၂၀၁၂ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၁၂ခုနှစ်
အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်အချို့သည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတက
ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၂၄ ရက်နေ့ရက်စွဲဖြင့် သ၀ဏ်လွှာ
ပေးပို့ခဲ့သည်။
အဆိုပါ ဥပဒေနှစ်ခုအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီး
နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်
ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယင်းကို နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ၁၀ ချက်ဖြင့်
ပြန်လည်ပေးပို့ခဲ့ပြီး ယင်းအပေါ်နှစ်ချက်ကို ပြည်ထောင်စုလွှတ်တော်က
လက်ခံခဲ့ပြီး ကျန် ၈ ချက်ကို မူလအတည်ပြုသည့်အတိုင်း ဆက်လက်အတည်ပြု၍
နိုင်ငံတော်သမ္မတထံ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့သည်။
ယင်းကဲ့သို့ ပြန်လည်ပေးပို့ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတက ဥပဒေကြမ်းပါ
ပြဋ္ဌာန်းချက်အချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ်သကဲ့သို့
နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတို့ အပြန်အလှန်ထိန်းကျောင်းမှု
ပြုရန်ဟူသော အဓိကကျသည့် ဒီမိုကရေစီ ကျင့်စဉ်နှင့်လည်း ညီညွတ်မှုရှိရန်
လိုအပ်ကြောင်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၂၀၁၂ ခုနှစ်
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၁၂ ခုနှစ်
အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍
ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ပါရန် သ၀ဏ်လွှာ
ပေးပို့အပ်ပါသည်ဟု နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြခဲ့သည်။
လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှစ်ခုပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဓိပ္ပါယ်
ဖွင့်ဆိုချက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က
ဖွဲ့စည်းသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို ထည့်သွင်းဖော်ပြခဲ့သည်။
ယင်းကို နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံး၏ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ ဆုံးဖြတ်ချက်အရ
အကျုံးဝင်ခြင်းမရှိသဖြင့် ထည့်သွင်းပြဋ္ဌာန်းရန် မသင့်ကြောင်း
သဘောထားမှတ်ချက် ပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က မူလအတည်ပြုချက်ကိုသာ
အပြီးသတ် အတည်ပြုခဲ့သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုတင်ပြခဲ့သည့် ဆွေးနွေးသည့်
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့် ယင်းတို့ကို ကိုယ်စားပြုသော
အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များနှင့်
စပ်လျဉ်း၍ဖြစ်စေ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အချက်အလက်များ
ရယူခြင်းဆိုသည့် အချက်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသော စာရွက်စာတမ်း သို့မဟုတ်
အချက်အလက်များမှအပဟူ၍ ခြွင်းချက်ပြု၍ ဖြည့်စွက်သင့်သည်ဆိုသော အချက်ကိုလည်း
ပြည်ထောင်စုလွှတ်တော်က မူလအတည်ပြုသည့်အတိုင်းသာ အတည်ပြုခဲ့သည်။ |
No comments:
Post a Comment