တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး |
Written by မင်းလွင် (အနကလ) |
Sunday, 07 October 2012 14:05 |
အမှန်တကယ်တော့ဒီလိုခေါင်းစဉ်မျိုးနှင့် စာမရေးချင်ပါဘူး။ ဒီလို အကြောင်းအရာများကို ပြောလည်းမပြောချင်ပါဘူး။ ဒါပေမဲ့ မိမိရှေ့မှာ မြင်တွေ့နေရတော့လည်း မပြောဘဲ မရေးဘဲ မနေနိုင်တော့ရေးမိပါတယ်။ ဒီမိုကရေစီရှင်သန်နေတဲ့ နိုင်ငံတွေမှာ ဒီလို ဆောင်းပါးမျိုးရေးဖို့ထက် ရာဇ၀တ်မှုတွေကို သာဇောင်းပေး ခေါင်းစဉ်တပ်ပြီး ရေးလေ့ရှိကြမှာပါ။ မြန်မာနိုင်ငံကတော့ အသွင်ကူးပြောင်းရေးကာလ၊ ဒီမိုကရေစီဘေဘီလေး တစ်နှစ်ခွဲလောက်အသက်အရွယ်ပဲရှိသေးတာမို့ လိုအပ်ချက်နှင့် ကျင့်ဝတ်တွေက အသားမကျသေးတာအမှန်။ အဲဒီတော့ ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ တွေ့လေ့တွေ့ထရှိ တာက ဥပဒေကြာင်းအရ လက်မခံနိုင်တဲ့ကိစ္စရပ်တွေ ဖြစ်တတ်ကြတယ်။ အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ကာလတွေတုန်းက ဥပဒေမဲ့လုပ်ရပ်တွေရှိခဲ့တယ်။ အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲတွေရဲ့ စိတ်ခံစားမှုနှင့်ဆုံးဖြတ်ခဲ့ကြတယ်။ ဒါတွေကို ဒီဘက်ခေတ်မှာ (မျက်ချက် - အရပ်သားအစိုးရအုပ်ချုပ်သော ဒီကနေ့အခြေအနေကို ဒီဘက်ခေတ်လို့ ပြောခြင်းဖြစ်ပါတယ်) မဖြစ်သင့်တော့ဘူးလို့ ယူဆကြပါတယ်။ 'တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ' မှာ ဒေါ် အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်နှင့် ပေါ်ပေါက်လာတာကိုပဲကြည့်ပါတော့။ ဆိုလိုတာက ဥပဒေမဲ့လုပ်ရပ်တွေ၊ မတည်ငြိမ်မှုတွေ ရှိနေဆဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။ စာရေးသူ ဥပမာတစ်ခုပေးပါ မယ်။ တကယ့်အဖြစ်မှန်ပါ။ တစ်နေ့ (အောက်တိုဘာလ ၂ရက်)က စာရေးသူရုံးကအပြန် ရှစ်မိုင်လမ်းဆုံရောက်တော့ အခြားကားနှစ်စီးယာဉ်တိုက်မှုဖြစ်ပါတယ်။ အလယ်မျဉ်းသေကို ဖြတ်ကွေ့မောင်းဝင်လာတဲ့ကားနှင့် လမ်းကြောမှန်အတိုင်း မောင်းလာတဲ့ကားတို့တိုက်မိခြင်း ဖြစ်ပါတယ်။ ထုံးစံအတိုင်း ယာဉ်တိုက်မှုဖြစ်တော့ ကားနှစ်စီးစလုံး ပလက်ဖောင်းဘေး ကိုယ်စီရပ်ကြတာပေါ့။ အဲဒီမှာ ထူးခြားချက်က အလယ်မျဉ်းသေကို ဖြတ်ကျော်ဝင်ရောက်တဲ့ကားမှ လူအုပ်စုက သုံးပေလောက်ရှည်တဲ့ သံပိုက်လုံးတွေကိုင်ဆောင်ပြီး ဆင်းချ လာတာပဲဖြစ်တယ်။ ယင်းတို့ရဲ့ အဖော်ကားလည်းပါသေးတယ်။ အဖော်ကားပေါ်မှာ အမျိုးသမီးတွေလည်းပါတယ်။ ပြဿနာကို မရှင်းရသေးခင် ဒီလိုလက်နက်တွေ ကိုင်ဆောင်ပြီးဆင်းလာတာကိုက တစ်ခုခုမှားယွင်းနေပါတယ်။ လမ်းသွား လမ်းလာတွေလည်း ၀ိုင်းကြည့်နေကြတာပေါ့။ သံပိုက်လုံးတွေကိုင်ဆောင် လာတဲ့အုပ်စုက တစ်ဖက်ကားက လူနှစ်ယောက်ကို ရိုက်မယ်တကဲကဲ လုပ်နေတာပါ။ သိပ်အံ့သြစရာကောင်းပါတယ်။ ကိုယ်ကလည်းမှားသေး၊ အုပ်စုနှင့် အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်ကို တွေ့နေရတယ်။ အဲဒီအချိန်မှာ ယာဉ်ထိန်းရဲ တစ်ပွင့် ရောက်လာပါတယ်။ ရဲ ရောက်ပေမယ့်လည်း သံပိုက်လုံးကိုင်အုပ်စုတွေက ရိုက်မယ်နှက်မယ် တကဲကဲလုပ်နေတုန်းပါပဲ။ တာဝန်ရှိသူ ရဲရဲ့ရှေ့မှာတောင် ဒီလိုလုပ်ဝံ့တာ ရဲတွေရဲ့ မမြင်ကွယ်ရာမှာဆို မတွေးဝံ့ စရာပါပဲ။ စာရေးသူ စိတ်ထဲထင်လိုက်တာက ဒီလူတွေ မြန်မာနိုင်ငံသားမှဟုတ်ပါရဲ့လား။ ဒီလိုအတင့်ရဲနေနိုင်တာ ဘာအားကိုးများရှိလဲပေါ့လေ။ မှန်းဆကြည့်နေတာပါ။ ဒီလိုပဋိပက္ခဖြစ်နေတဲ့အချိန်မှာ တာဝန်ရှိယာဉ်ထိန်းရဲ ရဲ့အရည်အချင်းဟာ အဓိကဖြစ်ပါတယ်။ အများပြောနေတဲ့ Capacity ပေါ့လေ။ တာဝန်ရှိ ရဲတစ်ယောက်အနေ နှင့် ပြတ်ပြတ်သားသား နှစ်ဖက်စလုံးကို ပြောရမှာပါ။ ရဲ တစ်ယောက်လုံးရှိနေတာတောင် တွန်းလားဆွဲလား လုပ်နေတာကို ရပ်တန့်သွားအောင် ပြတ်ပြတ်သားသား ကိုင်တွယ်ရမှာပါ။ ပြည်သူ့ရဲတွေဟာ သင်တန်းအမျိုးမျိုး စုံလင်အောင်ပေးထားပြီး လေ့ကျင့်ထားကြသူတွေလို့ နားလည်ထားပါတယ်။ ဥပဒေနှင့်ပတ်သက်ပြီးလည်း အကျွမ်းတ၀င်ရှိကြသူတွေလို့ ပြည်သူအများက ယူဆထားကြတာပါ။ လိုရင်ဥပဒေကို ထုတ်သုံး၊ မလိုရင်မျက်စိမှိတ်နေကြသူများ မဟုတ်ဘူးလို့လည်း အကောင်းမြင်ထားကြပါတယ်။ ရာဇ၀တ်မှုဥပဒေတွေမှာပဲဖြစ်ဖြစ်။ အခြားသောဥပဒေတွေမှာပဲဖြစ်ဖြစ် ရှုထောင့်သုံးရပ်ပဲ ရှိပါတယ်။ အဲဒါကတော့ အမှုတစ်ခုမှာ before, action, after ဆိုတဲ့အ ပိုင်းများတွင် ပြုလုပ်သူရဲ့စေတနာ၊ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်ကို စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ ပြည်သူ့ရဲများဟာ action ကိုမဖြစ်အောင် တတ်နိုင်သမျှ တားဆီး ကာကွယ်ထားရမယ့်အပိုင်းက အဓိကတာဝန်ကြီး တစ်ခုဖြစ်ပါတယ်။ ဒီကားတိုက်မှုဖြစ်စဉ်မှာ ဥပဒေကြောင်းအရ တစ်ဖက်အုပ်စုသည် ရည်ရွယ်ချက်ပါနေပြီဆိုတာ ထင်ရှားပါတယ်။ ရန်ပြုလိုသောရည်ရွယ်ချက်နှင့် လူကိုသေစေနိုင်သောလက်နက်ကို ကိုင်ဆောင်ထားသည့်အတွက် တာဝန်ကျယာဉ်ထိန်းရဲသည် ပြတ်ပြတ်သားသားဆုံးဖြတ်၍ ဥပဒေကြောင်းအရ အရေးယူလို့ရနေပြီ ဖြစ်ကြောင်းပြောဆိုသင့်ပါတယ်။ ဒါမှ နောင်တွင်ဒီလိုမျိုး ထစ်ကနဲရှိလက်ပါမယ်ဆိုတဲ့ မင်းမဲ့စရိုက်ဆန်ဆန်စိတ်ဓာတ်ကို ချိုးနှိမ်ရာရောက်မှာဖြစ် ပါတယ်၊ စဉ်းစားကြည့်စေချင်ပါတယ်။ ယာဉ်ထိန်းရဲ၏ တာဝန်မှာလည်း တားဆီးကာကွယ်ရန် ဆုံးဖြတ်နိုင်စွမ်းအပြည့်အ၀ ရှိရပါမယ်။ မဆုံးဖြတ်ရဲလောက်အောင် ဖြစ်မနေသင့်ပါ။ လက်စွဲဥပဒေကို လက်ကိုင်ပြုထားရင် မှားမှာကိုကြောက်စရာမလိုပါ။ ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမှာပါ။ မိမိဆုံးဖြတ်ချက်ကို ဥပဒေက အကာအကွယ်ပေးသွားပါလိမ့်မယ်။ ဥပဒေကြောင်းအရ မဆောင်ရွက်ခဲ့ရင်တော့ ရင်ဆိုင်ဖြေရှင်းရမှာပေါ့လေ။ ဥပဒေသည်သာ အားကိုးစရာပါ။ အထက်အရာရှိတွေက အားကိုးစရာမဟုတ်ဘူးဆိုတာကိုတော့ နည်းနည်းနားလည် သဘောပေါက်ထားသင့်ပါတယ်။ ယခု ပြည်သူ့လွှတ်တော်မှ ရွေးချယ်လိုက်သော ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရပါပြီ။ အချို့သော တရားရုံးများနှင့် ရဲစခန်းများကို လေ့လာနေကြောင်းလည်း ကြားသိဖတ်ကြားရပါတယ်။ ဒီကော်မတီက စုံစမ်းပြီးတွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းကြတော့မယ်။ တကယ့် လက်တွေ့နယ်ပယ်မှာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေတာက အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းအစိုးရအဖွဲ့ကသာ သက်ဆိုင်ရာဌာနတွေကတစ်ဆင့် တိုက်ရိုက်စီမံကွပ်ကဲနေတာဖြစ်တဲ့အတွက် အမှန်တကယ်ပြုပြင်လို့ရတာက ပြည်ထောင်စုအစိုးရသာလျှင် ဖြစ်ပါတယ်။ ကော်မတီအနေနှင့် ''ဒီနယ်မှာတော့ ဒီအမှုမှာတော့ ဒီလိုတွေဖြစ်နေပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရကို မေးခွန်းတွေမေးပြီး မည်သို့ ဆောင်ရွက်သင့်ကြောင်း'' အကြံပြုအဆိုတွေ' တင်သွင်းကြတော့မယ်။ အခြေခံမူဝါဒပြောင်းလဲဖို့က အလှမ်းဝေး နေပါသေးတယ်။ပြည်သူ့လွှတ်တော်ရဲ့ အဓိကတာဝန်က ဥပဒေပြုရေးပဲဖြစ်တော့ ကော်မတီလည်း ဥပဒေပြုရေးတာဝန်ကို ကူညီရမယ်လို့ ထင်ပါတယ်။ စာရေးသူကို ဒီလိုတော့ မေးခွန်းထုတ်နိုင်စရာရှိပါတယ်။ ''ဥပဒေပြုရေးလုပ်လိုက်လို့ ဥပဒေသစ်တစ်ခုထွက်လာရင် အားလုံးကလိုက်နာကြရုံပဲ။ အစိုးရအဖွဲ့လည်း လိုက်နာရမှာပဲ။ ပြည်သူ့ရဲလည်း လိုက်နာရမှာပဲ။ ပြည်သူအားလုံးလည်း လိုက်နာရမှာပဲ။ မလိုက်နာတဲ့သူ ဥပဒေအရ အရေးယူခံရမှာပဲပေါ့'' လို့စောဒက တက်နိုင်ပါတယ်။ မငြင်းပါ။ မှန်ပါတယ်။ နိုင်ငံသားတိုင်း ဥပဒေကိုလေးစားလိုက်နာရမှာပါ။ ဒါပေမဲ့ ဒီကနေ့ကာလမှာလည်း တရားဥပဒေတွေရှိနေတာပါပဲ။ ဒီဥပဒေတွေကို လိုက်နာဖို့တာဝန် ဘယ်လောက်ပျက်ကွက်နေကြသလဲ။ ဒါကို မဖြေရှင်းနိုင်ရင် နောင်ထွက် လာမယ့် ဥပဒေသစ်တွေကိုလည်း လိုက်နာစောင့်ထိန်းဖို့ သိပ်မျှော်လင့်လို့ မရဘူးဆိုတာကို ပြောပြချင်တာပါ။ အထက်ပါယာဉ်တိုက်မှု ဥပမာလေးကိုပဲကြည့်ပါ။ တာဝန်ရှိသူရဲ့ မပြတ်သား၊ မဆုံးဖြတ်ရဲတာကြောင့် ရာဇ၀တ်မှုတစ်ခုဖြစ်ခါနီးဆဲဆဲပါ။ လက်နက်ကိုင်အုပ်စုက စိတ်လျှော့သွားလို့သာ မိမိတို့ သွေးချင်းချင်းနီမှာကို မမြင်တွေ့ရတော့တာပါ။ ဖျန် ဖြေမှုကောင်းလို့တော့ မဟုတ်ပါဘူး။ ရန်ကုန်လို မြို့တော်ကြီးမှာတောင် လူအုပ်စုနှင့်ရမ်းကား၊ အနိုင်ကျင့်ချင်တဲ့ သဘောတဖြည်းဖြည်း အရှိန်ရလာသလိုပါပဲ။ နယ်မှာဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ ဒီအလေ့အကျင့် (Culture) မပြန့်ပွားအောင် တရားဥပဒေနှင့် ထိန်းညှိရမှာပါ။ ကျုံပျော်မြို့နယ် ရှားခဲကျေးရွာမှာဖြစ်တဲ့ လူအုပ်စုနဲ့ သတ်ဖြတ်မှုကို လေ့လာနိုင်ပါတယ်။ ဒီထက် ရှေးကျတဲ့ မြောက်ဥက္ကလာပမှာဖြစ်သွားတဲ့ လူအုပ်စုနဲ့ သတ်ဖြတ်မှုမျိုး အတုယူမိမှာ စိုးရိမ်မိပါတယ်။ တရားဥပဒေ စိုးမိုးရေးရှိမှ တည်ငြိမ်မှုရမှာပါ။ ဒါကခွဲခြားလို့ မရစကောင်းပါ။ တရားဥပဒေစိုးမိုးခြင်းမရှိဘဲ တည်ငြိမ်မှုရဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါကြောင့် နံပါတ်တစ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးဟာ တာဝန်ရှိအာဏာပိုင်အဖွဲ့အစည်းတင်မက ပြည်သူပြည်သားအားလုံးကလည်း လိုက်နာမှသာ ဒီရည်ရွယ်ချက် အောင်မြင်အထမြောက်မှာပါ။ တစ်ဖက်ဖက်က ချို့ယွင်းရင်တော့ တရားဥပဒေစိုးမိုးရေးကို လက်လွှတ်လိုက်ရပြီလို့ဆိုချင်ပါတယ်။ တည်ငြိမ်မှုကနေ မတည်ငြိမ်မှုဆီသို့ ပို့ဆောင်ရောက်ရှိသွားနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ကြရာမှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စောင့်ထိန်းလိုက်နာမှုကလည်း အများကြီးလိုပါတယ်။ ဒီမိုကရေစီကျင့်ဝတ်နှင့်အတူ မိမိနိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေမြင့်မြင့်ထားရတော့မှာ အမှန်ပါ။ ဒါကြောင့် ဒီမို ကရေစီနှင့်ထိုက်တန်သော ပြည်သူများဖြစ်ကြပါစေလို့ စေတနာကောင်းနဲ့ ရေးသားလိုက်ရပါတယ်။ |
No comments:
Post a Comment