်း သောက်သုံးမကျတဲ့ လူ့ငနွားတွေက အာဏာရယူ အတ္တမာန်မာနတွေနဲ့ ထင်ရာစိုင်း ကိုယ်ကျိုးရှာ ဆင်-ီးခွေးမျှော် ကပ်ဖါးအောက်ဆွဲတွေက ဘယ်သူသေသေ ငတေမာဖို့ အခါတော်ဝိုင်းပေးကြ ကိုယ်ကျိုးရှာကြ အခွင့်အရေးယူကြ
ခေတ်အဆက်ဆက်မှာ အလိုတော်ရိတွေ ရှိခဲ့ကြပါတယ်
အဲဒီ သောက်ကျင့်တွေကြောင့် ယနေ့ ကျွန်တော်တို့ တိုင်းပြည်နဲ့လူမျိုး သူများနောက်က သူများအောက်က ဖြစ်နေကြရတာ
ဘယ်တိုင်းတပါးသားကမှ လာလုပ်တာမဟုတ် အသားထဲကလောက်ထွက် ကိုယ့်အမျိုးကိုယ်ပြန်ဖျက်တွေကြောင့်ဖြစ်၏
မြင့်မြတ်သောသူတို့သည် မိမိကျိုးထက် အများအကျိုးကို ကြည့်ကြလေ၏
တိရိစ္ဆာန်ကဲ့သို့ နိမ့်ကျသူများကား ကိုယ်ကျိုးတစ်ခုတည်းသာ မြင်ကြလေကုန်၏

တိုင်းပြည်ပြန်လည်ထူထောင်ကြဖို့ဆိုရင် စိတ်ထားတွေပြုပြင်ကြဖို့လိုပြီ
မိမိတို့ ကိုယ်ကျိုးအတ္တများ မာန်မာနများ လျှော့ချကြဖို့လို၏
လူ့ကိုယ်ကျင့်သိက္ခါ အကျင့်စာရိတ္တမြင့်မားပါမှ တိုင်းပြည်နှင့်လူမျိုး တိုးတက်ပေလိမ့်မည်
 
 
+10 # thargi 2013-04-22 10:49
what people don't know is that no business person in Burma except cronies has the capital, reach, manpower to do joint venture with foreign counterparts.
It is a headache for international partners. They don't want to do business with cronies, but there is no one else.
MIC should allow 100% foreign investments with some kind of control.
think why cronies are afraid of 100% foreign investments?
 
 
0 # zawkind 2013-04-22 09:44
မင်းတို့သဘောကော ဘယ်သူ့ကို ရွေးမလဲ....
 
 
+19 # yan naing myo 2013-04-22 09:32
"ခေါင်မိုးကမလုံတော့ မိုးဒဏ်ကိုပိုခံနေရတာအမှန်ပဲ"

ဘာမှမဟုတ်ပါဘူး
ပျင်းလို့စိုင်းထီးဆိုင်သီချင်းဆိုကြည့်တာပါ။
 
 
+52 # honeyhtoo 2013-04-22 07:04
ဦးသောင်းတင်ကို နိုင်ငံအတွက် အလုပ်လုပ်ပေးနိုင်မယ်ထင်ထားတာ။ လွဲရောဗျာ.. ကိုင်း ဆရာသမားက ဆက်သွယ်ရေးဒုဝန်ကြီးဆိုတော့ ပြောရအုံးမယ်။ အခုခေတ်ကြီးမှာ နိုင်ငံတိုးတက်ဖို့အတွက် အင်တာနက်ရဲ့ မြန်နှုန်းဟာ နယ်ပယ်အသီးသီးမှာ သေလောက်အောင်အရေးကြီးနေတယ်ဆိုတာကို သိပါရဲ့လား။ နိုင်ငံတစ်ကာဈေးနှုန်းအတိုင်းကောက်ပါတယ်ဆိုပြီး ပြည့်သူ့ပိုက်ဆံကို လိမ်ယူနေတဲ့ ဌာနကြီးအကဲကို တစ်ခုထပ်ပြောပြပါမယ်။ မြန်မာပြည်မှာ အင်တာနက် speed က ၁ mbps ကို ကျပ်ငွေ ၁ သိန်းယူပါတယ်။ နိုင်ငံတစ်ကာဆိုတဲ့ စင်ကာပူမှာလေ ၅၀ mbps ကို စင်ကာပူဒေါ်လာ ၁၆၀ ပဲပေးရပါတယ်။ အဲဒီတော့ အင်တာနက်ပေါ်မှာ စီးပွားရေးလုပ်နေတဲ့ စင်ကာပူက လူတွေရဲ့ အမြန်နှုန်းက ကျွန်တော်တို့ထက် အဆပေါင်း 50 လောက်သာပါတယ်။ဈေးလည်း မြန်မာငွေ ၁ သိန်းခွဲမပြည့်တဲ့ ပမာဏနဲ့ပါ။ ရှက်ဖို့လည်းကောင်းပါတယ်။ စာတွေဖတ်ကြပါ။ exposure ဆိုတဲ့စကားလုံးကို နားလည်အောင်လုပ်ကြပါ။
 
 
+40 # Zawtika 2013-04-22 05:55
Quote:
Conflict of Interests
တဲ့....
နား ရာဇ၀တ် သင့်လိုက်လေကွယ်...
ဘာသာပြန်ရင် အဂတိ လိုက်တာပါဘဲ
အဂတိ ဆိုတာ လာဒ်စားတာ တစ်ခုထဲလောက် သိထားရင်တော့ Conflict of Interests ပိုပီးနက်နဲကျယ်ဝန်းပြည့်စုံတယ် ထင်မှာပေါ့...
Conflict of Interests ရဲ့ Definition ကို List လုပ်ကြည့်ပီး အနှစ်ချုပ်လိုက်ရင် ဗမာစကား နဲ့ အဂတိ တစ်လုံးဘဲ ထွက်ပါတယ်။
တစ်ခုရှိတာက ဗမာ အရာရှိကြီးတွေ အဂတိ လိုက်နေတုံးပါဘဲ လို့ရေး ရင် ၀ိပါတ် မလွတ်မှာစိုးလို့ Conflict of Interests ရှိပါတယ်လို့ ၀ိနည်းရှောင် ရေးတာ ဆိုရင်တော့ ပါးလှပ်လှပါပေရဲ့လို့ ရင်ဘတ်စည်တီး ခြိမ်းမွမ်း ရတော့မှာပေါ့နော်...
ဗမာ အရာရှိကြီးတွေ အဂတိလိုက်နေတုံးပါဘဲ ဆိုတာကို သတင်းလုပ်ရေးရင်တော့ သတင်းမဟုတ်တာကို သတင်းလုပ်ရေးတယ်လို့ဘဲ ပြောချင်ပါတယ်....
 
 
+73 # Change 2013-04-21 21:53
နောက်အစိုးရတက်လာရင် ဘာမှလုပ်စရာမလိုအောင်....
လက်ရှိအစိုးရက အားလုံးရသလောက် လုပ်ပေးသွားမှာပါ.....

မီးလာတုန်း ရေတင် တဲ့.....

၂၀၁၅ အမှီတော့အားလုံးရသလောက်ယူထားကြ.....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။