အသင့်စား အသားတွေ အစားများရင် အသက်တိုမယ်
BBC News, 7March 2013 —- အသင့်စားနိုင်အောင် ကြာရှည်ခံ
အစားအစာတွေအဖြစ် ထုတ်လုပ်ထား တဲ့ အသားတွေစားရင် စောစောစီးစီး
ဆုံးပါးနိုင်တယ်လို့ ဗြိတိသျှ ဆေးပညာ ဂျာနယ်က ရေးသား လိုက်ပါတယ်။
အလုပ်လုပ်ချိန်များလာပြီး တမိသားစုလုံးလိုလို အလုပ်လုပ်နေရတဲ့ ခေတ်မှာ ဒီလို အသင့်စား အသားတွေ အစားတွေကို စားကြတာက မြန်မာအပါအဝင် တကမ္ဘာလုံးလိုလို ဖြစ်ပါတယ်။
ဝက်အူကြောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်သားလွှာနဲ့ တခြား အသင့်စားဖို့နဲ့ ကြာရှည်အထားခံဖို့ ပြုပြင်ထားတဲ့ အစားအသောက်တွေ၊ အသားတွေကို စားမယ်ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးနိုင်တယ်လို့ ဥရောပ တခွင် လူငါးသိန်းနဲ့ ပြုလုပ်ထားတဲ့ လေ့လာမှုတရပ်ကနေ အခုလို အခိုင်အမာ ပြောလိုက် တာ ဖြစ်ပါတယ်။
ဒီလို အသင့်စား အသားတွေကို များများစားရင် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ကင်ဆာရောဂါတွေ ဖြစ်စေပြီး အသက်တိုစေနိုင်တာ ဖြစ်ပါတယ်။
ယူကေနိုင်ငံထုတ် ဇီဝဆေးပညာဂျာနယ်က သုတေသီတွေ အဆိုအရဆိုရင်တော့ ဒီအသားတွေကို တာရှည်ခံအောင် ဆားနဲ့ ဓာတုဗေဒပစ္စည်းတွေ သုံးထားတာကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာ ဖြစ်ပါတယ်။
အခုလို ပညာရှင်ဆန်ဆန် ရေးသားနိုင်အောင် ဥရောပ ၁၀ နိုင်ငံမှာ ၁၃ နှစ်ကြာ လေ့လာ သုတေသန ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။
အသင့်စားနိုင်အောင် လုပ်ထားတဲ့ အသားတွေကို စားသူတွေဟာ ဆေးလိပ်၊ စီးကရက်ကိုလည်း သောက်သုံးသူတွေ ဖြစ်နေနိုင်ပြီး လူတွေကလည်း အဝလွန်လာလို့ ကျန်းမာရေး ထိခိုက်စေတဲ့ အပြုအမူတွေကို ပိုလုပ်ဖြစ်ကြတယ်လို့ သုံးသပ်ထားပါတယ်။
တနေ့ကို ဝက်အူကြောင်းနှစ်ချောင်းနဲ့ ဝက်ပေါင်ခြောက်တလွှာ သိပ္ပံနည်းကျ ပြောရရင်တော့ အသင့်စီမံထားတဲ့ အသား ၁၆၀ ဂရမ် စားတဲ့လူဟာ အခု လေ့လာမှုပြုလုပ်တဲ့ ၁၂ နှစ်ခွဲ ကာလအတွင်းမှာကို သာမန် တနေ့ ၂၀ ဂရမ်လောက် စားတဲ့ သူထက်စာရင် သေဆုံးနိုင်ချေက ၄၄ ရခိုင်နှုန်း ပိုနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
အခုလေ့လာမှုအတွင်းမှာတော့ ၁၇ ဦးမှာ တဦး သေဆုံးသွားကြပြီး အဲဒီထဲမှာတော့ လူတသောင်းနီးပါးက ကင်ဆာရောဂါနဲ့ ဆုံးပါးပြီး ၅၅၀ဝ က နှလုံးရောဂါတွေနဲ့ ဆုံးပါးသွားကြပါတယ်။
ဇူးရစ်တက္ကသိုလ်က ပါမောက္ခ ဆဘိန်း ရော့မန်းကတော့ အသင့်စားအသားတွေ လျှော့စားတာထက် ဆေးလိပ်သောက်တာကို လျှော့တာက ပိုအရေးကြီးတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူက အသင့်စား အသားတွေ လျှော့စားကိုလည်း ထောက်ခံသူတော့ ဖြစ်ပါတယ်။
တခါ ဗြိတိသျှ နှလုံး ဖောင်ဒေးရှင်းကလည်း ကျန်းမာရေး မထိပါးစေချင်ရင် အသားရှောင်ပါလို့ ပြောထားပါတယ်။
မြန်မာပြည်မှာလည်း ဝက်အူကြောင်း အပါအဝင် ငါးပိ၊ ငါးခြောက်စတဲ့ အသင့်စား အသားတွေနဲ့ အစားအသောက်တွေကို စားကြသောက်ကြတာ များလေတော့ အသက်ရှည်ချင်ရင် ဒါတွေကို ရှောင်ရမှာလည်း ဖြစ်ပါတယ်။

No comments:
Post a Comment