Thursday, March 28, 2013

ဒီမိုကရေစီကို ဖျက်ဆီးမည့် သူများ၊ အကြမ်းဖက်သမားများ အတွက် နေရာမရှိ၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးသည့် လုပ်ရပ် မှန်သမျှ လုံးဝ လက်သင့်ခံမည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြား


ဒီမိုကရေစီကို ဖျက်ဆီးမည့် သူများ၊ အကြမ်းဖက်သမားများ အတွက် နေရာမရှိ၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးသည့် လုပ်ရပ် မှန်သမျှ လုံးဝ လက်သင့်ခံမည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ညွှန်ကြား

AddThis Social Bookmark Button
w1-28-3-1
(ဓါတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
မိတ္ထီလာ ပဋိပက္ခအပါအ၀င် လက်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာသော အခြေအနေများနှင့် ပတ်သက်၍ မတ်လ ၂၈ ရက် ညနေ ၆နာရီတွင် နိုင်ငံတော် သမ္မတက အစိုးရ၏သဘောထားရပ်တည်ချက်ကို နိုင်ငံပိုင် မီဒီများမှတစ်ဆင့် ပြည်သူလူထုသို့ ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ပြဿနာများကို အင်အားသုံး၍ မဖြေရှင်းခြင်းနှင့် ပတ်သက်ပြီး ၎င်း၏သဘောထားကို ပြောကြားခဲ့ကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ထိပါးသည့် လုပ်ရပ်မှန်သမျှအား လုံးဝ လက်သင့်ခံမည် မဟုတ်ဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြရန် ညွှန်ကြားချက်အား ထည့်သွင်းပြောကြားခဲ့သည်။
"ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်"ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အစိုးရအနေနဲ့ အင်အားသုံး ဖြေရှင်းကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခု ကာလတိုအတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့နိုင်ငံသား တဦးချင်းစီရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊
အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊
သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်း မေတ္တာရပ်ခံပါတယ်"ဟု သမ္မတက ပြောကြားခဲ့ပါသည်။


ထို့အပြင် မတူညီသည့် ဘာသာတရားများအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်ခြင်း၊ ကိုယ်ကျိုးစီးပွားနှင့် ယှဉ်သည့် နိုင်ငံရေး၊စီးပွားရေး၊ အမြတ်ထုတ်လုပ်ဆောင်မှုများကို ပပျောက်အောင် တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
"ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွတ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေးအနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားလိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောပါသည်။
မိတ္ထီလာဖြစ်စဉ်အပေါ် ဖြေရှင်းရာ၌ အရပ်ဖက် လူ့အဖွဲ့အစည်းများ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုအပြင် မီဒီယာများ၏ ပိုမိုတာဝန်သိသိ တာဝန်ရှိရှိ သတင်းဖော်ပြမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဘုန်းတော်ကြီးများအပါအ၀င် လုံခြုံရေးအဖွဲ့အစည်းများနှင့် တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း ထည့်သွင်း ပြောကြားခဲ့ပြီး သွေးထိုးလှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ အခြားမြို့ကြီးများသို့ ကူးစက်မည့် အန္တရာယ်အပေါ် ၀ိုင်းဝန်းကာကွယ်နေသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ သမ္မတက "ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။
ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။"ဟု ပြောကြားခဲ့သည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အပြီး ပဲခူးတိုင်းဒေသကြီး အနောက်ဖက်ခြမ်းဒေသများတွင် ဆူပူအကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အရေးယူ ကိုင်တွယ်မှု အားနည်း ခြင်းများအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မက ပြည်သူလူထုသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြည်သူလူထုသို့ ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
မိတ္ထီလာအရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့ စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထု တရပ်လုံးကိုလိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။
ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။
ဒီလိုပဋိပက္ခတွေ၊ အခက်အခဲအကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မဖြစ်မနေကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာ ဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံးသတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင် ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေ ကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။
ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။
ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။
မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲကွဲပြားတဲ့ အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေးပြန်ကြားသွားမှာ ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်း အစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

Comments  

 
+9 # myatminchit 2013-03-29 08:38
ပြည်သူအများစုဟာ အေးအေးချမ်းချမ်းနဲ့ နေချင်ကြပါတယ်။ အခုဖြစ်နေတာတွေက ဆူပူမငြိမ်သက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်ပြီး အဖျက်လုပ်ရပ်တွေကို ဆက်တိုက် ကျူးလွန်နေတဲ့ လူတစ်စုကြောင့်ပါ။ ဒီလူတွေက ဘယ်သူတွေလဲ။ ရအောင် ဖော်ထုတ်ဖို့လိုပါတယ်။ မင်္ဂလာတောင်ညွှန့်မှာ ညဘက် ကားနှစ်စီးနဲ့ လိုက်အော်ပြီးတော့ ဆူပူအောင်လှုံ့ဆော်တာ။ မြိတ်မှာ ဆိုင်ကယ်ပေါ်က အော်သွားတာ၊ ကလေးမှာ ဆိုင်ကယ်ပေါ်ကနေ (နေ့ခင်းကြောင်တောင်ကြီးနော်)။
အော်သွားတာ၊ (လူတွေ အထိတ်တလန့်ဖြစ်ကြတာ)ဒီလူတွေကို ဘာလို့ မဖမ်းနိုင်လဲ။ သူတို့တွေကြောင့်ဖြစ်နေတာ။
ပြည်သူတွေဘက်ကလည်း ကောလဟာလ တွေကို မယုံကြည်ကြဖို့။ အမုန်းတရားတွေ၊ အစွန်းရောက်တဲ့ အတွေးတွေ မတွေးကြဖို့။ အကြမ်းဖက်တဲ့လူတစ်စုနောက်ကနေ ဘုမသိ ဘမသိ လိုက်ပါပြီး မလုပ်ကြဖို့ ၊ ပြည်သူတွှေအားလုံး အေးအေး ချမ်းချမ်း၊ အပူအပင်ကင်းကင်းနဲ့ ကိုယ့်စီးပွားရေးကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။
 
 +17 # Zawtika 2013-03-29 05:41
လောလောဆယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေပေါ်မှာ ဝေဖန်နေတာ တော်တော် ကြားနေရပါတယ်.... မျက်မြင်အားဖြင့်လဲ မြင်သာတဲ့ကိစ္စဖြစ်ပါတယ်
ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေပေါ်မှာ အဲသလို တစ်ဖက်သတ် အပြစ်တင်နေတာ မပြေးသော် ကန်ရာရှိ လို့ ပြောရမှာကလွဲရင် အလုံးစုံ မမှန်ကန်ပါဘူး...
တကယ်တန်းကြတော့ အကြမ်းဖက်သူတွေကို ပစ်ခတ်နှိမ်နင်းရမဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကွေးလိုက်ရမဲ့ လက်ညှိးတွေ ရိုက်နှက်ဖြိုခွဲရမဲ့ နံပါတ်တုတ်တွေကို ကိုင်စွဲမဲ့ လက်မောင်း လက်ဖျံတွေ ဟာ ဥပဒေရဲ့အထိန်းအချုပ် နဲ့ အကာအကွယ် လိုအပ်ပါတယ်...
ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့တွေ တုန့်ပြန်ဆောင်ရွက်မှုအားနဲတယ် ပစ်စရာရှိတာ ပစ်မှပေါ့လို့ ဆိုနေသူများ
လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းလို့ ဒဏ်ရာကြီး ဒဏ်ရာသေးတွေ နဲ့ ဆေးရုံပေါ်ကို ရောက်လာပီးမှ နတ်သံနှော မျက်ရည်ခံထိုးလုပ်လာတဲ့အခါကြမှ ပစ်ရပါ့မလား ခတ်ရပါ့မလား
လူမဆန်လိုက်တာလို့ မပြောပါဘူးလို့ ကိုယ့်ကိုယ်ကို တာဝန်ခံနိုင်ပါသလား...
ပီးတော့ စစ်တပ် ရဲ နဲ့ အရပ်သား အကွဲအပြဲ -စစ်ဖက်အုပ်ချုပ်ရေးယန္တယား နဲ့ အရပ်ဖက်အုပ်ချုပ်ရေးယန္တယား ရဲ့ အားပြိုင်မာန်ဖီမှုတွေဟာ ဖြစ်နေ ဖြစ်ခဲ့တာတွေရဲ့ အရင်းခံတွေပါ...
ဘက်ပေါင်းစုံကို မကြည့်ဘဲ တစ်ဖက်ထဲ စောင်းပေးကြည့်ရင် ဦးတည်ချက်ပျောက်ပီး လမ်းလွဲပါလိမ့်မယ်...
ဗမာပြေအရဲ့ လက်ဝဲယိမ်း အာဏာရှင် ရှေးရိုးစွဲတွေ အနေနဲ့ မိမိတို့ရဲ့ သြဇာအာဏာအရိုက်အရာ တည်တန့် အဓွန့်ရှည်အောင် ကြံစည်လုပ်ဆောင်ခွင့်ရှိသလို
လက်ယာယိမ်း ဒီမိုကရက်တစ်လှုပ်ရှားသူတွေအနေနဲ့လဲ ခေတ်ဟောင်းခေတ်ဆွေးကို တော်လှန်ပြောင်းလဲတိုးတက်ဖို့ ရုန်းကန်လှုပ်ရှားတာလဲ ကြိုဆိုရမဲ့ ကိစ္စပါဘဲ....
ဗိုလ်နေမြဲ ကျားနေမြဲနေလိုသူတွေ နဲ့ ပြောင်းလဲတိုးတက် လိုသူတွေရဲ့ ကြားမှာရှိတဲ့ ၀ိရောဓိ ကဲ့ရဲ့ရှုတ်ချခြင်း မပြုလိုပေမဲ့
ရုတ်ပျက်ဆင်းပျက် ဖြစ်နေတာတွေ
တသက်လုံး လာသမျှ လူတွေကို ပြုံးပြနေတတ်တဲ့ လူတွေဘ၀ကနေ
ရိုက်ဟယ် နှက်ဟယ် ရှို့ဟယ် သတ်ဟယ် လုပ်တဲ့လူတွေ ဖြစ်လာရတာတွေ ကတော့
အထူးဝမ်းနဲစရာကောင်းလှကြောင်းပါဗျား...
 
 
-5 # thargi 2013-03-29 04:17
yan naing myo 2013-03-28 22:34
Now that U Thein Sein has already talked the talk, please show us you can walk the walk too.

I agree with you. He is just a clown, who has no power, just talk only.

can't stop kachin war, can't stop latpadaung, can't stop meikhtila.
 
 
+4 # yan naing myo 2013-03-28 22:34
Now that U Thein Sein has already talked the talk, please show us you can walk the walk too.
 
 
+56 # Change 2013-03-28 21:09
သမ္မတမိန့်ခွန်းကိုလှိုက်လှဲစွာကြိုဆိုပါတယ်.....

လတ်တလောဖြစ်နေတဲ့ဖြစ်စဉ်တွေကြောင့်
အစိုးရအဖွဲ့အစည်းအပေါ်၊လက်ရှိအာဏာရပါတီဝင်တွေအပေါ်ပြည်သူတွေကဘယ်လိုမြင်နေတယ်၊
ဘယ်လိုသံသယ ရှိနေတယ်ဆိုတာကိုလည်းနားစိုက်စေချင်ပါတယ်။
သံသယ ရှိလောက်အောင်လည်းဖြစ်ခဲ့ပါတယ်။

နေ့ခင်းကြောင်တောင်မှာ လူရမ်းကားတွေလှုပ်ရှားလို့ ဖျက်စီးလို့ရနေုတဲ့အခြေအနေဟာ
တရားဥပဒေစိုးမိုးမှုမရှိတာကိုပြနေသလို၊ ဘာလို့ဒီလိုသူတို့လုပ်နေနိုင်တာလည်းဆိုတဲ့ သံသယကဝင်လာပါတယ်။

လူရမ်းကားများမဟုတ်တဲ့ သာမန်ပြည်သူတွေကတော့ တရားဥပဒေကိုလေးစားလိုက်နာရုံပဲလုပ်နိုင်ပါတယ်။
တရားဥပဒေစိုးမိုးမှုရှိဖို့အစီအမံများကိုတော့ လက်ရှိတိုင်းပြည်အစိုးရကသာစွမ်းဆောင်ပေးနိုင်တာမို့
ပြတ်ပြတ်သားသားဆောင်ရွက်ပေးပါလို့တောင်းဆိုချင်ပါတယ်.....
နောက်ကွယ်ကကြိုးကိုင်သူများကို ကျောသားရင်သားမခွဲခြားပဲ ဖော်ထုတ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်.....

ကျွန်တော်တို့ နားကကြားတာနှင့် မျက်စိကအမြင်တွေတစ်ထပ်တည်း ကျချင်ကြပြီး၊
ညဆိုရင်လည်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချင်ကြကြောင်း သမ္မတကြီးသိစေအပ်ပါသည်။

လေးစားစွာဖြင့်.....
 
 
+72 # Snipher 2013-03-28 19:14
သမ္မတမိန့်ခွန်းပြောပြီး နောက်ပိုင်းမှာ အာဏာပိုင်တွေ ဘယ့်လို့ ဆက်လက်ကိုင်တွယ် မလဲဆိုတာ စောင့်ကြည့်ရ ပါဦးမယ်။ ဒီလုပ်ရပ် ဆိုးတွေကြောင့် တိုင်းပြည်မှာ ဂဠာန် ဦးစောလို့ အစွန်းရောက်တွေ များလာလျှင် တိုင်းပြည်ရေစုံမျော ရလိမ့်မယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။