Friday, March 22, 2013

လုံခြုံရေးတင်းကြပ်ရန် အဘက်ဘက်မှ တိုက်တွန်းကြသော်လည်း မိတ္ထီလာ အရေးပေါ်ကြေညာချက်မှာ စစ်အုပ်ချုပ်ရေး မဟုတ်သေးကြောင်း သမ္မတရုံး ရှင်းလင်း


လုံခြုံရေးတင်းကြပ်ရန် အဘက်ဘက်မှ တိုက်တွန်းကြသော်လည်း မိတ္ထီလာ အရေးပေါ်ကြေညာချက်မှာ စစ်အုပ်ချုပ်ရေး မဟုတ်သေးကြောင်း သမ္မတရုံး ရှင်းလင်း



မိထ္တီလာခရိုင်တွင် အရေးပေါ်အခြေအနေကြေညာခြင်းမှာ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။
 မိတ္ထီလာခရိုင်အား အရေးပေါ်အခြေအနေ ကြေညာရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေ ညာခြင်း ဖြစ်ပါသည်။
ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်၊ စာပိုဒ်(၃) တွင် ဖော်ပြထားသည်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)
ပါပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။" ဟူ၍ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)မှာ လိုအပ်လျှင် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ခြင်းအတွက် ပြဌာန်းထားခြင်း ဖြစ်ပါသည်။
ယင်းပြဌာန်းချက်ပါ အခွင့်အာဏာကို ရယူကျင့်သုံးခြင်း မရှိသေးပါ။

ယခု နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်သည့် အမိန့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)   ပါပြဌာန်းချက်အရ အပ်နှင်းထားသည့်
အခွင့်အာဏာကို ရယူခြင်းသာ ဖြစ်၍ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း သိစေအပ်ပါသည်။ အရေးပေါ်အခြေအနေ အဆင့်(၂)ဆင့်ရှိသည့်အနက်
စစ်အုပ်ချုပ်ရေးမဟုတ်သော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
အချုပ်အားဖြင့် ယခုထုတ်ပြန်သည့်အမိန့်မှာ "စစ်အုပ်ချုပ်ရေးအမိန့် Military Administrative Order ပါဝင်ခြင်း မရှိသော မိတ္ထီလာခရိုင်အား
"State of Emergency ကြေညာခြင်း"သာ ဖြစ်ကြောင်း ရှင်းလင်းအပ်ပါသည်။
(မှတ်ချက်။ စစ်အုပ်ချုပ်ရေး ဖြစ်သွားပြီ ဟူ၍ နားလည်မှု လွဲမှားနေသူအချို့ ရှိနေခြင်းကြောင့် သိရှိစေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။)
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၄၁၃ တွင် အောက်ပါအတိုင်းဖော်ပြထားသည်။
ပုဒ်မ ၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် -
(က)      အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက
တည်ဆဲဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။
(ခ)      နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်
တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း (သို့မဟုတ်)
သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီးအောက်ပါအတိုင်းပြောကြားသည်။

လက်ရှိအချိန်တွင် မိထ္တီလာမှ ရရှိသော မြေပြင်သတင်းများမှာ အမျိုးမျိုး ကွဲပြားနေသောကြောင့် ကြုံတွေ့နေရသည့် အခြေအနေပေါ်မူတည် ၍ နိုင်ငံတော် သမ္မတရုံးက အရေးပေါ်အခြေအနေထုတ်ပြန်
ကြေညာခဲ့ရကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
“ပဋိပက္ခတွေကအခုချိန်ထိ ကွက်ကျားလေးတွေဖြစ်နေတယ်။ တချို့ကလည်း လုံထိန်းတွေက ထင်သလောက်မလုပ်ဘူးပြောတယ်။ တချို့နေရာမှာလည်း စစ်တပ်က အလွန်အကျွံလုပ်နေတယ်ပြောတယ်။ သတင်းတွေက တစ်ယောက် တစ်ပေါက်ဖြစ်နေလို့ဒီအမိန့်ကိုထုတ်ရတာပါ။ဘယ်အချိန်ပြန်ရုတ်သိမ်းမလဲဆိုတာတော့ မသိရသေးပါဘူး။”ဟုပြောကြားသည်။
မြို့၏ပဋိပက္ခအတွင်းပိတ်မိနေသောသတင်းထောက်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ထွက်ခွာရန်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ပဋိပက္ခမှ သေဆုံး ဒဏ်ရာရ စာရင်းကို ယနေ့ည ရုပ်မြင်သံကြား သတင်းများတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

 
.. www.MyanmarExpress.net
 
ဘကြီးသက်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။