Google အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်ရှာဖွေရေး စနစ်နှင့် အသုံးချဆော့ဖ်ဝဲများ တိုးတက်ကောင်းမွန်ရေးအတွက် ဦးစားပေးလုပ်ဆောင်မည်၊ အစိုးရအနေဖြင့် အင်တာနက်ကို ထိန်းချုပ်ခြင်းမပြုရန် google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်တိုက်တွန်း
- Created on Friday, 22 March 2013 16:20
အဲရစ်ရှမစ်နှင့်ဆွေးနွေးနေပုံ
Google အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက် ရှာဖွေရေးစနစ်နှင့် အသုံးချဆော့ဖ်ဝဲလ်များ တိုးတက်ကောင်းမွန်ရေးတို့ အတွက် ဦးစားပေးလုပ်ဆောင်မည် ဖြစ်ကြောင်း Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်၏ ပြောကြားချက်အရ သိရှိရသည်။ ထို့အပြင် အစိုးရအနေဖြင့်လည်း အင်တာနက်ကို ထိန်းချုပ်ခြင်း မပြုရန်နှင့် မြန်မာနိုင်ငံတွင် ခိုင်မာတောင့်တင်းသော နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်လာစေရန် အင်တာနက်က လမ်းဖွင့်ပေးနိုင်မည် ဖြစ်ကြောင်း ၄င်းက MICT Park တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။
Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်နှင့် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နေ့(ယနေ့) နံနက်ပိုင်းက MICTDC ရှိ Conference Hall တွင် ကျင်းပပြီး အခြားနယ်ပယ်အသီးသီးမှ စိတ်ပါဝင်စား သူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“လူငယ်တွေနဲ့ နည်းပညာ ပေါင်းစပ်လိုက်ရင် တိုင်းပြည်ကြီးပွား တိုးတက်လာမှာ အမှန်ပါပဲ။ ကလေးငယ်တွေက အင်တာနက် အသုံးပြုပုံကို သူတို့ရဲ့ အဖိုးအဖွားတွေကို သူတို့ရဲ့အသံသေးသေးလေးတွေနဲ့ ပြန်သင်ပေးနေတဲ့ မြင်ကွင်းမျိုးတွေ မြင်တွေ့ရတာက အားတက်စရာ ကောင်းပါတယ်။ အစိုးရအနေနဲ့ အင်တာနက်ကို မထိန်းချုပ်ဘူးဆိုရင် ပိုကောင်းလာနိုင်ပါတယ်။ အစိုးရဆိုတာ သူတို့ကိုချီးမွမ်းတာ၊ အကောင်းပြောတာကိုပဲ ကြားချင်ကြပြီး အင်တာနက်ထဲမှာ သူတို့မကောင်းကြောင်းတွေ ပါလာရင် မကြိုက်ချင်ကြဘူး။ မြန်မာနိုင်ငံမှာ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖြစ်ပေါ်လာဖို့အတွက် အင်တာနက်က လမ်းဖွင့်ပေးနိုင်တယ်” ဟု အဲရစ်ရှမစ်က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ခန်းမအပြင်ဘက် မြက်ခင်းပြင်တွင် ပရိုဂျက်တာဖြင့်ပြသနေပုံ
“Google အနေနဲ့ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ဆောင်သွားမှာက Search Engine ပိုကောင်းလာဖို့၊ အသုံးချဆော့ဖ်ဝဲတွေ ပိုအသုံးပြုလာနိုင်ဖို့၊ ဘာသာပြန်စနစ် ပိုတိုးတက် ကောင်းမွန်လာဖို့နဲ့ မြေပုံစနစ်တွေပိုပြီး တိုးတက်ကောင်းမွန်လာဖို့ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Google အနေနဲ့ ဒီနိုင်ငံအတွက် အရင်တုန်းက လုပ်ပေးနိုင်ခဲ့တာက သတင်းအချက်အလက်တွေကို ရှာဖွေပေး ရုံလောက်ပဲ လုပ်ပေးနိုင်ခဲ့တယ်။ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေ အရ ဒီနိုင်ငံမှာ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းပဲ အင်တာနက်ကို သုံးစွဲနိုင်ပြီး မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုကလည်း ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိတာကို တွေ့ရပါတယ်။ ဒီလိုမျိုးဖြစ်ရတာက ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ကောင်းကောင်းမရှိတာ၊ အင်တာနက် ချိတ်ဆက် အသုံးပြုခတွေ မြင့်မားတာကြောင့် ဖြစ်နိုင်ပါတယ်။ အစိုးရအနေနဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံ ဆောက်လုပ်တာတွေကို ပုဂ္ဂလိကဆီ ပိုမို ခွင့်ပြုပေးဖို့ လိုအပ်ပါတယ်။ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ဆက်သွယ်ရေး ကုမ္ပဏီတွေက ဒီနိုင်ငံမှာ အကျိုးအမြတ် အများဆုံး လုပ်ငန်းတွေ ဖြစ်လာပါလိမ့်မယ်။ အစိုးရ အနေနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကို ကူညီဖို့လိုပါတယ်။ ဆက်သွယ်ရေး ကဏ္ဍမှာ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိက ဘဏ်စနစ်တွေ ဖွံ့ဖြိုးတိုးတက်လာမှ ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ကအဲရစ်ရှမစ်အား အမှတ်တရ လက်ဆောင်ပေးအပ်နေပုံ
မြို့ပြမှာသာမကပဲ တစ်နိုင်ငံလုံးက လူကြီးလူငယ်တွေ အနေနဲ့ အင်တာနက်ကို အသုံးပြုပြီး အသိပညာ ဗဟုသုတတွေရှာ ဖွေဆည်းပူးနိုင်ဖို့ ကူညီသွားမှာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ လေ့လာနိုင်စရာ အများစုက အင်္ဂလိပ်ဘာသာစကားနဲ့ ဖြစ်နေပြီး မြန်မာဘာသာနဲ့ လေ့လာနိုင်တာတွေက နည်းပါးနေသေးတယ်” ဟု Google ၏အမှုဆောင် ဥက္ကဋ္ဌဖြစ်သူ အဲရစ်ရှမစ်က ဆက်လက် ပြောကြားခဲ့သည်။
အဲရစ်ရှမစ်သည် ၂၀၁၃၊ ဇန်န၀ါရီလအတွင်းက မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သေးကြောင်းလည်း သိရသည်။
Google သည် အင်တာနက် ရှာဖွေရေး အင်ဂျင်အဖြစ် သာမက Gmail, Google+ စသည့် အခြားဝန်ဆောင်မှုများနှင့် Google Nexus စသည့် ထုတ်ကုန်များပါ ကျော်ကြားမှု ရှိနေပြီး ယင်းဝန်ဆောင်မှုများကို ပြည်တွင်း၌ သုံးစွဲမှုများစွာ ရှိနေကြောင်း သိရသည်။
အဲရစ်ရှမစ်နှင့်အတူ ကွန်ပျူတာအသင်းမှတာဝန်ရှိသူများ၊ စွန့်ဦးတီထွင်လူငယ်များစုပေါင်း ဓာတ်ပုံတွဲရိုက်ကြစဉ်
Google Company ကို ၁၉၉၈ ခုနှစ်တွင် Larry Page နှင့် Sergey Brin တို့က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Larry Page က စီအီးအို အဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ အဲရစ်ရှမစ် အနေဖြင့် Google တွင် စီအီးအိုအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် Larry Page က စီအီးအိုအဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ခဲ့သည်။
Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလို မတ်လ ၂၁ ရက်နေ့၌ Google ၀က်ဘ်ဆိုက်ကို www.google.com.mm ဟူသော မြန်မာနိုင်ငံ ကိုယ်စားပြု ဒိုမိန်းဖြင့် စတင်အသုံးပြုလာ နိုင်ကြောင်း သိရသည်။
No comments:
Post a Comment