ခဏတာအတွေ့ တစ်ဘ၀စာအမှား
အသက်(၁၄)နှစ်အရွယ် ကောင်လေးတစ်ယောက် ခံစားမှုအသစ်အတွက် ခဏတာစူးစမ်းလိုစိတ်က တစ်ဘ၀စာ အကြီးမားဆုံးအမှား၏ ခြေလှမ်း အစဖြစ်လိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။ လွန်ခဲ့သော (၂၇)နှစ်က အသက်(၁၄)နှစ်သား စိုင်းအောင်ခမ်းတစ်ယောက် သူနှင့်ရင်းနှီးသော အနုပညာရှင် အစ်ကိုတစ်ယောက်၏ စည်းရုံးမှုကြောင့် ဖန်စီဒိုင်း စမ်းသုံးကြည့်လိုက်သည်။ခံစားမှုကို သူအလွန်ကြိုက်သွားသည်။ ဖန်စီဒိုင်းကို ဘိန်းမည်းနှင့် တွဲသုံးသည်။ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ဘိန်းဖြူကိုပါ စွဲစွဲ လမ်းလမ်းအသုံးပြုတော့သည်။“မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ခံစားခဲ့ရတဲ့ဆိုးကျိုးတွေ ဘ၀မှာ အရမ်းခံစားခဲ့ရတယ်။ သိမ်ငယ်မှုတွေ၊ ပစ်ပယ်ခံရမှုတွေ၊ ခွဲခြားနှိမ့်ချဆက်ဆံခံရတာတွေ၊ ဘ၀အဆင့်အတန်း နိမ့်ကျခံရတာတွေ၊ ရည်မှန်းချက် လွဲချော်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော်တင်မကဘူး။ ကျွန်တော့်မိဘတွေပါ ထောင်တွေလိုက်ရ၊ နယ်ထောင်တွေ ရောက်ရင် နယ်ကိုလိုက်ရနဲ့ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတယ်”
(၁၁)နှစ်ကြာ မူးယစ်ဆေးနွံထဲတွင် နစ်ခဲ့ပြီးနောက် ဘ၀နှင့်ရင်းကာရသော အတွေ့အကြုံများကို အသက်(၄၁)နှစ်အရွယ် ကိုစိုင်းအောင်ခမ်း ဖွင့်ဟသည်။ ပညာတတ်မိသားစုမှ မွေးဖွားခဲ့ပြီး စစ်ဗိုလ်ကြီးတစ်ယောက် ဖြစ်ဖို့ သူ၏ ငယ်အိပ်မက်ကို မူးယစ်ဆေးဝါးဆိုသော နတ်ဆိုးက ဖျက်ဆီးပစ်လိုက်ပါသည်။
မူးယစ်ဆေးဝါးများ၏ ပြုစားမှုကြောင့် လူငယ်တို့၏ ပျိုရွယ်မှုများ၊ စွမ်းဆောင်ရည်များ၊ အားမာန်များ ဆုံးရှုံးကာ ဘ၀ရည်မှန်းချက်များ လွဲချော်ကုန်သည်မှာ မြန်မာနိုင်ငံတွင် ကိုစိုင်းအောင်ခမ်း တစ်ယောက်တည်း မဟုတ်ပါ။ အချိန်တိုင်း မူးယစ်နွံနစ်၍ နုပျိုသော ဘ၀များစွာ ပျက်စီးနေလေသည်။ မြေပြန့်တွင်သာမက တောင်ပေါ်ရော တိုင်းရင်းသားအားလုံး မူးယစ်ဆေးဝါးအန္တရာယ် ခြိမ်းခြောက်ခံနေရသည်။ ထို့ကြောင့် ကချင်ပြည်နယ်တွင် ကြေညာထားသကဲ့သို့ မူးယစ်ဆေးဝါးမှာ တစ်မျိုးသားလုံး ရန်သူသာမက ဘာသာတရား၏ ရန်သူလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အသက်၂၀ မှ ၂၉ နှစ်အတွင်း လူငယ်အချို့မှာ မူးယစ်ဆေးဝါး အများဆုံး အသုံးပြုနေပြီး အသက် (၃၀)မှ(၃၉)နှစ်အတွင်း အရွယ်မှာ မူးယစ်ဆေးဝါး ဒုတိယ အများဆုံး သုံးစွဲသည်။ အမျိုးသားများသာမက အမျိုးသမီးအချို့လည်း သုံးစွဲကြသည်။ အမျိုးသမီးများ၏ မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်း သုံးစွဲသူအားလုံးတွင် ၇ ရာခိုင်နှုန်းကျော်ရှိပြီး ၉၂ ရာခိုင်နှုန်းကျော်က အမျိုးသားများ
ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းဇယား
များတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါး စတင်သုံးစွဲသော အငယ်ဆုံးအရွယ်(၁၁) နှစ်ဖြစ်ပြီး ကချင်ပြည်နယ်တွင်မူ (၉) နှစ်သားမှာပင် စတင်သုံးစွဲသောမှတ်တမ်းများ ရှိနေသည်။
ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ မြန်မာနိုင်ငံ၌ အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးမှာ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းစနိုင်ငံအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်ဆဲပင်။ အစိုးရက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချရန် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူနေသော်လည်း အမျိုးအမည် ပိုမိုစုံလင်လာပြီး ၀ယ်ယူသုံးစွဲရန် ပိုလွယ်လာသော မူးယစ်ဆေးဝါးမှာ မြန်မာလူငယ်များအတွက် အကြီးမားဆုံးအန္တရာယ် ဖြစ်နေပါသည်။
ဘိန်း၊ ဘိန်းဖြူ၊ မော်ဖင်း၊ ကိုဒင်း၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစသဖြင့် အားလုံးမှာ မူးယစ်ဆေးဝါးများဖြစ်သည်။ စိတ်ကြွရူးသွပ်ဆေး၊ စိတ်ကိုပြောင်းလဲစေသောဆေး၊ ကိုဒင်းတို့မှာ အမျိုးအမည်ခွဲများစွာ ရှိသေးသည်။ ကလေးငယ်အချို့ အသုံးပြုနေသော ကော်ရှူခြင်းမှာလည်း မူးယစ်ဆေးဝါး အသုံးပြုခြင်းပင် ဖြစ်သည်။
မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ ရန်သူဖြစ်သော်လည်း၊ မူးယစ်ဆေးဝါးပြဿနာမှာ မြန်မာနိုင်ငံသားတိုင်းအပေါ် ခြိမ်းခြောက်နေသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လူထုပါဝင်မှု အားနည်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အမျိုးအမည်စုံတာထက် လူတန်းစားမရွေး သုံးနိုင်တဲ့ပုံစံ ဖြစ်လာတယ်။ လက်လှမ်းပိုမှီလာကြတယ်။ ပိုက်ဆံပေါ် သိပ်မူမတည်ဘူး။ ကျွန်တော်တို့ခေတ်ကမှ ပိုက်ဆံရှိမှ သုံးနိုင်တဲ့အနေအထား။ ဘိန်းစားဖြစ်ဖို့ လွယ်တာမှ မဟုတ်တာ။ နောက်ခံဘက်ဂရောင်းဒ်ရှိမှ ဖြစ်နိုင်တာ။ အခုကျတော့ ၅၀၀ ဆိုရင် ကော်တစ်ဘူး ရှုနိုင်ပြီ။ ပလတ်စတစ်ကောက်တဲ့ ကောင်လေးကအစ ရှုနိုင်နေတာ” ဟု ကိုစိုင်းအောင်ခမ်းက ယနေ့ကာလ မူးယစ်ဆေးအမျိုးအမည် ပိုစုံလာကာ ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူ ၀ယ်၍ရနေပုံကို သူတို့ခေတ်နှင့် နှိုင်းယှဉ်ပြသည်။
ဗြိတိသျှတို့၏ တတိယကျူးကျော်စစ်အပြီး ၁၈၈၅ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ တောင်တန်းဒေသများ၌ ဘိန်းစိုက်ပျိုးမှု
စတင်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ သို့သော် တောင်ငူခေတ် ၁၆ ရာစုမှာပင် နယ်မြေသစ်ချဲ့ထွင်လာသော ဒတ်ခ်ျနှင့် ရောမကုန်သည်များက အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဘိန်းတင်သွင်းရောင်းချခဲ့ခြင်းမှာ မြန်မာနိုင်ငံသို့ ဘိန်းပထမဆုံးအကြိမ် ရောက်ရှိလာမှုဟုလည်း ဆိုသည်။ ဗြိတိသျှ-မြန်မာ ပထမကျူးကျော်စစ်အပြီး ၁၈၂၄ နောက်ပိုင်းတွင်မူ ဗြိတိသျှတို့က ရခိုင်နှင့် တနင်္သာရီဒေသများသို့ ဘိန်းတင်သွင်းရောင်းချခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ထို့နောက်တွင်တော့ အဘက်ဘက်မှ နိမ့်ကျခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းအဓိကစိုက်ပျိုးရာနိုင်ငံ ဖြစ်လာပါသည်။ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးသော ဧရိယာမှာ စုစုပေါင်းဧက လေးသိန်းကျော် (၁၆၃၀၀၀ ဟက်တာ)အထိပင်ရှိခဲ့သည်။ အစိုးရ၏ မူးယစ်ဗဟိုအဖွဲ့၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတို့ ပူးပေါင်း၍ ဘိန်းစိုက်ပျိုးမှု လျော့ကျအောင် ဆောင်ရွက်ခဲ့ရာ ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ဧက ငါးသောင်းသုံးထောင်ကျော် (၂၁၅၀၀ ဟက်တာ)သာ ရှိသည်အထိ လျှော့ချနိုင်ခဲ့သည်။
သို့သော် ၂၀၀၆ ခုနှစ်နောက်ပိုင်း စိုက်ပျိုးမှု ပြန်များလာကာ ၂၀၁၂ တွင် ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး ဧကတစ်သိန်းနှစ်သောင်းကျော် (၅၁၈၀၀ ဟက်တာ) အထိ ပြန်များလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဘိန်းစိုက်ပျိုးမှု တိုးလာရခြင်းမှာ ဒေသခံတောင်သူများ၏ ဆင်းရဲမွဲတေမှု၊ အစားအစာမဖူလုံမှု၊ ၀င်ငွေရရှိသည့် တရားဝင်သီးနှံများ စိုက်ပျိုးရန်နှင့် သီးနှံထွက်ကုန်များ ဈေးကွက်သို့ရောက်ရှိရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နယ်မြေအတွင်း မတည်ငြိမ်မှုများကြောင့် အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းပြီး ၀င်ငွေရလွယ်သော ဘိန်းစိုက်ပျိုးမှု ပြန်လည်ရှင်သန်လာခြင်းကြောင့် ဖြစ်ပါသည်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဘိန်းစိုက်ပျိုးမှု များလာခြင်း၏ အကြောင်းရင်းကို သုံးသပ်သည်။
တောင်ကုန်းနှင့် ချိုင့်ဝှမ်းများရှိ နီရဲနေသောမြေမှာ မြင်လိုက်သည်နှင့် မြေဆီလွှာကောင်း၍ စိုက်ပျိုးရေးကောင်းစွာလုပ်နိုင်သော နေရာဖြစ်ကြောင်း သိသာသည်။ “ဒီနေရာတွေက ဘိန်းစိုက်ကြတာလေ” ဟု ဒေသခံတစ်ဦးက ၂၀၁၂ နှစ်လယ်ပိုင်းက ပြောသည်။ မူဆယ်-လားရှိုးကားလမ်းဘေး ကွတ်ခိုင်မြို့နယ်အတွင်းရှိ ထိုကျေးရွာမှာ ရှမ်းပြည်နယ်ရှိ ကျေးရွာအချို့နည်းတူ ဘိန်းစိုက်ပျိုးဆဲဖြစ်ကာ ယခုနှစ်တွင် တစ်နှစ်လျှင် နှစ်ကြိမ်ပင် စိုက်ပျိုးနေကြောင်း ဒေသခံများက ပြောသည်။
ထိုဒေသတွင် ဘိန်းပင်ကို စိုက်ပျိုးရုံသာမက ကိုယ်တိုင်သုံးစွဲ၍ သေဆုံးသွားသော ရွာလူငယ်များမှာလည်း ဆယ်စုနှစ်များအတွင်း ဆယ်နှင့်ချီနေပြီဖြစ်သည်။
ပြည်တွင်းဘိန်းစိုက်ပျိုးမှုတွင် ရှမ်းပြည်နယ်မှာ စိုက်ပျိုးမှု အားလုံး၏ ၉၀ ရာခိုင်နှုန်းအထိရှိကာ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသဖြစ်၏။ စိုက်ပျိုးမှုတွင်သာမက ဘိန်းသုံးစွဲမှုတွင်လည်း ရှမ်းပြည်နယ်က အများဆုံးဖြစ်နေပြီး မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဘိန်းသုံးစွဲသော ဒေသဖြစ်သည်။ ကချင်ပြည်နယ်မှာ ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးရာ ဒေသဖြစ်ပြီး စိုက်ဧကအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မူးယစ်ဗဟိုရုံးနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC တို့ ပူးပေါင်း၍ ထုတ်ပြန်သော ၂၀၁၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းတွင် ဖော်ပြထားသည်။ ယခုနောက်ပိုင်းနှစ်များတွင် ချင်းပြည်နယ်၏ ဘိန်းစိုက်ပျိုးမှုမှာလည်း များလာနေသည်။
အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲများကြောင့် ဒေသတွင်း မတည်မငြိမ်ဖြစ်နေသော ကချင်ပြည်နယ် နေရာအချို့တွင် ဘိန်းရောင်းဝယ်သုံးစွဲမှုမှာ ယခုနှစ်ပိုင်းအတွင်း ပိုဆိုးလာသည်။
“၀ိုင်းမော်မြို့နယ် ချောင်းဆုံဆိုတဲ့ရွာမှာ ဘိန်းဖြူကပေါတယ်။ ဆေးထိုးအပ်ရှားတယ်။ အဲဒီရွာနားမှာရှိတဲ့ ရွှေတူးတဲ့လိုင်း ခန်းတွေမှာဆို မူးယစ်ဆေးက ၂၄ နာရီ ၀ယ်လို့ရတယ်။ ကျပ် ၁၀၀၀ ရှိရင် ဆေးဝယ်သုံးလို့ရတယ်။ ရောင်းတဲ့သူတွေက တရုတ်တွေ” ဟု မကြာသေးမီက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်သို့ မူးယစ်ဆေးအန္တရာယ် လျော့ပါးရေး စီမံကိန်းတစ်ခုအတွက် ရောက်ရှိခဲ့သူတစ်ဦးက သူ၏အတွေ့အကြုံကို ဝေမျှသည်။ ထိုဒေသရှိ လူငယ်အများစုမှာ ရာသီဥတုဒဏ်ခံနိုင်ရန်၊ စိတ်ခံစားမှုကောင်းရန် စသော အကြောင်းများဖြင့် ဘိန်းဖြူကိုသုံးရင်း အစွဲလမ်းကြီး စွဲလမ်းနေကြသည်။ ထိုဒေသတွင် ဆေးထိုးအပ်ရှား၍ အခြားလူသုံးပြီးသော ဆေးထိုးအပ် မျှဝေသုံးစွဲမှုလည်းများကြောင်း ၎င်းကပြောသည်။
“သူငယ်ချင်းကြောင့်ပဲဖြစ်ဖြစ်၊ လွယ်လို့ပဲဖြစ်ဖြစ်၊ စမ်းသုံးတာပဲဖြစ်ဖြစ်၊ တစ်ခါတည်းပဲဖြစ်ဖြစ် လွယ်လွယ်နဲ့မသုံးစေချင်ဘူး။ မူးယစ်ဆေးဝါးက စမ်းသုံးလို့ ကောင်းတဲ့အရာမဟုတ်ဘူး။ ကျွန်တော်လည်း တစ်ခါတည်းပါဆိုပြီး စမ်းသုံးလိုက်တာ။ ၁၀ နှစ်ကျော် သွားတယ်” အနာဂတ်ခေါင်းဆောင်လူငယ်များအနေဖြင့် မူးယစ်ဆေးကို စမ်း၍ပင်မသုံးရန် ကိုစိုင်းအောင်ခမ်းက အကြံပြုသည်။ ထိုနွံအိုင်ထဲမှ သူရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကွယ်လွန်သွားသူ၊ ထောင်ကျနေသူ၊ မူးယစ်နွံအိုင်မှ ရုန်းမထွက်နိုင်သေးသော သူငယ်ချင်းများကား ကျန်ရှိနေဆဲ။
သူလည်း မူးယစ်ဆေးဝါး၏ သားကောင်အဖြစ်မှ လွယ်လွယ်ကူကူ လွတ်မြောက်ခဲ့ခြင်းတော့ မဟုတ်ပါ။ကိုစိုင်းအောင်ခမ်း၏ မိဘများက သူ့ကို နိုင်ငံခြားခေါ်၍ တစ်မျိုး၊ ရဟန်းခံစေကာတစ်ဖုံ မူးယစ်ဆေးဝါးသုံးစွဲမှု ရပ်တန့်အောင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ခဏသာ သုံးစွဲမှု ဖြတ်နိုင်ပြီး ဆယ်နှစ်ကျော်ကြာ စွဲစွဲလမ်းလမ်းသုံးစွဲခဲ့သည်။ သူ့အတွက် အလှည့်အပြောင်းမှာ ၁၉၉၇ ခုနှစ်တွင် ဖခင်ကိုယ်တိုင်က သူ့အား ရဲလက်အပ်ခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျပြီး ထောင်မှ
ဝက်ထီးကန်ရှိ ရွှေပြည်သာပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိပြီးနောက် သူ့ဘ၀ အသစ်ပြန်စရန် ခွန်အားနှင့် အသိတ
ရားတို့ လုံလောက်စွာရရှိခဲ့သည်။ ဆေးလုံးဝပြတ်သွားသည်။
ပြန်လည်ထူထောင်ရေးစခန်းမှ ထွက်လာသော သူ့အတွက် စိန်ခေါ်မှုအသစ်က စောင့်ကြိုနေသည်။ သူလည်း အခြားဘ၀တူ များကဲ့သို့ ဆေးပြတ်သွားသော်လည်း ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံခံရသည်။ ကိုယ်တိုင်လည်း ယုံကြည်မှုနည်း၍ သိမ်ငယ်ခဲ့ရသည်။ အထီးကျန်ဖြစ်ရသည်။ ထို့ကြောင့် ပြန်/ထူစခန်းမှ ထွက်လာသော ဘ၀တူများနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းအောက်တွင် လူငယ့်အားမာန်အဖွဲ့ကို ၂၀၀၃ ဧပြီတွင် ပါဝင်ဖွဲ့စည်းလိုက်သည်။
သူတို့အဖွဲ့က မူးယစ်ဆေးဝါးဖြတ်လိုသူများကို ကူညီပေးသည်။ အသိပညာပေးလုပ်ငန်းများ၊ နှစ်သိမ့်ဆွေးနွေးမှုများ၊ အိမ်တိုင်ရာရောက် လူနာကြည့်ရှုစောင့်ရှောက်ပေးခြင်းများ၊ ပြန်လည်ထူထောင်ရေးတို့အတွက် အကူအညီများ သူတို့က ပေးနေလေသည်။
ဘိန်းဖြူပြီးလျှင် အခြားကြီးမားသော ပြဿနာမှာ စိတ်ကြွရူးသွပ်ဆေးပြားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှ စစ်သားများ ခံနိုင်ရည်စွမ်းအားတိုးရန် သုံးစွဲကြရာမှ ကြီးထွားလာသော ထိုပြဿနာကို ၁၉၇၁ ကုလသမဂ္ဂညီလာခံက သဘောတူညီချက် ထုတ်ပြန်၍ပင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ထိန်းချုပ်ခဲ့ရသည်။ ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော စိတ်ကြွရူးသွပ်ဆေးဝါးပြဿနာမှာ တဖြည်းဖြည်း ပိုကြီးမားလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။ အများဆုံးပျံ့နှံ့နေသော စိတ်ကြွဆေးမှာ WY စာတန်းပါ ဆေးပြား၊ 88 နှင့် I စာတန်းတစ်ဖက်စီပါ စိတ်ကြွဆေးပြားများဖြစ်သည်။
“ဆေးပြားတစ်ပြားရဲ့ ပမာဏက ဘာမီတွန်လောက်ပဲရှိတော့ သိမ်းဆည်းရတာ လွယ်ကူတယ်။ ဒါကြောင့် သယ်ယူရောင်းချပျံ့နှံ့တာ လွယ်နေတာထင်တယ်” ဟု ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးကပြောသည်။ သပြေကုန်းရပ်ကွက် ၁၂၆ လမ်းတွင် လွန်ခဲ့သော ဇန်န၀ါရီလ ဒုတိယပတ်က ကာလတန်ဖိုး ကျပ်သိန်း ၂၅၀၀၀ ခန့် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး အလုံးရေ ငါးသိန်းခန့် ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၁၂ နှစ်လယ်ပိုင်းကလည်း ထိုရပ်ကွက်တွင် WY စာတန်းပါ ဆေးပြား ၁၈၀၀၀၀ ဖမ်းဆီးမိခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့
နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမှု ၁၀ ကြိမ်ဝန်းကျင် ရှိခဲ့ပြီဖြစ်သည်။
မူးယစ်ဆေးဝါးစာရင်းဝင်သော စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမျိုးအမည်စုံလာခြင်းမှာ လူငယ်များအတွက် အန္တရာယ် ပိုကြီးစေသည်။ မြန်မာနိုင်ငံတွင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် ဆေးဝါး ၁၁၀ ကျော် ရှိသည့်အထဲ ယခုနောက်ပိုင်း အမျိုးအမည်သစ် အချို့ဝင်နေဆဲဖြစ်သည်။
“ဆေးဝါးတွေ အသစ်အဆန်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ တစ်ခုပိတ်ရင် တစ်ခုဝင်လာတယ်” မူးယစ်ဆေးဝါးဆေးစွဲ ရောဂါကာကွယ်ကုသရေးစီမံချက် မန်နေဂျာ စိတ်ကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာလှဌေးက မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အဓိကစိန်ခေါ်မှုတစ်ခုကို ပြောခြင်းဖြစ်ပါသည်။
ယခုနောက်ပိုင်း ချောင်းဆိုးပျောက်ဆေးများတွင် ပါဝင်သော ဒက်ထရိုမီသာဖန် (Dertromethorphan) မှာ မူးယစ်စေတတ်ပြီး လိုသည်ထက် ပိုသုံးပါက အန္တရာယ်များသော မူးယစ်ဆေးတစ်မျိုးပင်ဖြစ်သည်။
လူငယ်အချို့က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကောင်းရန်၊ စိတ်ဖိစီးမှုလျော့ရန်၊ အလုပ်လုပ်နိုင်သော စွမ်းရည်မြှင့်တင်ရန် စသော အကြောင်းပြချက်များဖြင့် စိတ်ကြွဆေးဝါးများ အသုံးပြုကြသည်။ စိတ်ကြွဆေးများက ဗဟိုအာရုံကြော အဖွဲ့အစည်းကို နှိုးဆွကာ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပေးသည်။ သို့သော် စွဲလမ်းသွားပါက မကြာခဏ အသုံးပြုလျှင် ဦးနှောက်ဖွဲ့စည်းပုံ ထိခိုက်သဖြင့် ဆေးကု၍မရတော့ဘဲ ရူးသွပ်သွားစေနိုင်ပါသည်။ ရှော့ခ်ဖြစ်ခြင်း၊
သတိလစ်ခြင်း၊ ၀က်ရူးပြန်ခြင်းများလည်း ဖြစ်နိုင်သည်။
ထိုမျှ အန္တရာယ်များသော ဆေးကို နိုင်ငံတစ်ဝန်းရှိ လူငယ်များ၊ လူလတ်ပိုင်းများကြား မည်မျှ ပျံ့နှံ့၍ မည်မျှသုံးစွဲနေသည်ကို စိတ်ကြရူးသွပ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးမိနေခြင်းက သက်သေပင်။ မူးယစ်ဗဟိုမှ ထုတ်ပြန် သော စာရင်းများအရ ဘိန်းစိမ်း၊ ဘိန်းဖြူ အများဆုံး သုံးစွဲနေသည်ကို တွေ့ရပြီး စိတ်ကြွဆေးပြားမှာ ဒုတိယအများဆုံးဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်းမှာပင် စိတ်ကြွဆေး ဖမ်းဆီးရမိမှု ၁၂၆၉ မှုရှိပြီး ဘိန်းဖြူအမှု ၁၄၅၄ မှုပြီးလျှင် ဒုတိယအများဆုံးပင်။ ထိုနှုန်းဖြင့် ပျမ်းမျှတွက်ပါက မြန်မာနိုင်ငံတွင် စိတ်ကြွဆေး ရောင်းဝယ်သုံးစွဲ၍ ဖမ်းဆီးရမှု တစ်ရက် လျှင် သုံးမှုကျော်ရှိနေသည်။ ဘိန်းဖြူမှုမှာ တစ်ရက်လျှင် လေးမှုခန့် ဖမ်းဆီးအရေးယူနေရသည်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှု လျော့ကျရန်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အစိုးရကလည်း လုပ်ကိုင်နေပါသည်။ နှစ်စဉ် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သူ ထောင်နှင့်ချီ၍ ဖမ်းဆီးအရေးယူလျက်ရှိသည်။ မူးယစ်ဆေးစွဲသူများကိုလည်း မူးယစ်ဆေးကုသပေးသော ဆေးရုံကြီး၊ ငယ် ၆၆ ခုက ကုသပေးလျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် မူးယစ်ဆေးစွဲသူ ၂၇၀၀ ကျော်ကို အဆိုပါ ဆေးရုံများက ကုသပေးလျက် ရှိကြောင်း ဒေါက်တာလှဌေးက ပြောသည်။
ထို့အပြင် မူးယစ်ဆေး အစွဲလမ်းကြီး စွဲလမ်းနေသူများကို မက်သာဒုံးဆေးရည် အစားထိုးပေး၍ ကုသပေးနေသူမှာ ၂၉၀၀ ကျော် ရှိသည်။
လုပ်အားပေးအဖွဲ့ဝင် ၆၀၀ ကျော်ရှိသော ကိုစိုင်းအောင်ခမ်းတို့၏ လူငယ့်အားမာန်အဖွဲ့ကလည်း မူးယစ်ဆေးစွဲနေသူများ ဆေးပြတ်ရန်၊ ပြန်လည်ထူထောင်ရန် ကူညီပေးနေသည်။
သို့သော် အနာဂတ်မျိုးဆက်များအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကင်းသော ပတ်ဝန်းကျင်မျိုးဖြစ်အောင် မဖန်တီးနိုင်သေးပါ။ ထိုမျှမက မူးယစ်ဆေးဝါးမျိုးစုံမှာ လူငယ်များအတွက် အလွယ်တကူ လက်လှမ်းမီနိုင်သော အခြေအနေပင် ဖြစ်လာသည်။ ထိုအခြေအနေများက နိုင်ငံ၏ အနာဂတ် ရည်မှန်းချက်များကို ထိခိုက်စေနိုင်ကြောင်း ဖွံ့ဖြိုးရေးပညာရှင်အချို့က ပြောသည်။ မူးယစ်ဆေးစွဲသူ အများအပြားရှိသော နိုင်ငံ၏ အနာဂတ် လူတိုင်းတွေးဆနိုင်သည်။ သို့သော် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အရေးကိစ္စများမှာ “ပြည်သူ့အသံ” ထင်ဟပ်သည်ဆိုသော လွှတ်တော်များတွင်မူ အရေးတယူ ဆွေးနွေးသည်ကို မတွေ့ရသေးပါ။
ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ နယ်မြေမငြိမ်းချမ်းမှု၊ ဈေးသက်သက်သာသာဖြင့် အလွယ်တကူ အသုံးပြုနိုင်မှု၊ လူထုပူးပေါင်းပါဝင်ခြင်း အားနည်းမှု၊ တိုက်ဖျက်ရေးလုပ်ငန်းများ မထိရောက်မှု၊ လာဘ်ပေး လာဘ်ယူမှုစသော အကြောင်းများစွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အဓိကစိန်ခေါ်မှုများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူများက သုံးသပ်သည်။
“မူးယစ်ဆေးဝါးတိုက်ဖျက်ရေးက တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အဖွဲ့အစည်းပေါင်းစုံ စုပေါင်းလုပ်မှ ထိရောက်မှာ” ဟု ဒေါက်တာလှဌေးက အကြံပြုသည်။ ပညာပေးလုပ်ငန်းများကို ယခုထက် ပိုမိုလုပ်ကိုင်ရန် ကျောင်းသင်ခန်းစာများမှာပင် ထည့်သွင်းပညာပေးရန်လည်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူများက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများနှင့် ပတ်သက်သော သတင်းများကို တာဝန်ရှိသူများထံ သတင်းပို့ခြင်းဖြင့် ကူညီစေလိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
“မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖမ်းဆီးအရေးယူမှုတစ်ခုတည်းနဲ့ တားဆီးလို့မရဘူး။ သုံးစွဲသူရဲ့ စိတ်၊ အသိနဲ့ဖြတ်မှရတာ။ ကိုယ့်စိတ်က အဓိကပဲ။ ဖမ်းဆီးရုံနဲ့တင် ဆေးသုံးတာက ပြတ်မသွားနိုင်ဘူး” ဟု လူငယ့်အားမာန်အဖွဲ့ခေါင်းဆောင် ကိုစိုင်းအောင်ခမ်းက ဖြည်းဖြည်းချင်း ပြောသည်။ ထို့ကြောင့် မူးယစ်နွံထဲမှ ရုန်းထွက်ရန် အလျှော့မပေးဘဲ စိတ်ဓာတ်ကြံ့ခိုင်ရန်လိုသည်။
“ကျောင်းသားလူငယ်တွေကြား ပညာပေးတာ ပိုလုပ်ချင်တယ်။ ဒီပြဿနာရဲ့အစက ဆေးလိပ်၊ ကွမ်း၊ အရက်ကစတာ။ ဖြစ်နိုင်ရင် ကလေးတွေ ဆေးလိပ်မသောက်စေချင်ဘူး” ဟု လူငယ့် အားမာန်အဖွဲ့ ဒုခေါင်းဆောင် ကိုလှထွန်းမျိုးက ပူပန်စွာဖြင့် ကျောင်းသားငယ်များကို အကြံပေးသည်။
အသက် ၄၂ နှစ်အရွယ် ကိုလှထွန်းမျိုးမှာလည်း အသက် ၁၄ နှစ်မှာပင် ဆေးခြောက်၊ ဘိန်းဆီ၊ ဖန်စီဒိုင်း သုံးခဲ့ရာမှ ဆယ်စုနှစ်
တစ်ခုကျော်ကြာ မူးယစ်ဆေးစွဲခဲ့သည်။ ဘိန်းဖြူကို သွေးကြောအတွင်း အကြိမ်ပေါင်းများစွာ ထိုးသွင်းကာ ဘိန်းစွဲမှု၏ အမြင့်ဆုံးအဆင့် ရောက်ခဲ့သော်လည်း ထောင်ကျ၊ ပြန်လည်ထူထောင်ရေးစခန်း ရောက်သောအခါတွင် ဘ၀သစ်အတွက် အားအင်များရခဲ့သည်။ ထို့ကြောင့် ကိုစိုင်းအောင်ခမ်းနှင့်အတူ ယခင်က ဘိန်းကို အရူးအမူးစွဲလမ်းခဲ့သော သူတို့
က ယနေ့အခါတွင် မျိုးဆက်သစ်များအတွက် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသည်။ သူတို့အဖွဲ့က ဆယ်နှစ်တာကာလအတွင်း ထောင်နှင့်ချီသော မူးယစ်ဆေးစွဲသူများအား ကူညီနိုင်ခဲ့သည်။ မူးယစ်ဆေး စွဲနေသူများကို ကူညီဆေးဖြတ်ပေးရာမှရသော ပီတိကို သူတို့ အခုစွဲလမ်းနေပြီ။ သို့သော် လွန်ခဲ့သော ၂၇ နှစ်ကို ပြန်တွေးမိလျှင်
ပညာရေးဆုံးခန်းမတိုင်ခဲ့ခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာများ မလေ့လာခဲ့ရဘဲ ကုန်ဆုံးခဲ့သော အချိန်တို့အတွက် သူတို့ နောင်တရနေလေသည်။
“ဘိန်းသုံးခဲ့တဲ့ အချိန်တုန်းကတော့ လောကမှာ အကောင်းဆုံး ဖီးလ်လို့ ပြောခဲ့တယ်။ ဘ၀နဲ့ ချီရင်တော့ ဒါက မကောင်းပါဘူး” ဟု ကိုစိုင်းအောင်ခမ်းက သူ၏ ဒဿနကို တစ်လုံးချင်းပြောသည်။ သူ၏ မျက်ဝန်းအစုံက ဆုံးရှုံးခဲ့သော အရာအားလုံးအတွက် နောင်တနှင့် ၀မ်းနည်းမှုတို့ကြောင့် ညို့မှိုင်းမှိုင်း။ ။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ၍ ဖမ်းဆီးအရေးယူမှုများ
ခုနှစ် မူးယစ်ဆေးဝါးအမှုပေါင်း တရားခံပေါင်း
၂၀၀၈ ၂၄၂၉ ၃၇၇၃
၂၀၀၉ ၂၅၁၉ ၃၈၄၃
၂၀၁၀ ၂၆၃၀ ၄၉၀၅
၂၀၁၁ ၂၆၁၇ ၃၉၉၁
၂၀၁၂ ၄၀၀၆ ၅၇၄၀
ရေးသားသူ- အားမာန်
7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV
No comments:
Post a Comment