စစ်တပ်မှ မြေအဓမ္မ သိမ်းယူမှု တိုင်ကြားသူကို မမှန် သတင်းပေးမှုဖြင့် တရားစွဲ
၁၂ရက်ဇွန်လ
၂၀၁၃ ခုနှစ် ၊က.ပ.စ(၃) မှသိမ်းယူထားသော လယ်မြေများပေါ်တွင်
ထွန်ယက်ခွင့်ရရန်ကြိုးစားနေသော လယ်သမားများ(Yangon Press International)
ရန်ကုန်(မဇ္ဈိမ) . ၈ရက်နေ့ မတ်လ ၂၀၁၃ — မကွေးတိုင်း ဒေသကြီး
ဆင်ပေါင်ဝဲမြို့ရှိ ကျေးရွာများထံမှ (က.ပ.စ.၈) ကာကွယ်ရေး လက်နက်
ပစ္စည်းထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံမှ ဒေသခံများ၏ မြေဧကများကို
အဓမ္မသိမ်းဆည်းမှုအား တိုင်ကြားရာတွင် တိုင်ကြားသူအား စာမတတ်ပဲ အသနားခံစာ
ရေးမှုကြောင့် မမှန် သတင်းပေးမှုနှင့် တရားစွဲဆိုထားကြောင်း ဒေသခံ များထံမှ
သိရသည်။တရားစွဲခံရသူ တဦးဖြစ်သည့် ဦးပေါ်ဦးက “ ကျွန်တော် သမ္မတကို တရားမျှတစွာ အသနားခံတဲ့ ပုံနဲ့ တိုင်ကြားတာပါ။ ဒါကို စာမတတ်ပဲ ဘာလို့ အသနားခံစာ ရေးရလဲ။ ဒါမမှန်သတင်းပေးတာဘဲ လို့ပြောပြီး ကျွန်တော့်ကို တရားစွဲတာပါ” ဟု ဆိုသည်။
အဆိုပါ တရားစွဲမှုမှာ ဒေသခံ ဦးပေါ်ဦးနှင့် ရွာသား အများစုတို့က ၂၀၁၂ခုနှစ် ၈လပိုင်း ၁၃ရက်နေ့တွင် သမ္မတအား အသနားခံ လက်မှတ်ထိုး၍ တိုင်ကြားစာ ပေးပို့ခြင်းကြောင့် (က.ပ.စ ၈) မှ ဆင်ပေါင်ဝဲမြို့နယ် တရားရုံးသို့ မမှန် သတင်းပေးမှုဖြင့် ၄ရက်နေ့ ၁လပိုင်း ၂၀၁၃ တွင် တရားရုံးမှ ဆင့်ခေါ် စစ်ဆေးခဲ့ကြောင်း ဒေသခံ ဦးပေါ်ဦးမှ
ပြောသည်။
ဦးပေါ်ဦးသည် (က.ပ.စ.၈) စစ်တပ်မှ မြေ ၁၆ ဧက သိမ်းယူထားခြင်း ခံရသူဖြစ်သည်။ သမ္မတအား တိုင်ကြားခြင်း သည် တပ်မြေတွင် လယ်ယာလုပ်ကိုင် ခွင့်ပြုရန် တင်ပြတောင်းခံခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် အဆိုပါ သမ္မတထံ တိုင်ကြားစာတွင် ရွာသား ၅၀၀ ခန့်  ပါဝင် လက်မှတ်ထိုးခဲ့ကြောင်း ဦးပေါ်ဦးက ဆက်ပြောသည်။
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့ရှိ အဆိုပါ ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည်
တောင်သူများထံမှ မြေတဧကအား ၁၂ ကျပ်နှုန်းဖြင့် မြေဧကပေါင်း ၁၂၇၀၀ ကျော်အား သိမ်းယူထားကြောင်းလည်း သိရသည်။
ထို့အပြင် စက်ရုံအနီးရှိ လယ်သမားများထံမှ သီးထောက်ကြေးများ တောင်းခံလျှက် ရှိကြောင်း တနှစ်လျှင် ထိုစစ်တပ် စက်ရုံအား နှမ်းခြောက်ပြည် ခန့်ပေးရကြောင်း ဒေသခံတောင်သူများက ပြောခဲ့သည်။
ဘော်မြင့်ကျေးရွာမှ ဦးစိန်မြင့်အောင်က “ ကျွန်တော်တို့ ရွာ၁၃ရွာက မြေတွေသိမ်းတယ်။ လိုအပ်ရင် လူတွေ လုပ်အားပေးခေါ်တယ်။ ပြီးတော့ သီးထောက်ကြေးလဲ တောင်းတယ်။ မိုးလေဝသ မကောင်းလို့ မပေးနိုင်ရင်
တောင်မှ နွားတွေရောင်းပြီး ပေးရတယ် ” ဟု ပြောသည်။
အဆိုပါ စစ်တပ်ပိုင် မြေဧကအဖြစ် သိမ်းယူထားသည့် ကျေးရွာများမှာ ဘော်မြင့်ရွာ၊ မကြီးပင်ပုရွာ၊ ဝါရီကုန်းရွာ၊ ကျွဲခြံရွာ၊ နတ်ရွာ အစရှိသည့် ၁၃ရွာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်ထောင်စဉ်ကပင် တောင်ယာမြေများကို တောင်သူများထံမှ သိမ်းယူခဲ့ကြောင်း တောင်သူတွေက
ပြောခဲ့သည်။
အဆိုပါ မြေယာသိမ်းယူသည့် ကိစ္စနှင့် ပတ်သတ်၍ မြေယာအကျိုးတော်ဆောင် ဦးသန်းလွင်ဦးက “မြန်မာနိုင်ငံမှာ
မြေယာဥပဒေနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံ ဥပဒေမှာကိုက မှားနေတာ။ ရှိသမျှမြေကို နိုင်ငံပိုင်တယ်လို့ ဆိုထားတယ်။ အဲဒါကြောင့် ပြည်သူအများစု မြေသိမ်းတဲ့ ပြဿနာနဲ့ ရင်ဆိုင် နေရတာ။ အဲဒီအချက်ကို ပြင်ပြီးမှ မြေယာကိစ္စတွေ
အေးနိုင်မယ် ” ဟုပြောကြားခဲ့သည်။
စောဇင်ညီ
No comments:
Post a Comment