Friday, October 19, 2012

မြန်မာ-တရုတ် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်း


မြန်မာ-တရုတ် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်း 

ကျောက်မဲမြို့နယ်အတွင်း ပိုက်လိုင်းစီမံကိန်းလုပ်ဆောင်နေသည်ကို တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)
Myanmar Times, 18 October 2012  —- မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည် နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့သွယ်တန်းမည့် ‘ရွှေ’ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲမှု မှာ မြန်မာနိုင်ငံ၏လက်တွင် ရှိသင့်သော်လည်း မရှိကြောင်းနှင့် စီမံကိန်း ကို ရပ်ဆိုင်းထားကာ ပြန်လည်သုံးသပ်သင့်သည့် အချက် များရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်များက ပြောသည်။

တရုတ်အမျိုးသား လောင်စာဆီ ကော်ပိုရေးရှင်း (China National Petroleum Corporation
CNPC)၊ မြန်မာဓာတ်ငွေ့နှင့် ရေနံလုပ်ငန်း (MOGE)နှင့် ကိုရီးယား၊ အိန္ဒိယကုမ္ပဏီ တို့က ဖက်စပ်
ရင်းနှီးမြှုပ်နှံပြီး (CNPC) က ၅၀ ဒသမ ၉ ရာခိုင်နှုန်းပိုင်ဆိုင်မည့် အဆိုပါစီမံကိန်းမှာ ချို့ယွင်းချက်
များစွာ ရှိနေပြီး အဆိုပါအချက်များကို ဦးစွာ ဖြေရှင်းပြီးမှ စီမံကိန်းဆက်လက် လုပ် ဆောင်ရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များနှင့် ပြည်သူများပါဝင်၍ လက်မှတ်ရေးထိုး တိုက်တွန်းသွားရန်
ရှိကြောင်း စိမ်းရောင်စို activities မှ တာဝန်ရှိသူများက ယခုလ ၈ ရက်နေ့က ပြောသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီပိုက်လိုင်းစီမံကိန်းကို ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းကနေ
တရုတ်-မြန်မာ နယ်စပ် အထိ လေ့လာပြီးပါပြီ။ တခြား အဖွဲ့တွေ က ကျန်တဲ့အပိုင်းကို လေ့လာ
ပါတယ်။ ဒီစီမံကိန်းက ပွင့်လင်းမြင်သာ မှုမရှိဘူး။ လက်တွေ့ အကောင်အထည်မဖော်မီ ပညာရှင်
အဖွဲ့တွေနဲ့ သဘာဝ ပတ်ဝန်း ကျင်အပေါ်၊ လူမှုဘ၀တွေအပေါ် လေ့လာဆန်းစစ်မှုမလုပ်ပါဘူး။
တခြား ချို့ယွင်းချက်တွေနဲ့အတူ အဓိကအချက် က ဒီစီမံကိန်းစီမံခန့်ခွဲမှုဟာ ပိုက်လိုင်း ပိုင်ဆိုင်မှုနဲ့
စီမံခန့်ခွဲမှုက ကိုယ့်နိုင်ငံ၊ ကိုယ့် အမျိုးသားလက်မှာ မရှိတာပါပဲ။ ဒီချို့ ယွင်းချက်တွေကို ပိုက်လိုင်း
လေ့လာမှု အစီရင်ခံစာနဲ့အတူ ပြည်သူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ၂၀ ကျော်နဲ့
ဝိုင်းဝန်းလက်မှတ်ရေး ထိုး ထောက်ပြသွားမှာပါ”ဟု စိမ်းရောင်စို အဖွဲ့(မန္တလေး)ဥက္ကဋ္ဌ ဦးတင်သစ်
က ပြောသည်။

အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုမှာ ယှဉ်တွဲလျက် ကျောက် ဖြူမြို့အနောက်
တောင်ဘက် လေးမိုင် ခန့်အကွာမှစတင်ခါ မြန်မာနိုင်ငံတွင်း အမ်း၊ ငဖဲ၊ စကု၊ မင်းဘူး၊ ရေနံချောင်း၊
ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး၊ တံတားဦး၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ ပုသိမ်ကြီး၊
ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်းမြို့နယ်များကို ဖြတ်သန်းပြီး တရုတ်နယ်စပ်၊
ယူနန်ပြည်နယ် ရွှေလီမြို့သို့ ၀င်ရောက် မည်ဖြစ်သည်။

၎င်းတွင် တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်နေ တောင်သူများ၏ပြောကြားချက်အရ တရုတ်နိုင်ငံ
၌ စီမံကိန်း ကြောင့် မြေယာစွန့်လွှတ်ရသော လယ် သမားတစ်ယောက်မှာ တစ်ဧက အတွက်
အနိမ့်ဆုံးရငွေမှာ ယွမ် ၂၄၀,၀၀၀ (ကျပ် ၃၂၄ သိန်း)ခန့်ဖြစ်ကြောင်း၊ မြေလတ် ဒေသ (တံတားဦး၊
နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း မြို့နယ်များ)နေ တောင်သူများ
ရရှိသော လျော်ကြေးငွေမှာ ယာမြေအတွက် ကျပ် ၃၂ သိန်း၊ လယ်မြေကျပ် ၂၅ သိန်း၊ ပလပ်မြေ
အတွက် ကျပ်သုံးသိန်းသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မူလပိုက်လိုင်း ဖြတ်သန်းရာ နမ့်ခန်းမြို့
နယ် နမ္မတီး ကျေးရွာတွင် စပါးစိုက်မြေတစ်ဧကအတွက် အများဆုံးရရှိသော နှုန်းမှာ ၂၂၂ ဒသမ ၆
သိန်းဖြစ်ကာ ၎င်းပမာဏမှာ ပိုက်လိုင်း ဖြတ်သန်းရာတစ်လျှောက် မြန်မာလယ်သမားများထဲမှ
အမြင့်ဆုံး ရသည့်နှုန်းဖြစ်ကြောင်း ပြောသည်။

“နိုင်ငံအတွက် မဟာဗျူဟာမြောက် တဲ့ စီးပွားရေးစီမံကိန်းတွေကို တခြား လက်ပုံအပ်တာ ရှေ့ရေး
အတွက် စိုးရိမ် စရာပါ။ ပိုက်လိုင်းစီမံကိန်းကနေ တစ် ဖက်နိုင်ငံရရှိမယ့် အကျိုးစီးပွားက ကြီးမားပါ
တယ်။ မြန်မာနိုင်ငံအနေနဲ့ ပိုက် လိုင်းပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ကိုယ့် နိုင်ငံ ကရရှိဖို့ တစ်ဖက်နိုင်ငံ
ကုမ္ပဏီနဲ့ ပြန် လည်ညှိနှိုင်းသင့်ပါတယ်”ဟု ဦးတင် သစ်က ပြောသည်။

အဆိုပါ စီမံကိန်းဧရိယာ တစ်လျောက် သောက်သုံးရေကန်များ၊ ရေသွားရေလာ ချောင်းမြောင်းများ၊
လမ်းများ၊ သဘာဝ ကြိုးဝိုင်း သစ်တောသစ်ပင်များ ပျက်စီး ခြင်းများလည်း တွေ့ရှိကြောင်း ၎င်းက
ပြောသည်။

ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း နှစ်ရပ်ပေါင်းကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ကုန်ကျမည်မှန်း
ပြီး ရေနံပိုက်လိုင်း မှ တစ်နှစ်လျှင်ရေနံစိမ်းတန်ပေါင်း ၁၂ သန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ
မြန်မာကမ်းလွန်တွင်းမှ ထွက်သော သဘာဝဓာတ်ငွေ့ခန့်မှန်း တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလျံ
ပို့နိုင်မည်ဖြစ် ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ပိုက်လိုင်း စီမံကိန်းများအတွက် မြန်မာနှင့် တရုတ် တို့
သဘောတူစာချုပ်ချုပ်ခဲ့ကြပြီး ၎င်းနှစ် အောက်တိုဘာလတွင် ‘မဒေး’ကျွန်း၌ တည်ဆောက်ရေး
စတင်သည့် အထိမ်း အမှတ်အဖြစ် ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်းမှ သတင်းအချက်အလက်အတွက် ပြော ရေးဆိုခွင့်ရှိသူကမူ
စီမံကိန်းကို စီမံခန့် ခန့်ခွဲမှုကိစ္စရပ်များမှာ ရှယ်ယာအဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သော ဘုတ်
အဖွဲ့ကသာဆုံးဖြတ်ကြောင်းပြောသည်။

“ဒီစီမံကိန်းအတွက် CNPC ရဲ့ လုပ်ငန်းခွဲတွေကလည်း စွမ်းအင်ဝန်ကြီး ဌာနနဲ့ MOGE ရဲ့စီမံခန့်ခွဲမှု
အောက်မှာ ပဲ ရှိပါတယ်။ ဘုတ်အဖွဲ့က ဆုံးဖြတ်တဲ့ကိစ္စရပ်တွေကို MOGE က အတည်ပြုပါတယ်၊
ပြောရရင် ဒီစီမံကိန်းဟာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်”ဟု
၎င်းက ပြောသည်။

စီမံကိန်းအတွက် မြေယာလျော်ကြေး ကိစ္စတွင် လျော်ကြေးနှုန်းထားမှာ လက်မှတ်မထိုးမီနှင့်
လျော်ကြေးလက်မခံမီ ကတည်းက မြေယာပိုင်ရှင်က သဘော တူလက်ခံထားသော ကိစ္စရပ်ဖြစ်
ကြောင်း၊ စီမံကိန်းမှာ စီးပွားရေးအကျိုးအမြတ် ကောင်းရနိုင်ကြောင်း၊ စီမံကိန်း မှ လုပ်သား ၈,၀၀၀
ကျော်တွင် မြန်မာ လုပ်သားထက်ဝက်ကျော်ပါဝင်နေကာ လာမည့်နှစ်များတွင် အလုပ်အကိုင်
အခွင့် အလမ်းပိုမို ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ပိုက်လိုင်းဖြတ်သန်းခအတွက် မြန်မာ အစိုးရက နှစ်စဉ်ဒေါ်လာ ၁၃ ဒသမ ၈ သန်းရရှိမည်ဖြစ်ပြီး
ပိုက်လိုင်းအတွင်း ရေနံဖြတ်သန်းခအဖြစ် နှစ်စဉ်ဒေါ်လာ သန်း ၂၀ ရရှိမည်ဖြစ်ကြောင်း၊ အခွန် မှ
ဝင်ငွေလည်း ရရှိမည့်အပြင် နှစ် ၃၀ စီမံကိန်းပြီးနောက် စီမံကိန်းကို မြန်မာအစိုးရက ပိုင်ဆိုင်သွား
မည်ဖြစ်ကြောင်း ဆိုသည်။

ဖြိုးဝေကျော်နှင့် သောမတ်စ်ကင်းန်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။