Saturday, November 3, 2012

စုပေါင်းပိုင်အဆောက်အအုံ ဥပဒေမူကြမ်းတွင် နိုင်ငံခြားသား များဝယ်ယူခွင့်ပါရှိသော်လည်း ခြောက်ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူခွင့်ရရှိမည်


စုပေါင်းပိုင်အဆောက်အအုံ ဥပဒေမူကြမ်းတွင် နိုင်ငံခြားသား များဝယ်ယူခွင့်ပါရှိသော် လည်း ခြောက်ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူခွင့်ရရှိမည် 
Sunday, 04 November 2012 10:33   
AddThis Social Bookmark Button
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းရန်လိုအပ်နေသည့် စုပေါင်းပိုင်အဆောက်အအုံ ဥပဒေ (Condominium Law) မူကြမ်းရေးဆွဲရာတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့် ပါရှိသော်လည်း ခြောက်ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူပိုင်ဆိုင်ခွင့်ပြုရန် ထည့်သွင်းရေးဆွဲထားကြောင်း ဆောက် လုပ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားခဲ့ပါသည်။ “လက်ရှိရေးဆွဲနေတဲ့ စုပေါင်းပိုင်အဆောက်အအုံ ဥပဒေမူကြမ်းမှာ နိုင်ငံခြားသားတွေအတွက် တိုက်ခန်းပိုင်ရှင်ကနေပြီး သူပိုင်ဆိုင်တဲ့ တိုက်ခန်းတွေကို ၄၀ ရာခိုင်နှုန်းထက် ကျော်လွန်မှု မရှိစေဘဲ ရောင်းချနိုင်မှာဖြစ်ပါတယ်။ ဒီလိုရောင်းချတဲ့ နေရာမှာလည်း ဆဋ္ဌမထပ်နဲ့အထက် တိုက်ခန်းတွေပဲ ဖြစ်ရပါမယ်” ဟု ဦးမင်းထိန်က ပြောပါသည်။
လက်ရှိရေးဆွဲနေသည့် ဥပဒေမူကြမ်းတွင် မြို့ပြဒေသများ၌ တိုးပွားလာသည့် လူဦးရေနှင့်အညီ လုံလောက်သည့် လူနေအိမ်ရာများအတွက် စုပေါင်းပိုင် အဆောက်အအုံများ ပေါ်ထွန်းလာရေး၊ စုပေါင်းပိုင်အဆောက်အအုံ၏ အိမ်ခန်းများအား တရားဝင်ပိုင်ဆိုင်ခွင့်နှင့် လွှဲပြောင်းခွင့် ရရှိစေရေး၊ စုပေါင်းပိုင်အဆောက်အအုံများအား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောက်လုပ်နိုင်ရေး၊ အများပိုင် အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီများ ပေါ်ထွန်းလာရေး၊ နိုင်ငံခြားသားရောင်းချခွင့်နှင့် ဘဏ်များတွင် တရားဝင်ပေါင်နှံနိုင်ရေး၊ အနာဂါတ် မြို့ရွာများတွင် လူနေထိုင်ရန် လျာထားအရန်မြေနှင့် အိမ်ရာ စီမံကိန်းများ ချမှတ်နိုင်ရေး၊ အိမ်ရာဘဏ်နှင့် နှစ်ရှည်အရစ်ကျ ငွေချေခြင်းဖြင့် အိမ်ရာဝယ်ယူသည့် စနစ်ဆိုင်ရာ အိမ်ရာဘဏ္ဍာငွေစနစ်များ ပေါ်ထွန်းလာရေး၊ အပိုင်ရောင်းအိမ်ရာနှင့် အငှားချအိမ်ရာများ ရည်မှန်းချက် ၀င်ငွေရရှိရေး၊ အိမ်ဆောက်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးနှင့် အခြား ဥပဒေတစ်ခုတွင် ပါဝင်သင့်သည့် အချက်များအား အထူးပြုရေးဆွဲထားကြောင်း သိရှိရပါသည်။
“လက်ရှိရေးဆွဲနေတဲ့ စုပေါင်းပိုင်ဥပဒေကို မူကြမ်းအဆင့် ရေးဆွဲပြီးလို့တရားဝင်ထုတ်ပြန်ခွင့် ရပြီ ဆိုတာနဲ့ ပြည်သူတွေကြည့်ရှု ဝေဖန်နိုင်အောင် တရားဝင်ထုတ်ပြန်ပေးပါမယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဥပဒေပညာရှင်တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် ၀န်းကျင်မှ စတင်၍ စုပေါင်းပိုင်အိမ်ရာများ ပေါ်ထွန်းလာခဲ့သော်လည်း ၎င်းအတွက် ခိုင်မာသည့် ဥပဒေ ပြဋ္ဌာန်းထားနိုင်ခြင်း မရှိသဖြင့် အဆောက်အအုံ အရည်အသွေး၊ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ၊ စုပေါင်းပိုင် အဆောက်အအုံအား ပိုင်ဆိုင်သူ၊ ၀ယ်ယူနေထိုင်သူနှင့် ငှားရမ်းနေထိုင်သူများအကြား အငြင်းပွားမှုများနှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြဿနာများ ကွန်ဒို ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း မြေနီကုန်း ဓနလှိုင်ကွန်ဒိုမှ ကွန်ဒိုသာယာရေးဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။
တိုက်ခန်း၊ ကွန်ဒိုဈေးနှုန်းများနှင့် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်မားနေသည့် မြန်မာနိုင်ငံတွင် လက်ရှိရေးဆွဲနေသည့် ဥပဒေအရ နိုင်ငံခြားသားများ ၀ယ်ယူခွင့် ပါဝင်လာသဖြင့် တိုက်ခန်းများနှင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ် ရှိသော်လည်း နိုင်ငံခြားသားများအား ခြောက်ထပ်နှင့်အထက် အဆောက်အအုံကိုသာ ၀ယ်ယူခွင့်ပြု မည် ဆိုသည့် ကန့်သတ်ချက် ပါဝင်လာခြင်းကြောင့်  ဈေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်ခြေ နည်းပါးကြောင်းလည်း သိရှိရပါသည်။
“ကွန်ဒိုအမည်ခံ တိုက်ခန်းတွေရဲ့ဈေးနှုန်းက အနိမ့်ဆုံးကျပ်သိန်း ၄၀၀ ၀န်းကျင်ကနေ ပါဝင်တဲ့ ၀န်ဆောင်မှု၊ အခန်းအကျယ်အ၀န်း၊ မြေနေရာအနေအထား၊ အချက်အခြာ ကျမှုတွေအရ အမြင့်ဆုံး ကျပ်သိန်း ၁၀၀၀၀ လောက်အထိ ပေါက်ဈေးရှိနေတော့ နိုင်ငံခြားသားကို တရားဝင်ဝယ်ယူ ခွင့် ပြုမယ်ဆိုပေမဲ့ ခြောက်ထပ်နဲ့အထက်ပဲ ၀ယ်ခွင့်ပေးမယ်ဆိုတော့ သိသာတဲ့ ဈေးနှုန်းမြင့် တက်မှုတော့ ရှိနိုင်မယ်မထင်ပါဘူး” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။        

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။