Tuesday, December 11, 2012

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ


လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ   PDF Print
Wednesday, 12 December 2012 10:57
AddThis Social Bookmark Button
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးထားသည်ဟု သတင်းရရှိသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တည်နေရာပြ အကြောင်းအရာများဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့/ကျေးလက်၊ စာရင်းကောက်ကွက်အမှတ်၊ အိမ်ထောင်စုအမှတ် စသည်တို့ မေးမြန်းသွားမည်ဖြစ်ပြီး အခြေခံလူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြောင်းရွှေ့သွားလာမှုဆိုင်ရာ အချက်အလက်များ၊ ပညာရေးဆိုင်ရာ အချက်အလက်များ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်း အကြောင်းအရာ၊ သေဆုံးခြင်း အကြောင်းအရာများကိုလည်း မေးမြန်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများ၊ နိုင်ငံခြားရောက် အိမ်ထောင်စု စာရင်းဝင်များကိုလည်း မေးမြန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများ ထည့်သွင်းကောက်ခံမှုနှင့် ပတ်သက်၍ “၂၀၁၄ မှာကောက်ယူမယ့် သန်းခေါင်စာရင်းမှာ အကြမ်းဖျင်း အခုလုပ်ထားတာ မေးခွန်း ၄၁ ခု ရှိတယ်။ အဲဒီထဲမှာ အိမ်ထောင်စုရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာက မေးခွန်းခုနစ်ခုလောက် ပါပါတယ်။ အဲဒီထဲမှာအိမ်ပိုင်ဆိုင်မှု အခြေအနေကို မေးထားပါတယ်။ ကိုယ်ပိုင်အိမ်လား၊ အိမ်ငှားလား စသဖြင့်ပေါ့။ နောက်တစ်ခုက အိမ်ထောင်စုမှာ ဘယ်လိုအိမ်သာတွေ အသုံးပြုသလဲ။ အိမ်ကို အမိုး၊ အကာ၊ အခင်း ဘာတွေသုံးထားလဲ။ နောက်တစ်ခုက အိမ်ထောင်စုမှာ ရေဒီယို၊ ရုပ်မြင်သံကြား၊ ကြိုးဖုန်း၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာရှိ မရှိ၊ အိမ်မှာ အင်တာနက် တပ်ဆင်ထားခြင်း ရှိမရှိ၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ ကနူးလှေ၊ လှည်း ရှိ မရှိ စသဖြင့် မေးထားတာ ရှိပါတယ်။ ဒါတွေက သူတို့ရဲ့ လူနေမှု အဆင့်အတန်းတွေ၊ ဆက်သွယ်ရေး အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး သိချင်လို့ မေးတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “သန်းခေါင်စာရင်း ကိန်းဂဏန်းတွေ တိကျမှုရှိခြင်းဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ စီမံကိန်းတွေ ဆောင်ရွက်ရာမှာ တိကျတဲ့ သန်းခေါင်စာရင်း ရှိမှသာ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မှာပါ။ ဒီအပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်ရဲ့ စီမံကိန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာပါ။ အခုလို သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ပါတယ်။ သန်းခေါင်စာရင်း ကောက်တယ်ဆိုတာ အခွန်ကောက်ဖို့တို့၊ ဘာတို့အတွက် မဟုတ်ပါဘူး။ အခုစမ်းသပ်ကောက်ခံမှုမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အတွေ့အကြုံတွေကို အသုံးချပြီး လာမယ့် ၂၀၁၄ မှာပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်တဲ့အခါ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ဒီလိုသန်းခေါင်စာရင်းတွေ ကောက်ခံဖို့အတွက် နိုင်ငံခြားသား ပညာရှင်တွေ အပြင်နိုင်ငံသား ပညာရှင်တွေရော အရင်က ကောက်ယူမှု ပြုလုပ်ခဲ့တဲ့ စာရွက်စာတမ်းတွေကိုပါ ကိုးကားပြီး လုပ်ဆောင်ထားတာ ဖြစ်ပါတယ်” ဟု အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနရုံးတွင် ပြုလုပ်သော စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ မြန်မာဘုရင်များ လက်ထက်က သန်းခေါင်စာရင်း ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်မှစ၍ ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု မပြုလုပ်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်းဝန်း ကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFDA က အမေရိကန်ဒေါ်လာ ငါးသန်းကူညီမည် ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံးအနှံ့ တစ်ပြိုင်နက်တည်း ကောက်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ အထောက်အကူ ဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် မြို့နယ် ၂၀ တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 
Comments 
-1 #5 Mr.talkative11 2012-12-12 13:22
ဟုတ်ပ၊ ဟုတ်ပ။ ကျုပ်တို့လဲ လူဂျီးတွေ၊ ဝံဂျီးတွေ ရဲ့ အိမ်ထောင်စုမှာ ရေဒီယို၊ ရုပ်မြင်သံကြား၊ ကြိုးဖုန်း၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာရှိ မရှိ၊ အိမ်မှာ အင်တာနက် တပ်ဆင်ထားခြင်း ရှိမရှိ၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ ကနူးလှေ၊ လှည်း ရှိ မရှိ စသဖြင့် သိချင်ပါတယ် အခွန်ကောက်ဖို့တို့၊ ဘာတို့အတွက် မဟုတ်ပါဘူး။ သူတို့ရဲ့ လူနေမှု အဆင့်အတန်းတွေ၊ ဆက်သွယ်ရေး အသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး သိချင်လို့ မေးတာဖြစ်ပါတယ်။ (ပြန်လည်ကူးချထားခြင်းသာ) :lol: :lol: :lol:
 
 +2 #4 jungleman 2012-12-12 12:52
မွေးလာကတည်းက ဘာမှပါမလာပါဘူးခင်ဗျာ။ သေရင်လည်း အကျီတထည်၊ ပုဆိုးတကွင်းဘဲပါတာမို့ ကျွန်တော့တွင် ဘာမှမပိုင်ဆိုင်ကြောင်းပါခင်ဗျား။ :lol:
 
+13 #3 Zawtika 2012-12-12 12:28
Quote:
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း
ဖင်မနိုင်ဂေါင်းမနိုင် နဲ့ သူများကို မကောက်ခင် ကိုယ့်လူ ကိုယ်ဘဲ စာရင်းအမှန် ရအောင် ကောက်ပါအုံး ကိုယ်တော်တို့......
 
+5 #2 Naung2Naung 2012-12-12 12:20
ဝန်ကြီး ဦးခင်ရီခင်ဗျာ...... ပိုင်ဆိုင်မူတော့မရှိပါဘူး ...အကြွေးတွေတော့ အများကြီးရှိပါတယ်....အဲတာကော ဖော်ပြကောက်ယူမှာလားခင်ဗျာ? (ဒီအစီအစဉ်က မျက်မြင်ပိုင်ဆိုင်မူ့ကိုတော့ မှတ်တမ်းတင်နိုင်ပါလိမ့်မယ်)
 
+10 #1 kinglakeshore 2012-12-12 11:24
Quote:
ကိုယ်ပိုင်အိမ်လား၊ အိမ်ငှားလား စသဖြင့်ပေါ့။ နောက်တစ်ခုက အိမ်ထောင်စုမှာ ဘယ်လိုအိမ်သာတွေ အသုံးပြုသလဲ။
တစ်ကြိမ် အသုံးပြုလျှင် အစိတ်သားခန့် လက်ခံနိုင်သော စနစ်ကိုသုံးပါသည်….. :oops:
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။