'ဒီလိုလေးတွေးကြည့်ရအောင်' |
Written by မင်းလွင်(အနကလ) | |
Sunday, 09 September 2012 11:12 | |
ဒီလိုပါလာတဲ့ ဆောင်းပါး၊ အင်တာဗျူးတွေမှာ သမိုင်းတစ်ခုရဲ့ ဖြစ်ရပ် (event) ကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတဲ့သူရော၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူဖို့၊ ခွင့်လွှတ်သင်ပုန်းချေဖို့၊ အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဖို့ ကြိုးစားရင်း ရေ တိမ်နစ်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ခံစားမှုစသဖြင့် အကြောင်းအရာ ရှုထောင့်မျိုးစုံက ဖော်ပြနေတာတွေကို ဖတ်ရပါတယ်။ တစ်ခုပဲ ဒီလိုလေးတွေးစေချင် ပါတယ်။ အကယ်၍များ အသတ်ခံ ရသူတွေဟာ ပြန်လည်ရှင်သန်လာ ပြီး အခုလို ပြောရေးဆိုခွင့်ရှိမယ်ဆိုရင် သူတို့တွေ ဘာပြောမလဲဆိုတာပါပဲ။ စာရေးသူကတော့ သူတို့ပြောမယ့်စကားနှစ်ခွန်းအပြင် ပိုမရှိလောက်ဘူးလို့ ထင်ပါတယ်။ ပထမတစ်ခွန်းက သူတို့တွေဟာ မတရားနှိပ်စက်မှုကြောင့် ၀န်မခံလိုတဲ့ မဟုတ်တဲ့စွပ်စွဲမှုတွေကို ၀န်ခံခဲ့ရပါတယ်လို့ ပြောမှာ အသေချာဆုံးပါပဲ။ ဒုတိယတစ်ခွန်းကတော့ တရားမျှတမှုမရှိ၊ လူ့အခွင့်အရေးချိုးဖောက်ပြီး အာဏာရှင်စနစ်ကိုမကြိုက်လို့ တော်လှန်ရေးလုပ်မယ်ဆိုသူတွေက ဘာဖြစ်လို့ အာဏာရှင်ဆန်ဆန် တရားမျှတသယောင်ယောင် လီဆယ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက် တာပါလဲဆိုတဲ့ မေးခွန်းပုံစံပြောလိုမယ်ဆိုတာ တစ်ထစ်ချ ယုံကြည်ပါတယ်။ ဖြစ်ရပ်တိုင်းဟာ အကြောင်းတရားဆိုတာ ရှိစမြဲပါ။ ဖြစ်ရပ်တစ်ခုကို စုံစမ်းလေ့လာတယ်ဆိုတာလည်း အကြောင်းတရားကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ အကြောင်းတရားမှန်မှ ဖြစ်ရပ်မှန်ပါတယ်။ အကြောင်းတရားမှားရင် ဖြစ်ရပ်မှားတယ်လို့ ကောက် ချက်ချတတ်ကြပါတယ်။ ဒါကတော့ အငြင်းပွားစရာမရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လဲ အကြောင်းတရားတစ်ခုဟာ မှန်သလား (သို့မဟုတ်) မှားသလားဆိုတာကို ဘယ်လိုပုံစံနဲ့ ဘယ်ပေတံနဲ့ တိုင်းတာကြည့်ပြီး မည်သည့် ဘက်ကနေ ဆုံးဖြတ်ပါသလဲ။ ဒါက အရေးကြီးပါတယ်။ သူ့ဘက်၊ ကိုယ့်ဘက် ယူဆချက်တွေမတူရင် အဓိပ္ပာယ်ဖော်ခြင်းလည်း မတူနိုင်ကြလို့ပါပဲ။ ဒါကြောင့် စာရေးသူကဘက် နှစ်ဖက်ရဲ့အပြင်က တတိယဘက်ကနေ ကောက်ချက်ချပြောလိုခြင်း ဖြစ်ပါတယ်။ တွေ့ရှိချက်က ရှင်းရှင်းလေးပါ။ န၀တ အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနှင့်တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ စစ်အာဏာရှင် စတင်အသက်မ၀င်ခင်တုန်းက အကယ်၍များ ဆန္ဒပြသူတွေအားလုံး ဖမ်းဆီးသတ်ဖြတ်မယ်ဆိုရင် မြန်မာပြည် မြေပုံအတိုင်း အနားစပ်တွေ ထောင်နံရံလို ဘောင်ခတ်ပစ်ရမှာပဲတဲ့။ အဲဒီတုန်းက ထင်မြင်ပြောဆိုချက်တွေပေါ့။ တကယ်တမ်း စစ်အုပ်ချုပ်ရေးဖြစ်လာတော့ တစ်စစီ ဖြိုခွဲတာပါပဲ။ လူ့အခွင့်အရေးတွေ ဆုံးရှုံး၊ မတရားမှုနှင့် အနိုင်ကျင့်မှုတွေကိုသုံး၊ ကာယကံရှင်တင်မက မိသားစုတွေကိုပါ ခြိမ်းခြောက်၊ အာဏာရှင်စနစ်ကို အပီအပြင် အသုံးပြုလာလို့ မခံရပ်နိုင်တဲ့ အဆုံး တောထဲဝင်၊ လက်နက်ကိုင် တိုက်မယ်။ မိမိတို့ရဲ့ဘ၀တွေကို မည်သို့ ဖြစ်မည်မှန်းမသိနိုင်၊ ခန့်မှန်းလို့မရတဲ့ လက်ရှိအခြေအနေကနေ စွန့်လွှတ်ခဲ့ကြသူတွေ ဒုနှင့်ဒေးပါ။ ဒီယုံကြည်ချက် ခံယူချက်တွေနှင့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရယ်လို့ ပေါ်လာပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက အထက်ပါယုံကြည်ချက်နှင့် စွန့်လွှတ်ခဲ့သူတွေဟာ ဒီ ABSDF ရဲ့ ခေါင်းဆောင်ပိုင်းကသူတွေတင်မက အောက်ခြေရဲဘော်တွေလည်း ပါဝင်တယ်ဆိုတာကို သိစေချင်ပါတယ်။ ရဲဘော်တွေမပါဝင်ဘဲနဲ့ ABSDF ကို ဖွဲ့စည်းလို့ မရပါဘူး။ မရနိုင်ပါဘူး။ (EC အယောက် ၂၀ နဲ့ ဖွဲ့လည်း အမည်ခံအဖွဲ့ပဲ ဖြစ်မှာပါ။) အထက်ပါဖော်ပြခဲ့တဲ့ ယုံကြည်ချက်ရှိတဲ့သူတွေဟာ တစ်နေရာတည်းမှာ တစ်ခုတည်းသော မျှော်လင့်ချက်နဲ့ ဆောင်ရွက်လုပ်ကိုင်ခဲ့တာကိုတော့ ငြင်းပယ်လို့ ရမယ်မထင်ပါဘူး။ ဒီလိုဆိုရင် တစ်ဖွဲ့တည်းဝင်၊ တစ်ရေတည်းသောက်၊ တပ်ဖွဲ့ဝင်အချင်းချင်း နားလည်(သို့မဟုတ်) အတွင်းသိ အစင်းသိ ဆိုးတူကောင်းဖက်တွေ မဟုတ်ကြဘူးလား။ ဆိုလိုတာက ဒီလိုအတွင်းသိ အစင်းသိဖြစ်ကြတဲ့ သူအချင်းချင်း စတင်စွပ်စွဲ လာတာဟာ သွေးရိုးသားရိုးမဟုတ်နိုင်တာကို ဖော်ပြနေပါတယ်။ အာဏာရှင်စနစ်ဆိုးကြောင့် ဒီလိုဖြစ်ရတာပါလို့ ကောက်ချက်ချလို့ မရပါဘူး။ စနစ်ဆိုးကို မကြိုက်လို့ တော်လှန်ပါတယ်ဆိုတဲ့သူတွေက စနစ်ကောင်းကိုတော့ သိထားရမှာဖြစ်ပြီး လိုက်နာကျင့်သုံးရမှာ မဟုတ်လား။ မိမိကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်မှန်သမျှ စက်ဆုပ်ရွံရှာလွန်းလို့ စစ်ရေးနဲ့ တိုက်မယ်ဆိုပြီး တောခိုလာတာပါ။ ဘာဖြစ်လို့ သံသယရှိသူတွေကို လူ့အခွင့်အရေး ချိုးဖောက်ပြီး နှိပ်စက်ညှဉ်းပန်းခဲ့ရတာလဲ။ ဒါကတော့ သိသာထင်ရှားတဲ့အချက်မို့ လွတ်မြောက်လာသူများရဲ့ စကားသံတွေကို နားထောင်ရင် သိနိုင်ပါတယ်။ ဒီလို လူ့အခွင့်အရေးကို ချိုးဖောက်ပြီး စစ် ဆေးချက်ယူတာကိုတော့ လက်ခံနိုင်စရာ မရှိပါဘူး။
စာရေးသူဆိုလိုသည်မှာ အမှားအမှန်အတွက်၊ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်းကို ဆိုလိုပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒအရ၊ စိတ်ခံစားမှုအရ လုပ်ဆောင်တယ်ဆိုရင်တော့ ဒါဟာနည်းလမ်းကျရဲ့လား (သို့မဟုတ်) တရားရဲ့လားဆိုတာရဲ့အဖြေ ပါပဲ။ ကောင်းပြီ စစ်ကြောရေးနည်းလမ်းအရ သူလျိုဟု ယူစရာရှိတယ်ဆိုပါတော့(ဒါလည်း အခြေအမြစ်ရှိမှပါ)။ ဒီသူလျိုကို ဘာလုပ်မှာလဲ၊ သတ်မှာလား၊ ဘယ်စည်းမျဉ်းနဲ့ လုပ်မှာလဲ၊ ဘယ်သူတွေရဲ့ ဆုံးဖြတ်အတည်ပြုမှု လိုအပ်နေသေးလဲ၊ စပိုင်တွေ့ရင် သတ်ရမယ်လို့ စည်းမျဉ်းရော ရှိရဲ့လား၊ လက်နက်ကိုင်ပြီး တစ်ဖက်ရန်သူနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ သုံ့ပန်းအဖြစ်နဲ့ အဖမ်းခံရတဲ့သူတွေကိုတောင် ဘယ်လိုထားရှိရမယ်ဆိုတာ နိုင်ငံတကာမှာ အတိအလင်း သတ်မှတ်ထားတာပဲ။ ဒါတောင် သူဦးသူသတ် ကိုယ်ဦးကိုယ်သတ်မယ်ဆိုတဲ့ အသက်ကို ရန်ရှာတဲ့သူတွေနော်။ ဟုတ်ပြီ၊ စပိုင်ဆိုသူတွေကို သတ်ဖို့ တရားဝင် ဆုံးဖြတ်ကြတယ်ဆိုပါတော့၊ တရားခံကိုရော အယူခံဝင်ခွင့် မပေးတော့ဘူးလား ဒါမှမဟုတ် ဖြေရှင်းခွင့်တစ်စုံတစ်ရာ၊ ကြားနာခွင့် တစ်စုံတစ်ရာ မပေးတော့ဘူးလား၊ အဲဒီလိုအခွင့်အရေးတွေ မပေးခဲ့ရင် တော့ စစ်အာဏာရှင်ဆန်တာပဲလို့ ယူဆရမှာပါပဲ။ စစ်အာဏာရှင်ကို မနှစ်သက်လို့ တော်လှန်ကာမှ စစ်အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံခံနေရတာကို ဘယ်သူက ကျေနပ်လက်ခံမှာလဲ၊ ကိုယ်ချင်းစာတရားလေးနဲ့ တွေးကြည့်စေလိုပါတယ်။ လူ့အခွင့်အရေးကို တောင်းဆိုနေသူကိုယ်တိုင် ချိုးဖောက်နေတာကို ဘယ်အပြင်လူက အပြစ်ပြောနိုင်ကြသလဲ၊ ခါးစည်းခံခဲ့ရတဲ့ ကာယကံရှင်တွေကပဲ ပြောနိုင်ကြမှာပေါ့။ ခရေ စေ့တွင်းကျ အကြောင်းမသိကြသူတွေ ကိုတော့ လူ့အခွင့်အရေး၊ တော် လှန်ရေးဆိုတဲ့ ပုံရိပ်နဲ့ ဖုံးလွှမ်းပြီး ထောက်ခံမှုကို ရယူနေကြရတယ်လေ။ ခေါင်းဆောင်တွေက စကားပြောကောင်းကြတော့ တော်ရုံတန်ရုံ ရဲဘော်အတွက် ဟုတ်မှန်သလိုလို ထင်ကြရတယ်။ အမှားကိုအမှန်လို့ ပြောတတ်သူတွေရဲ့အောက်မှာ တစ်ခါတလေ ရဲဘော်တွေဟာ တွေဝေပြီး နေတတ်ကြတယ်။ သူတို့မှ မြင်တွေ့ရတဲ့ အရာတွေ မဟုတ်တာကိုး။ ဘယ်လိုကောက်ချက်ချမှာလဲ။ ခေါင်းဆောင်ပြောတာ ယုံနေလိုက်တာပဲပေါ့။ ဒါကြောင့်မို့ ဒီလိုလေးတွေး ကြည့်ရအောင်။ စနစ်ဆိုးကြောင့် ဒီလိုဖြစ်ခဲ့ရပါတယ်ဆိုရင် ဒီစနစ်ဆိုးရဲ့ ပြုလုပ်ပုံ၊ ပြုလုပ်နည်းကို မိမိရဲ့ အဖွဲ့အစည်းအတွင်းမှာ ဘာဖြစ်လို့ ကျင့်သုံးရတာလဲဆိုတာပါ။ ဒီစနစ်ဆိုးဆိုတာ မရှိရင် ABSDF လည်း ပေါ်စရာအကြောင်း မရှိပါ။ အာဏာရှင်စနစ်ဆိုးကြောင့် တောခိုရပါတယ် ဆိုတဲ့သူက အာဏာရှင်စနစ်ဆိုးရဲ့ အမူအကျင့်၊ အပြုအမူ၊ ဆောင်ရွက်ချက်တွေကို ဘာလို့ လက်ခံကျင့်သုံးနေရတာလဲဆိုတာပါပဲ။ |
Comments
Demystification warranted:
There are a lot of mysteries to be demystified. Both in this matter A B S D F and also inside Myanmar in late 80s, 90s and 00s.
Before that, such meeting and or assembly be postponed.
Or else, there will be collateral damages ( to reputation of others parties/ groups/ people).
Myanmar people need to 'dot the i's and cross the t's'. Carefully, meticulously, unbiased.
Demystify.
Demystify.
စစ်တပ်ကို မုန်းတာထက် အခုလို ဒီမိုကရေစီ လူ့အခွင့်အရေး တွေ အော်ပြီး ဒီလို လုပ်တာကို ပိုမုန်းပါတယ်
ဒီဆောင်းပါးရဲ့ အကြိုက်ဆုံးစာသားပါပဲ...
စစ်အာဏာရှင်ကို မနှစ်သက်လို့ တော်လှန်ကာမှ စစ်အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံခံနေရတာကို ဘယ်သူက ကျေနပ်လက်ခံမှာလဲ၊
ဒုတိယအကြိုက်ဆုံးပါ...
စနစ်ဆိုးကြောင့် ဒီလိုဖြစ်ခဲ့ရပါတယ်ဆိုရင် ဒီစနစ်ဆိုးရဲ့ ပြုလုပ်ပုံ၊ ပြုလုပ်နည်းကို မိမိရဲ့ အဖွဲ့အစည်းအတွင်းမှာ ဘာဖြစ်လို့ ကျင့်သုံးရတာလဲဆိုတာပါ။
တတိယအကြိုက်ဆုံး...