Tuesday, December 11, 2012

“ရှက်စရာကြီး”


“ရှက်စရာကြီး” 

by Soe Min on Monday, December 10, 2012
          တလွဲဆံပင်ကောင်း နောက်စေ့ခေါင်းပေါင်းပေါင်း ဆိုတဲ့ မြန်မာတွေထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါပါတယ်။ ရှက်ရမယ့်ကိစ္စတွေမှာ ရှက်ရကောင်းမှန်း မသိပဲ မရှက်ရမယ့်နေရာတွေမှာ အလကားနေရင်း ရှက်သလိုရွံ့သလို တွန့်ဆုတ်နေတဲ့အတွက် ရဲရဲတင်းတင်းမရှိ မြုံစိစိနဲ့နေတတ်တဲ့အမျိုးလို့ သူများတွေက ထင်စရာဖြစ်လာရသလို လူပုံအလယ်မှာ ကိုယ့်အထုပ်ကိုယ် ဖြေပြမိမှန်းမသိတဲ့ သူတွေအဖြစ်ကိုလည်း ရောက်သွားတတ်ပါတယ်။ အဓိကကတော့ ဖော်စရာနဲ့ ဖုံးစရာကို ကွဲကွဲပြားပြား မသိလို့ ထင်ပါရဲ့။  တခါတခါကျတော့ ကိုယ်ကိုယ်တိုင်တောင်မှ ဇဝေဇ၀ါဖြစ်သွားပြီး သေချာစဉ်းစားကြည့်မိမှ ငါ့နှယ် မဟုတ်သေးပါဘူး။ ဒါက ရှက်စရာမှ မဟုတ်ပဲ လို့ တွေးမိတာလည်း ရှိပါတယ်။ ခုတစ်ခေါက် ရန်ကုန်ရောက်တော့ ဆေးကျောင်းတက်မယ့် ပုဂံသားကလေးလည်း ရန်ကုန်ရောက်နေတယ်ဆိုလို့ ၀မ်းသာအားရ သွားတွေ့ဖြစ်ပါတယ်။ သူနဲ့အပြင်မှာ တစ်ခါမှ မတွေ့ဖူးပဲ အမ်းကနေပြီး ဟိုလူ့အကူအညီတောင်း သည်လူ့အကူအညီတောင်းနဲ့လုပ်လာခဲ့တာ မဟုတ်လား။ သူ့ကိုလှူတဲ့ မိတ်ဆွေတွေဆို နံမယ်တောင် မမှတ်မိတော့ဘူး။ သူတို့လည်း ကိုယ်နဲ့တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူးလေ။ ဒီလူတွေကို အမှန်တကယ်လှူတန်းဖြစ်ကြောင်း ခိုင်ခိုင်လုံလုံ ဓါတ်ပုံကလေးတစ်ပုံလောက် တင်ပေးချင်တာနဲ့ ရိုက်ဖြစ်သွားပါတယ်။  တကယ်ဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ ရိုက်ရတာ။ လက်အကျိုးနဲ့ပုံကြီးတင်လိုက်ရင် ဘာဖြစ်တာလဲ မေးမယ့်သူတွေရှိသလို “ကောင်းတယ်။ အခုတော့ထိပြီ။ ဟီဟီ” ဆိုတဲ့သူတွေလည်း မရှားမှန်း ကိုယ့်ကိုယ်ကိုယ် သဘောပေါက်တယ်။ ကိုယ်ရှက်ရတာ အရေးမကြီးဘူး။ ကလေးက အားနာပါးနာနဲ့ ရှက်နေမှာစိုးလို့ သေသေချာချာ သဘောတူမတူ မေးမြန်းခဲ့ပါတယ်။ မေးနေရင်းနဲ့ ကိုယ့်ခေါင်းထဲမှာ အတွေးစတစ်ခုပေါ်လာတာကြောင့် ရဲရဲဝံ့ဝံ့ပဲ အဲဒီဓါတ်ပုံကိုရိုက်ပြီး တင်ဖြစ်အောင် တင်လိုက်ပါတယ်။  တကယ်တော့ သူရောကိုယ်ရော နှစ်ယောက်စလုံးဟာ လူသိမခံဝံ့စရာ၊ ရှက်စရာ ဘာတစ်ခုမှ မရှိခဲ့ဖူးလေ။ အလကားနေရင်း ကိုယ့်ဂုဏ်ကိုယ်ဖော်နေချင်တဲ့သူတွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးတင်ထိုက်တဲ့သူတွေ သူ့မှာရော ကိုယ့်မှာရော ရှိတယ်။ ကိုယ်နဲ့တစ်ခါမှ မတွေ့ဖူးတဲ့သူတွေက ဆွေမျိုးသားချင်းတောင် အကူအညီတောင်းလို့မရတဲ့ အထောက်အပံ့တွေပေးခဲ့တာမို့ အဲဒီလူတွေကို ၀မ်းမြောက်ပါစေကြောင်း အရေးတယူ ကျေးဇူးတင်စကား ပြန်ကြားဖို့ သင့်တယ်။ ဒါကြောင့်လိပ်ပြာသန့်သန့်နဲ့ ရိုက်တယ် တင်တယ်။ မြင်တဲ့သူတွေက သူတို့စိတ်အခံရှိတဲ့အတိုင်း မြင်ကြပစေပေါ့။
          တဆက်တည်းမှာ ကလေးဘက်က စဉ်းစားကြည့်ပေးပါတယ်။ ကျေးဇူးတင်တာတင်တာတပိုင်း။ နောင်ကျ သူကျောင်းတက်တုန်းမှာ မလိုလားအပ်ပဲ သူများတကာတွေက အထင်သေးအမြင်သေး ဖြစ်စရာများ ရှိလေမလား။ ဒါမှမဟုတ် ကလေးကိုယ်တိုင်က သူများဆီ အကူအညီယူရတဲ့အဖြစ်ကို ရှက်များနေလေမလား။ ဒီလိုတွေးလိုက်မိတဲ့အခါ ငါတော့ စာတစ်ပုဒ် ရေးရဦးတော့မှာပဲ လို့ သဘောပေါက်လာပါတယ်။ ကလေးကိုပြောချင်တဲ့စကား၊ ကိုယ့်ကိုယ်ကိုယ် ပြောချင်တဲ့စကား၊ စာဖတ်သူတွေကို ဝေမျှချင်တဲ့စကားကတော့ “ဆင်းရဲတာ ရှက်စရာ မဟုတ်ဘူး” ဆိုတာပါ။ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ တကယ်တော့ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုကို ပတ်ဝန်းကျင် သတ်မှတ်ထားတာသာ ဖြစ်တယ်။ အဲဒီအချက်တစ်ချက်တည်းကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံတာမျိုး၊ အထင်သေးအမြင်သေးနှိမ်တာမျိုး၊ မရှိခိုးနိုး မလှစုန်းယိုး ပြုတာမျိုးက မလုပ်သင့်ဘူး။ ဆင်းရဲတဲ့အတွက်လည်း ကိုယ့်စိတ်ထဲမှာ သိမ်ငယ်ရှက်ရွံ့ မ၀ံ့မရဲဖြစ်နေစရာ အကြောင်းမရှိဘူး။ လို့ သဘောပေါက်အောင် ရှင်းပြချင်ပါတယ်။
          တကယ်တော့ ဘာမှရှက်စရာ မရှိပါဘူး။ အဲဒီကလေးနဲ့ အတူတူ ဓါတ်ပုံရိုက်နေတဲ့ ကိုယ်ကိုယ်တိုင်ဟာလည်း ဆေးကျောင်းတက်တုန်းက ပညာသင်ထောက်ပံ့ကြေး တစ်လ ၇၅ ကျပ် ကို နောက်ဆုံးနှစ်ကျောင်းပြီးတဲ့အထိ ခံစားလာခဲ့တဲ့ ကျောင်းသားတစ်ယောက်သာ ဖြစ်ပါတယ်။ ကလေးခြောက်ယောက်နဲ့ မုဆိုးမတစ်ယောက်အဖို့ သားအကြီးကလေးကို ဆေးကျောင်းပြီးအောင် ထားနိုင်ဖို့ဆိုတာ မွေးသမိခင်အတွက် မနိုင်ရင်ကာ ၀န်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်ပါတယ်။ အဖွားရဲ့ အထောက်အပံ့သာမရှိခဲ့ရင် သည်ဘ၀ကို ရောက်မလာတာတော့ အသေအချာပါ။ ဘာမှမဖြစ်လောက်ဖူးပဲဆိုဆို နိုင်ငံတော်ကထောက်ပံ့တဲ့ ၇၅ကျပ်ဟာလည်း အထိုက်အလျောက်တော့ ကာမိပါတယ်။ ကျောင်းလခကမှ တစ်လ ၃၀ ပဲ ရှိတာ မဟုတ်လား။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ကလေးစိတ်နဲ့ ရှက်တတ်တဲ့ကိုယ်ဟာ ဘယ်သူမှ အသိမခံပဲ နှစ်လသုံးလတစ်ခါ ပေါင်းပေါင်းထုတ်ပြီး သုံးပါတယ်။ အခုလည်း ဒီကောင်တော့ ဘယ်သူကမှ ရိုက်မစစ်ရပဲ အရှက်မရှိ အထုတ်ဖြေပြနေပြန်ပြီလို့ ထင်မယ့်သူတွေ အများကြီးပါပဲ။ အဲဒါ ရှက်စရာမှ မဟုတ်တာ။ အဲဒီအဖြစ်မှန်ကို ဖုံးကွယ်ထားပြီး ကိုယ့်ကိုယ်ကိုယ် မိုးကျရွှေကိုယ်တစ်ယောက်လို စကားကြီးစကားကျယ်တွေပြော၊ ကိုယ်နဲ့ဘ၀တူကလေးတစ်ယောက်အပေါ်မှာ  “ငါ့ကျေးဇူးတွေ မင့်အပေါ်မှာ ဆပ်မကုန်အောင်ရှိတယ်။ ဟိုဟာလုပ်ပေး။ သည်ဟာလုပ်ပေး။” သဘောထားတာမျိုးသာ အင်မတန်ရှက်စရာကောင်းတဲ့၊ ဂုဏ်သိက္ခာ ကင်းမဲ့တဲ့ စကားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေဟာ ပထမစကားမျိုးကိုသာ ရှက်စရာလို့ သဘောထားပြီး ဒုတိယစကားမျိုးကိုတော့ ရှက်ရကောင်းမှန်းမသိပဲ မြိန်ရေယှက်ရေ ပြောဆိုနေတတ်ကြတာ မကြာခဏပါ။ “အဲဒီအကောင် လည်ချောင်းထဲမှာလေ ငါကျွေးထားတဲ့ ထမင်းလုပ်တွေ ခြေမနဲ့တောင် ကလော်ထုတ်လို့ရတယ်။”  လို့ ကြွေးကျော်နေတဲ့သူတွေ အများကြီး ကြားခဲ့ဖူးပါတယ်။  ကိုယ်နဲ့သိတဲ့လူတစ်ယောက် ထင်ပေါ်အောင်မြင်လာရင် သူ့အပေါ်မှာ ငါ ဘာကျေးဇူးတွေများရစရာရှိပါလိမ့် လို့ တွေးတတ်တာလည်း ရှက်စရာကောင်းပါတယ်။ ဘာမှ ရစရာ မရှိဘူးဆိုရင်တောင် “သည်ကောင်အရင်တုန်းက  ဘာကောင်ပါကွာ။” စသည်ဖြင့် နှိမ့်ချပြောဆိုလိုက်တဲ့အခါ အခုလောလောဆယ်မှာတော့ ကိုယ်က အဲသည်အကောင်လောက်တောင် အသုံးမကျပါလားလို့ အဓိပ္ပါယ် သက်ရောက်မှန်းလည်း မသိကြပါဘူး။
          ဆင်းရဲတယ်ဆိုတာ ရှက်စရာ မဟုတ်ပေမယ့် ဂုဏ်ဖော်စရာလည်း မဟုတ်လေဘူး။ အနေအထိုင် ပိပိရိရိနဲ့ ကိုယ့်ရှိတာမရှိတာ ဘယ်သူမှ သတိမထားမိအောင် နေတတ်ဖို့လိုပါတယ်။ ဆင်းရဲတဲ့အဖြစ်ကို လူမသိအောင်ဖုံးဖိတဲ့နေရာမှာ ဟန်ဆောင်ခြင်းနဲ့ဖုံးလို့ မလုံနိုင်ပါဘူး။ ပေါ်သွားရင် ပိုရှက်စရာကောင်းတာကိုး။ ရိုးသားခြင်း၊ ပကာသနမဖက်ခြင်း၊ စိတ်ကောင်းနှလုံးကောင်းရှိခြင်း တို့နဲ့ ဖုံးကွယ်ရပါတယ်။ သူဌေးသားတွေ အရက်မူးပြီး ပြိုင်ကားနဲ့တိုက်ရင် လူကဲ့ရဲ့မခံရပေမယ့် ဆင်းရဲတဲ့သူတစ်ယောက် ဘီယာဆိုင်ထိုင်နေတာတွေ့ရင် ဒီကောင် ဘယ်ကပွပေါက်တွေ့ထားတယ် မသိဘူး လို့ တွေးတတ်ကြပြီး ခွင့်လွှတ်တွေးပေးစရာ ဖြေတွေးပေးစရာ မိဘမျိုးရိုးအင်အား၊ ဥစ္စာငွေကြေးအင်အား သူ့ဘက်မှာ မရှိဘူးလို့ သဘောပေါက်ထားသင့်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့သူဟာ အကျင့်စာရိတ္တပိုင်းမှာ ချမ်းသာတဲ့သူတွေထက် ပိုပြီး ထိန်းသိမ်းထားဖို့ လိုအပ်ပါလိမ့်မယ်။ မြေနိမ့်ရာ လှံစိုက်မယ့်နေရာမှာ ကိုယ်ကရောက်နေတာကိုး။ ပိုက်ဆံရှိရင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာဆိုတာ ရဲစခန်းကသွားဝယ်မလား။ ရယကရုံးက သွားဝယ်မလား လိုသလောက်ရတယ် ဆိုပေမယ့် အဲဒီထောက်ခံစာဟာ ဆင်းရဲသားတွေအတွက် အမှန်တကယ် ထောက်ခံမပေးနိုင်ပါဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထားရကောင်းမှန်း သိကြပါတယ်။ ဆင်းရဲသားတွေရဲ့ ကိုယ်ပိုင်တန်ဖိုးထဲမှာ ရွှေငွေဥစ္စာ၊ အာဏာဆွေမျိုး တန်ဖိုးတွေလျော့နေတဲ့အတွက် အဲဒီအလျော့တွက်ကို ရိုးဂုဏ်နဲ့ အကျင့်စာရိတ္တနဲ့ ဖြည့်ရပါတယ်။ အဲဒါတွေနဲ့မဖြည့်နိုင်ရင် သူများအထင်ကြီးတာသေးတာ အရေးမကြီးပေမယ့် ကိုယ့်ကိုယ်ကိုယ်ထားတဲ့ တန်ဖိုးလျော့သွားတာတော့ အရေးကြီးပါတယ်။
          ဆင်းရဲတဲ့သူတွေမှာ သူများကနှိမ်လို့ဖြစ်ရတဲ့ သိမ်ငယ်စိတ်အပြင် ကိုယ့်ကိုယ်ကိုယ် မယုံမရဲဖြစ်နေတဲ့ အားငယ်စိတ်ကလေးတစ်မျိုးကလည်း နှိပ်စက်တတ်ပါသေးတယ်။ အဲဒီစိတ်ကတော့ မထားအပ်တဲ့စိတ်ထားပါ။ ပြည့်စုံချမ်းသာတဲ့သူနဲ့ ကိုယ်နဲ့ဟာ သမင်ဆယ်လှမ်း ကျားတစ်လှမ်းစာလောက်ကွာတယ်။ သူတို့တစ်လှမ်းစာအကွာအဝေးရောက်ဖို့ကိုယ့်မှာ ဆယ်လှမ်းလောက် လှမ်းယူရတယ်။ ဒါပေမယ့် အားငယ်လို့ မလှမ်းပဲထားရင် တစ်လှမ်းမှ ရောက်ဖူး။ ကိုယ့်ခြေလှမ်းကိုယ် မှန်မှန်လှမ်းနေရင်တော့ ဆယ်လမ်းကနေ အလှမ်းတစ်ရာလည်း ရောက်လာမှာ မလွဲဘူး။ သူလည်း သူ့ခရီးသူသွားနေတာ ကိုယ်လည်း ကိုယ့်လမ်းကိုယ် လှမ်းနေတာ။ လှမ်းနေကျမို့ အကျင့်ရသွားတဲ့အခါ ဘာမှ မပင်ပန်းတော့ဘူး။ ကိုယ့်အိုးနဲ့ကိုယ့်ဆန် ဘယ်ဟာက တန်တယ်ဆိုတာတော့ ကိုယ့်ဘာသာ ကွဲကွဲပြားပြား သဘောပေါက်ထားဖို့လိုပါတယ်။ မနိုင်လောက်ဘူးထင်တဲ့အပိုဝန်ကို အစကတည်းက မထမ်းတာ အကောင်းဆုံးပါပဲ။ လူတစ်ယောက် ၀မ်းဝ ခါးလှဖို့စားရိတ်ဟာ ချဲ့ရင်ချဲ့သလို ကုန်ပါတယ်။ ကိုယ့်အထွာနဲ့ကိုယ် နိုင်နိုင်နင်းနင်း စီမံတာ ကောင်းတာပေါ့။ ဆေးကျောင်းတက်စက ဖိနပ်တစ်ရံပြတ်မှ နောက်တစ်ရံဝယ်စီးတတ်တဲ့ကိုယ်ဟာ သူငယ်ချင်းတစ်ယောက် အိမ်ရောက်သွားတော့ မှန်ဘီရိုကြီးတွေနဲ့အပြည့် သူတစ်ယောက်တည်းစီးဖို့ ဖိနပ်တွေထည့်ထားတာတွေ့တော့ အံ့သြမိပါတယ်။ ကိုစိုးသူနဲ့ ခင်သွားတော့ သူစီးတဲ့ဖိနပ်တွေဟာ မကြားတောင်မကြားဖူးလောက်အောင် တန်ဖိုးကြီးတဲ့ဟာတွေလို့ သိလိုက်ရပြန်ပါတယ်။ ဒီအခါမှာ တွေးမိတာက သူတို့က သူတို့အတန်းအစားနဲ့လျော်ညီစွာ ၀တ်စားဆင်ယင်နေတာဖြစ်ပြီး ကိုယ်ကလည်း ကိုယ့်အတန်းအစားနဲ့သာ လိုက်လျောညီထွေဖြစ်အောင် ၀တ်စားဖို့လိုမယ်လို့ သဘောပေါက်လာပါတယ်။ ဘတ်စကားတိုးစီးဖို့ ဘွတ်ဖိနပ်ကြီးဝတ်လာရင် ဟိုလူ့တက်နင်း သည်လူ့တက်နင်းနဲ့ တောင်းပန်လို့ဆုံးမှာ မဟုတ်ဘူးလေ။ ငယ်သေးတော့ တောသားမြို့တက် ဂျင်းဝမ်းဆက် ၀တ်ချင်တာသာသိတဲ့ အဖြစ်ကို ခုချိန်မှာ ပြန်တွေးတော့ ရှက်စရာပါလား လို့ နားလည်လာပါတယ်။ ကိုယ့်တူကိုယ့်သားများ အရွယ်ရောက်လာလို့ ၀တ်ချင်စားချင်စိတ်ကလေးတွေ ပေါက်လာတဲ့အခါ ကိုယ့်လို လူရယ်စရာမဖြစ်ရလေအောင် သွန်သင်တဲ့သဘောပါ။
          ဆင်းရဲတဲ့သူအတွက် အလှဆုံးဖက်ရှင်ဟာ သန့်ရှင်းသပ်ရပ်တဲ့ ဆင်းရဲသားဝတ်စုံသာဖြစ်တယ် လို့ သိစေချင်ပါတယ်။ ဥပမာဆိုကြပါစို့။ ကျွန်တော့်သူငယ်ချင်း မင်းသားကြီးက သူကိုယ်တိုင်ဝတ်တဲ့ အဖိုးထိုက်အဖိုးတန် ၀တ်စားတန်ဆာ အပြည့်အစုံကို ကျွန်တော့်ကိုဆင်ပေးတယ်ပဲ ထားပါဦး။ နေတာထိုင်တာ လမ်းလျှောက်တာ၊ စကားပြောတာဆိုတာ၊ ဘယ်နေရာမှာမှ ကြည့်ပျော်ရှုပျော် ထောင့်မကျိုးတဲ့ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ဘယ်လိုမှ အစပ်အဟပ်မတည့်ဖူးဆိုရင် ဗေလုဝ နက်တိုင်စည်းပြီး ကုပ်အင်္ကျီဆင်ထားသလိုပဲ နေမှာပေါ့နော်။ အဲဒီတော့ အရင်ဆုံးပြုပြင်ရမှာက အ၀တ်အစားကို မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ယဉ်ကျေးပျူငှာ နေတတ်ထိုင်တတ်မှု အမူအယာကို ဆိုတာ သဘောပေါက်ပြီလား။ ချမ်းသာတဲ့သူတွေဆီက အတုခိုးပြီး သင်ယူရမှာက သူတို့အ၀တ်အစား အသုံးအဆောင်ကို မဟုတ်ဘူး။ အဆင့်အတန်းရှိရှိ နေထိုင် ပြောဆို ဆက်ဆံပုံတွေကို လေ့လာရမှာပါ။ အင်္ဂလိပ်လိုပြောတော့ etiquette တဲ့။ စိတ်ထဲမှာ ထားရမှာက ကိုယ်ဟာတစ်သက်လုံး ဆင်းရဲသားဘ၀နဲ့အရိုးထုတ်နေမှာ မဟုတ်ဘူး။ တချိန်ကျတော့ အဲဒီအသိုင်းအ၀ိုင်းထဲမှာ ၀င်ဆန့်လာတဲ့အခါ အသားကျအောင်နေနိုင်ရမယ်လို့ ရည်ရွယ်ထားရပါမယ်။ ဒါကမှ အရေခြုံတာ မဟုတ်ပဲ အတွင်းစိတ်ကို ပြောင်းလဲစေမှာကိုး။
            ပြောရရင်တော့ တော်တော်ရယ်စရာကောင်းပါတယ်။ ဆရာဝန်ကလေးဖြစ်သွားရင်ပဲ တကယ့်အထက်တန်းလွှာ လူချမ်းသာတောထဲကိုရောက်သွားမလောက် လေတွေကျယ်နေမိတယ်။ တကယ်တော့ဆရာဝန်ဆိုတာလည်းပဲ လူဆင်းရဲတွေကိုဆေးကုတဲ့ နောက်ထပ်လူဆင်းရဲတစ်ယောက်ပါပဲ။ အလွန်ဆုံးရှိမှ လူလတ်တန်းစားအလွှာထဲမှာ အောက်ဆုံးက ကပ်ပါလာလိမ့်မယ်။ ဒါကြောင့် ဆရာဝန်တစ်ယောက်ဖြစ်လာရင် မောင်ရင်လေး ဘူဇွာရုပ်ထွက်အောင်နေရမယ် လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ပညာတတ်ရုပ်ထွက်အောင်တော့ နေရမှာပေါ့။ သက်တူရွယ်တူရှိတဲ့ ကျန်းမာရေးမှူးတစ်ယောက်ရယ်၊ အမျိုးသားသူနာပြုတစ်ယောက်ရယ်၊ ဆရာဝန်တစ်ယောက်ရယ်ကို မျက်စိထဲမှာ မြင်ယောင်ကြည့်ပါ။ (နယ်ရောက်ဖူးတဲ့သူတွေဆို သဘောပေါက်လိမ့်မယ်) သူတို့သုံးယောက်မှာ တတ်ကျွမ်းတဲ့ပညာကိုလိုက်လို့ အနေအထိုင်အပြောအဆိုကလေး သိသိသာသာကွဲပြားတာတွေ့ရပါမယ်။ ၀တ်ထားတဲ့ရွှေ၊ စီးနေတဲ့ကား၊ သူနေတဲ့အိမ်နဲ့ မပတ်သက်ပဲ သူ့ကိုယ်ပိုင်အရောင်အ၀ါကလေးတွေရှိတာကို အင်္ဂလိပ်လိုတော့ personality လို့ခေါ်ပါတယ်။ မြန်မာလိုပြန်တော့ ကိုယ်ရည်ကိုယ်သွေးပေါ့။ ဆင်းရဲတဲ့သူတွေမှာ မဖြစ်မနေ ဖြည့်ဆည်းကျင့်ကြံရမယ့် လိုအပ်ချက်ကတော့ အဲဒီကိုယ်ရည်ကိုယ်သွေးပါပဲ။ ကိုယ့်မှာ စိန်ရောင်ရွှေရောင်မှ အရောင်တောက်နေအောင် မဆင်နိုင်တာဗျာ။ ကိုယ်ရောင်ကိုယ်ဝါ တောက်နေအောင်တင်ဖို့ပဲ ရှိတယ်။
            များသောအားဖြင့် ချမ်းသာတဲ့သူတွေထက် အဲဒီလူတွေအနားက ဟိုမရောက်သည်မရောက် လူတွေသာ ဆင်းရဲတဲ့သူတွေကို အထင်သေးနှိမ့်ချစွာ ဆက်ဆံတတ်ပါတယ်။ ဒီအခါမျိုးမှာတော့  အငုံ့စိတ်နဲ့ ကျိတ်မှိတ်ပြီး သည်းညည်းခံရတာမျိုးကို အားမပေးလိုပါဘူး။ ဆင်းရဲတဲ့သူတွေမှာလည်း မရှိမာန ဆိုတာ ရှိတာပဲ။ ဆေးကျောင်းပထမနှစ်မှာ သူငယ်ချင်းတွေ ကျိုက်ထီးရိုးတက်ကြတော့ စီးစရာဖိနပ်မရှိလို့ ဖရေဇာမှာ ကင်းပတ်ဖိနပ်တစ်ရံ သွားဝယ်ပါတယ်။  ၃၇ လမ်းထိပ်က စီးကရက်ရောင်းတဲ့တရုတ်ဆိုင်မှာ ကိုယ်နဲ့အရွယ်တော် ကင်းပတ်ဖိနပ်တစ်ရံတွေ့တော့ ဈေးမေးတဲ့အခါ ကိုယ့်ထက်အသက်နည်းနည်းကြီးတဲ့ ဆိုင်ရှင်တရုတ်က “၀ယ်မှာလည်း မဟုတ်ပဲနဲ့။ လာလာမေးမနေနဲ့။”လို့ ပြောပါတယ်။ (သူ့ဆိုင်မှာ အရင်ဈေးမေး တခြားဆိုင်တွေ လိုက်ကြည့်ပြီးမှ သူ့ဆီဝယ်ဖို့ ပြန်လာတာကိုး။ ဒါတောင် ဈေးမဆစ်ရသေးဘူး) စိတ်ထဲထောင်းကနဲဖြစ်သွားပြီး “ဘာလို့မ၀ယ်ရမှာလဲ။ သည်မှာ ပိုက်ဆံပါတယ်။ မတွေ့ဘူးလား။” လို့ပြောတဲ့အခါ သူက “ကဲ ဒါဆိုလည်း ၀ယ်လေ။ ၀ယ်လေ။ အခုဝယ်လေ။” ဆို မ၀ယ်ရင် ထရိုက်တော့မယ့်ပုံစံနဲ့ ရောင်းပါတယ်။ ကိုယ့်တစ်သက်နောက်ကို အဲဒီဆိုင်တင်မဟုတ်ဘူး။ အဲဒီအတန်းတစ်တန်းလုံးက ဘယ်ဆိုင်မှာမှ ဈေးမ၀ယ်တော့လောက်အောင် စိတ်ဆိုးပါတယ်။ ဆင်းရဲတဲ့သူအပေါ် နိုင်ထက်စီးနင်း မရှိခိုးနိုး ခွဲခြားဆက်ဆံတာ ဘယ်လောက်အရုပ်ဆိုးသလဲဆိုတာ သိစေချင်ပါတယ်။ တကယ်တော့ ရှက်သင့်တာ အဲသလို ခွဲခြားဆက်ဆံတဲ့သူက ရှက်ရမှာပါ။
            ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံထဲမှာ ထိပ်ဆုံးကပါတာမို့ မြန်မာလူမျိုးအများစုဟာလည်း ဆင်းရဲတဲ့အထဲနဲ့ ချမ်းသာတဲ့အထဲ ဘယ်ထဲမှာ ရှိနေကြမယ်ဆိုတာ ဂုဏ်ဖော်စရာ မလိုပါဘူး။ ဆေးကျောင်းတက်နေရင်း အိမ်က ပြိုင်ကားဝယ်မပေးလို့ ဒီပရက်ရှင်ရနေပါတယ်ဆိုတဲ့ကလေးတွေကို နှစ်သိမ့်ပေးမယ့်ဆရာဝန်ကြီးတွေ အများကြီး ရှိပါလိမ့်မယ်။ (ပိုက်ဆံရတာကိုးဗျ)။ ဒါပေမယ့် မနိုင်ရင်ကာ မိဘလုပ်စာနဲ့ ကျားကုပ်ကျားခဲ ကျောင်းထားပေးနေရတာကို အတုခိုးမှားပြီး “ဒီ ပလက်တီနမ်ဆွဲကြိုးက ဒယ်ဒီပေးထားတာ။” လို့ ဖဲပေါင်ရိုက်မယ့် ဆင်းရဲသားကလေးတွေကိုတော့ ကိုယ်ချင်းစာစိတ်ထားနဲ့ ဆုံးမသွန်သင်ချင်ပါတယ်။ ခုခေတ်ကလေးတွေဟာ စာဖတ်အားလည်းနည်းကြတယ်။ ဒါကြောင့်မို့ အတွေးအခေါ်လည်း လွဲကြပါတယ်။ လိုချင်တာရှိရင် မရရအောင် ကိုယ့်အားကိုယ်ကိုး ကြိုးစားယူမယ်ဆိုတဲ့စိတ်ထက် မိဘကို “မွေးတုန်းကမွေးထားပြီး တာဝန်မယူချင်ဘူးလား။ မွေးပြီးရင် ကျွေးရတယ်လေ။ ဆင်ရတယ်လေ။ လူတန်းစေ့ထားရတယ်လေ။” လို့ ပြန်ပြန်ရန်တွေ့တဲ့သူတွေ မကြာမကြာ မြင်ဖူးပါတယ်။ တရုတ်သားသမီး၊ ကုလားသားသမီးတွေ ဘယ်တော့မှ အဲလိုပြောလေ့မရှိပါဘူး။ ဆင်းရဲတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်သက်လုံး ဆင်းရဲတွင်းထဲက မတက်နိုင်ဘူးဆိုရင်တော့ ရှက်စရာကောင်းတယ်။ အဲဒီဆင်းရဲတွင်းထဲက လွတ်မြောက်ဖို့ ရိုးရိုးသားသား ကြိုးကြိုးစားစား အားမထုတ်ပဲ ဘယ်နည်းနဲ့ချမ်းသာရချမ်းသာရ ပိုက်ဆံရှိရင် ရေမဆေးပဲ ပြောင်တယ်လို့ ယူဆတာက ပိုပြီးရှက်စရာကောင်းတယ်လို့ သတိပေးချင်ပါတယ်။ စာပေအဆုံးအမနဲ့ဝေးပြီး အပြင်လောကကိုချည့် ကြည့်လိုက်ရင်တော့ အင်မတန် အတုခိုးမှားစရာတွေ လက်ညှိုးထိုးမလွဲကိုး။
            လောကဓံတရားဆိုတာ ရှစ်ပါးရှိပါတယ်။ အဲဒီအထဲမှာမှ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ နှစ်ပါး အပါအ၀င်ပေါ့။ လူဆိုတာ ဆင်းရဲတဲ့ဒဏ်ကိုခံနိုင်တယ် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး လို့ ဆိုရိုးစကားရှိကြတယ်။ ဒီအစွန်းနှစ်ဘက်မှာ စုန်ချည်ဆန်ချည် ကျင်လည်ရတဲ့အခါ တကယ်လို့များ ဘ၀ကို ကိုယ်လိုချင်သလို စိတ်တိုင်းကျ ဖန်တီးလို့သာရစတမ်းဆိုရင် ငယ်စဉ်ကတည်းက ချမ်းသာပါလျက်နဲ့ အသိဥာဏ်နုံနဲ့လို့ တဖြေးဖြေး ဆင်းရဲချို့တဲ့သွားရတဲ့ ဘ၀မျိုးထက်စာရင် ငယ်စဉ်က မပြည့်စုံသော်ငြား ကံ၊ ဥာဏ်၊ ၀ီရိယအားကိုးနဲ့ တစတစ တိုးတက်ကြီးပွားလာတာမျိုးကို ပိုလိုလားပါတယ်။ ဒါမှ အတွေးအခေါ် စဉ်းစားဆင်ခြင်ဥာဏ်ကလေးတွေလည်း နုရာက ရင့်သန်လာမယ် မဟုတ်လား။ ဘ၀နာမှ အသိသာတယ်တဲ့။ အောက်ခြေကတက်ရတဲ့အခါ အထက်ရောက်တော့ အောက်ခြေလွတ်သွားမှာလည်း မပူရတော့ဘူး။ ဘ၀ပေးအသိဆိုတာ ကိုယ့်ဘ၀ကပေးတော့ အသိသာဆုံးပဲလေ။ ချမ်းချမ်းသာသာ ပြည်ပြည့်စုံစုံနဲ့ ပြောမနိုင်ဆိုမနိုင် သားသမီးမျိုးကို ခြေကုန်လက်ကုန် လွှတ်ပေးရတာထက်စာရင်တော့ ခြိုးခြိုးခြံခြံ လိမ်လိမ်မာမာ သားသမီးကလေးကို ကိုယ်မစားရစားရ အရိပ်တကြည့်ကြည့် ပျိုးထောင်ယူရတာ ဘယ်ဟာက မိဘတို့ဝမ်း ငြိမ်းစတမ်းဖြစ်မယ် ပြောစရာတောင် မလိုပါဘူး။
            ကိုယ်ကိုယ်တိုင် အလုပ်ဝင်ကာစက ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးမှာ လူတွေ့ဖြေရတဲ့အခါ “သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာဆိုတာ ဘာလဲ။” လို့ အမေးခံရပါတယ်။ အလှူခံမဏ္ဍပ် အသံချဲ့စက် နေ့တိုင်းကြားနေရတဲ့သူအဖို့ မဖြေနိုင်စရာ မရှိပါဘူး။ ဆက်ပြီးတော့ “အဲဒီအထဲမှာ မင်းအကြိုက်ဆုံး နှစ်ခုက ဘာလဲ။” လို့ဆက်မေးတဲ့အခါ “ဟိရိ နဲ့ သြတပ္ပ” လို့ ဖြေပြီးထွက်ခဲ့ပါတယ်။ ဒီကနေ့ဆို လုပ်သက် ၁၇ နှစ် ပြည့်တော့မယ်။ ကိုယ်ပြောတဲ့စကားကိုယ် တည်အောင်ထိန်းထားနိုင်တုန်းပဲလို့ ၀မ်းလည်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ တောမှာအလုပ်လုပ်နေရတဲ့ ဆင်းဆင်းရဲရဲ ဆရာဝန်တစ်ယောက်ဖြစ်ရလို့ ဘယ်တုန်းကမှ သိမ်ငယ်လိုက်တာ ရှက်စရာကောင်းလိုက်တာ မတွေးမိခဲ့ဖူးဘူး။ ဒီပညာတွေနဲ့ ချမ်းသာအောင်လုပ်စားလိုက်မဟဲ့လို့ တွေးရတာသာ ရှက်စရာ။ ဒီဘက်ကရှာပြီး ဟိုဘက်ကိုပြန်မဖို့နိုင်သရွေ့ နင့်ဘ၀ တောကကိုတက်ရမှာ မဟုတ်ဘူး လို့ တွေးပြီး ရိုးရာနဲ့အညီ ဆောင်ရွက်ရမှာသာ ရှက်စရာ။ ဒီအသက်ဒီအရွယ်အထိ ပိုက်ဆံကို အကြောင်းပြုလို့ မလုပ်သင့်မလုပ်ထိုက်တာ ဘာတစ်မှ  မလုပ်ဖြစ်သေးပါလား ဆိုတဲ့အသိဟာ ရှေ့ဆက်ဖို့ ခွန်အားကိုလည်းဖြစ်စေတယ်။ သံပတ်ကိုလည်း တင်းစေတယ်။ မဟုတ်မတရား လုပ်နေတဲ့သူတွေမှန်သမျှကိုလည်း ရင်ဆိုင်ရဲတဲ့ သတ္တိကိုလည်း ဖြစ်စေတယ်။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းကြီးပေါ့လေ လို့တော့ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ကြော်ငြာမ၀င်လိုပါဘူး။ သူယုတ်မာကြီးမဟုတ်တာတော့ သူများစစ်ဆေးစရာမလိုဘူး။ မသေချာမှာစိုးလို့ ကိုယ့်ဘာသာအမြဲ ပြန်ဆန်းစစ်နေတယ်။ ဒါကြောင့်မို့လို့ ဆင်းရဲသလားဟေ့ဆိုရင် ဆင်းရဲတယ်။ မရှက်ပါဘူး။ ပြောင်ပြောင်ပဲ။ ငတ်ပြတ်နေတာတော့ မဟုတ်ဘူး။ ကိုယ့်ဝမ်းစာကိုယ် သမာအာဇီဝနဲ့ ရှာဖွေစားနိုင်တယ်။ ဘယ်သူ့မှလည်း အောက်ကျမခံနိုင်ဘူး။ မဟုတ်တာတော့ ကိုယ်ကိုယ်တိုင်လည်း မလုပ်ဘူး။ ကိုယ့်လည်း လာမလုပ်နဲ့ မခံနိုင်ဘူး။ မစွမ်းရင်းလည်း မရှိသလို ကန်စွန်းခင်းလည်း မငြိဘူး။ ကင်းလည်းကင်းတယ်။ ရှင်းလည်းရှင်းတယ်။ စွာသလားမေးရင် စွာစွာပဲ။ ဘက်တူရင် လူမရွေးဘူး။ ကွယ်ရာကနေ လက်သီးပုန်းထိုးတဲ့အစား မဟုတ်ဘူး။ “စိတ်လျှော့ပါဗျာ။ လာလာ ညကျမှ ကလပ်ကေးမှာ ကော့တေးသောက်ပြီး ကလပ်တက်ရအောင်လေ။”  လို့တော့ လာမချော့နဲ့။ ဟိုမှာ လူတွေအများကြီး ဖတ်နေတာ မမြင်ဘူးလား။ မတ်စိပို့လိုက်ရောပေါ့။ ရှက်စရာကြီး။  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။